ဒေါ်အောင်ဆန်းစုကြည်က ယခုတရားရင်ဆိုင်ရခြင်းကို အကောင်းမြင်ကြောင်း စင်္ကာပူသံအမတ်က ပြောကြား
မိုးမခ၊ (ကိုးကား - စင်္ကာပူနိုင်ငံခြားရေးရာ ထုတ်ပြန်ချက်)
မေ ၂၀၊ ၂၀၀၉
ယနေ့နေ့လည်ခင်းက သံတမန်များကို ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေသည့် အင်းစိန်ထောင်အတွင်းသို့ ၀င်ရောက်ခွင့်ပြုခဲ့ပြီး မြန်မာပြည်ရောက်သံတမန်များ၏ ကိုယ်စားလှယ်အဖြစ် စင်္ကာပူသံအမတ်၊ အာဆီယံအသင်းဥက္ကဌအဖြစ် ဆောင်ရွက်နေသူ ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ထိုင်းသံအမတ်နှင့် ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ရုရှားနိုင်ငံကိုယ်စားလှယ်အဖြစ် ရုရှားသံအမတ်တို့ကို အတိုက်အခံခေါင်းဆောင်နှင့် သီးခြား တွေ့ဆုံရန် စစ်အာဏာပိုင်တို့က ခွင့်ပြုခဲ့သည်။
ဒေါ်စုနဲ့ သီးခြားတွေ့ဆုံခွင့်ရသည့် သံတမန် ၃ ဦးအနက် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူနိုင်ငံ သံအမတ်ကြီး ရောဘတ်ချုက ထုတ်ပြန်ပြောကြားရာတွင် - ဒေါ်စုကို အင်းစိန်ထောင်အတွင်းရှိ ဧည့်ရိပ်သာတွင် တွေ့ဆုံခွင့်ရခဲ့ကြောင်း၊ ဒေါ်စုက မိမိတို့အားလုံးကို စစ်အာဏာပိုင်တို့က ကောင်းမွန်စွာ ထားရှိသည်ဟု ပြောကြားကြောင်း၊ ထို့နောက် ဒေါ်စုက ပြောကြားရာတွင် -
ယခုတရားရင်ဆိုင်နေရသည့်အဖြစ်ကို အားလုံးက ဆန္ဒရှိကြမည်ဆိုပါက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းကောင်းများအဖြစ် ရှုမြင်လိုကြောင်း၊ မိမိအိမ် ကျုးကျော်ခံရသည့်အမှုကိစ္စ စစ်အာဏာပိုင်တို့အား ထိခိုက်စေလိုသည့် ဆန္ဒ သူမတွင် မရှိကြောင်း၊ ယခုကဲ့သို့ ကံအကြောင်းမလှသည့် အရေးအခင်းကို အခြေခံပြီး အပြုသဘောဆောင်သည့် အကောင်းဖက်သို့ ဦးတည်ဆောင်ရွက်ကြရန် အချိန်မနှောင်းသေးပါကြောင်း
ထုတ်ဖော်ပြောကြားသည်ဟု ၎င်းက ဆိုပါသည်။
ထို့နောက် မြန်မာပြည်ရောက် သံတမန်များအဖွဲ့၏ ကိုယ်စားလှယ် စင်္ကာပူသံအမတ်ကြီး ချုက ဆက်လက်ပြောကြားရာတွင် - မိမိတို့ သံတမန်များအဖွဲ့အနေဖြင့် မြန်မာပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းသောနည်းဖြင့် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ နှစ်ဖက်သော အင်အားစုများဖြစ်သည့် စစ်အစိုးရ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်အတူတကွ မကြာခဏ တွေ့ဆုံဆွေးလိုပါကြောင်း ပြောကြားလိုက်သည်။
(Photo - Internet)
Comments