Danote Pagoda repaired by Than Shwe's wife collapse


ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက်မနည်း ဆေးရုံတင်ထားရ

မိုးမခ အထောက်တော်၊ ရန်ကုန်

မေ ၃၀ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓနုတ်ကျေးရွာတွင် တည်ရှိသော ဓနုတ်စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျရာမှ ရေတပ်သား အပါအ၀င် ၅၀ ဦးထက်မနည်း ဆေးရုံတင်ထားရပြီး လူရာဂဏန်းနှင့် ချီဒဏ်ရာရရှိ ကြောင်းကြားသိရသည်။

ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ် ၀န်းကျင်က ရှေးဟောင်းစေတီကို ပြန်လည်ပြင်ဆင်လျက် ရှိသည့် ဓနုတ်စေတီ ပြိုကျရာတွင် လုပ်အားပေး လုပ်ကိုင်နေသည့် ရေတပ်မှ စစ်သားအများအပြား နှင့် နေ့စားအလုပ်သမားများနှင့် ရွှေသံလွင် ကုမ္ပဏီမှ ဆောက်လုပ်ရေး အလုပ်သမားများ ဒဏ်ရာရရှိခဲ့ကြောင်း ဒလမြို့မှ လာသော သတင်းများအရ သိရသည်။

ယခုအချိန်ထိ သိရှိရသည့် အချက်အလက်များအရ ရန်ကုန်ဆေးရုံကြီးတွင် အနည်းဆုံး လူနာ ၃၀ကျော် နှင့် ဒလဆေးရုံတွင် ၂၀ထက်မနည်း တင်ထားရှိသည် ဟုသိရသည်။

ဖြစ်ပွားပုံမှာ ဘုရားထီးတော် အောက်ပိုင်းမှ အုတ်များ စတင်ပြိုကျခဲ့ပြီးနောက် စေတီပေါ်မှ ပြင်ဆင်နေသူများ ဆင်းပြေးခဲ့ကြသည် ဟုသိရသည်။ ထို့နောက် စေတီ ထပ်မံပြိုကျရာတွင် အနီးအနားရှိ လူများကိုပါ ထိခိုက် ဒဏ်ရာရခဲ့ ဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရ ထိခိုက်သူ အများစုမှာ ဦးခေါင်းထိခိုက် ဒဏ်ရာရသည့် လူနာများအနက် ရေတပ်မှ စစ်သားများအား ရန်ကုန်မြို့ရှိ စစ်ဆေးရုံသို့ သယ်ယူခဲ့ပြီး အရပ်သားများမှာ ဒလဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့သို့သယ်ယူ သွားခဲ့ကြောင်း သိရသည်။ ရေတပ် စစ်သားများကို ဦးစားပေး သယ်ယူခဲ့သည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေပြီး၊ သာမန် အရပ်သားများ၊ နှင့် အလုပ်သမားများမှာမူ ညနေပိုင်းမှ ရန်ကုန်မြို့သို့ ပဲ့ထောင်များ၊ ကူးတို့သဘောင်္များဖြင့် သယ်ဆောင်လျက်ရှိသည် ကိုမြင်တွေ့ရသည်။

ဓနုတ်ကျေးရွာမှာ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ၀န်းကျင်အကွာအဝေးတွင် တည်ရှိပြီး၊ ယမန်နှစ် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ကျေးရွာတရွာလည်း ဖြစ်သည်။ ရှေးဟောင်း စေတီ တဆူဖြစ်သည့် ထိုစေတီကို နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများ မပြီးဆုံးမီ လွန်ခဲ့သည့် နှစ်ပတ်ဝန်းကျင်က နအဖ စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က လာရောက် ထီးတင်ခဲ့သည် ဟုသိရသည်။

ကျေးရွာလူထု အနေဖြင့်မူ ဒေါ်ကြိုင်ကြိုင်က ယတြာခြေသည့် အနေဖြင့် လာရောက်ထီးတင်ခဲ့သည့် စေတီပြိုကျသည့် အတွက် နအဖ စစ်အစိုးရအတွက် အတိတ်နိမိတ်မကောင်းဟု ပြောဆိုဝေဘန်လျက်ရှိသည် ကိုလည်းကြားသိရသည်။

(ဓာတ်ပုံ - ဓနုတ်စေတီ။ ၂၀၀၈ မေ။ နာဂစ်မုန်တိုင်းဒဏ်ခံပြီး)

Comments