Junior Win - Headless Article

ခေါင်းစဉ်မဲ့စာတမ်း

ဂျူနီယာဝင်း

နာဂစ်မုန်တိုင်းနှစ်ပတ်လည် (မေလ ၂-၃ ၂၀၀၈)

အိမ်ထောင်ဦးစီးများတွင် အသက်အရွယ်ကြီးရင့်သူများလည်း ပါသည်။

အဲဒါ မဆန်းပါ။ ထိုအထဲတွင် အသက် ၁၈ ၊ ၂၀ နှစ် အရွယ် ကလေးတွေ ပါသည်။

ဒီအရွယ်ကလေးတွေက အိမ်ထောင်ဦးစီး ဖြစ်နေကြသည်။

သူတို့မိဘတွေ၊ အဖိုးအဖွားတွေ ဘယ်ရောက်ကုန်လို့လဲ ဟု ကျွန်မ မမေးရက်ပါ။

နာဂစ်မုန်တိုင်းကြီးကြောင့် ဒုက္ခသည်များအဖြစ်သို့ ရုတ်တရက်ရောက်သွားကြရှာသော ဧရာဝတီတိုင်းမှ ရွာသာများထံသို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းဖို့ အခွင့်အရေးရခဲ့ဖူးသည်။ မအူပင် ကျိုက်လတ် ဖျာပုံရှိ ဒုက္ခသည်စခန်းများသို့ မိတ်ဆွေအချို့နှင့် လိုက်ပါခွင့်ရခဲ့တုန်းက ကျွန်မစိတ်ကူးနှင့် ကြိုတင်တွေးကာ ကျေနပ်ခဲ့မိသည်။

ထိုခရီးတိုကလေးကို မသွားခင်မှာ လိုအပ်သည်များကို ပြင်ဆင်ရင်း လှူဒါန်းဖို့ဆေးဝါး၊ အ၀တ်အစားများကို စုဆောင်းခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မသွားဖြစ်ခင်တုန်းကတော့ တစ်ဆင့်လှူရသောစိတ်နှင့် မတူတာ သေချာသည်။ ခုတော့ ကျွန်မ၏ ဒစ်ဂျစ်တယ်ကင်မရာလေးဖြင့် ခရီးမှတ်တမ်းတင်ရမည်။ သူများပြောတာ ကြားဖူးရုံသက်သက်သာ ရှိခဲ့တာကြောင့် အခုအခါမှာဖြင့် ကိုယ်တွေ့ကြုံရမည့်အရေး တွေးကာ စိတ်ကူးယဉ် ပျောာ်နေခဲ့မိပါသည်။

မနက်အစောကြီး ထကာ စတင်ထွက်ခဲ့ကြပြီး အချိန်တိုတိုနှင့်ပင် မအူပင်သို့ရောက်ခဲ့ကြပါသည်။ ဒုက္ခသည်စခန်းတွေ စစချင်း ပက်ပင်းတွေ့စဉ်ကပင် ကျွန်မ၏စိတ်ကူးများသည် လေမှ လွင့်စင် ပျောက်ပြက်ခဲ့ရသည်ကို အခုမှပင် စာလုံးများဖြင့် ရေးချဖြစ်ပါတော့သည်။

ဒုက္ခသည်စခန်းများကို ဘုန်းကြီးကျောင်းဝင်း၊ ဘုရားကျောင်းဝင်းနှင့် ခန်းမများတွင် နေရာချထားသည်။ ဟိုင်းကြီးကျွန်း၊ ဘိုကလေး၊ လပွတ္တာ စသော ဒေသများရှိ ကျေးရွာများက ဒုက္ခသည်များကို ၎င်းတို့၏ ရင်ဘတ်တွင် ကပ်ပြားလေးများ ချိတ်ပေးထားသဖြင့် ဘယ်ရွာဘယ်ဒေသဆိုသည်ကိုသိနိုင်ကြသည်။ကလေးများ၊ကိုယ်ဝန်သည်များ စသည်ဖြင့် စုပေါင်းကာနေထိုင်ကြရသည်။အလှူရှင်များကအလျင်လိုလျှင်လော်စပီကာဖြင့်အိမ်ထောင်ဦးစီးများ နေရာလာယူပါ ဟူသော အော်သံကို ဦးစွာ ကြားရပါသည်။

အိမ်ထောင်ဦးစီးများသည် အမျိုးသားတစ်ဘက်၊ အမျိုးသမီးတစ်ဘက်ဖြင့် နေရာယူကာ ခန်းမအလယ်တွင် ထိုင်နေကြရသည်။ ကျွန်မသည် ထိုမြင်ကွင်းကို စတင်မြင်လိုက်ရသည့်အချိန်တွင်ပင် ကျွန်မစိတ်များ လေးလံသွားရပါသည်။

အိမ်ထောင်ဦးစီးများတွင် အသက်အရွယ်ကြီးရင့်သူများလည်း ပါသည်။ အဲဒါ မဆန်းပါ။ ထိုအထဲတွင် အသက် ၁၈ ၊ ၂၀ နှစ် အရွယ် ကလေးတွေ ပါသည်။ ဒီအရွယ်ကလေးတွေက အိမ်ထောင်ဦးစီး ဖြစ်နေကြသည်။ သူတို့မိဘတွေ၊ အဖိုးအဖွားတွေ ဘယ်ရောက်ကုန်လို့လဲ ဟု ကျွန်မ မမေးရက်ပါ။ ကိုယ့်ထက် အသက်အရွယ်ကြီးသူတွေ ကြမ်းပေါ်ထိုင်ကာ စောင့်ဆိုင်းနေကြရသည့်အဖြစ်ကိုလည်း ကျွန်မ မကြည့်ရက်ပါ။ သို့ပေမယ့် အဲဒါလှူဒါန်းမည့်သူတွေအတွက် လက်ထဲ အရောက် လှူဒါန်းဖို့ အဆင်ပြေဆုံးဖြစ်လိမ့်မည်။

ဓါတ်ပုံတွေ ရိုက်လိုက်မဟဲ့ ဟု ဟန်ပြင်ခဲ့သောကျွန်မသည် တကယ်တမ်းကျတော့ သူတို့လေးတွေရှေ့ ဓါတ်ပုံရိုက်ဖို့ အားနာနေခဲ့မိသည်။ ဒုက္ခရောက်နေရသည့်အထဲဓါတ်ပုံအရိုက်ခံနေရ သည့်အဖြစ်ကို ကျွန်မ ကိုယ်ချင်းစာမိကာ ကိုယ့်စိတ်ကြိုက် မရိုက်ဖြစ်ခဲ့သည်ကို အခုမှပင် ၀န်ခံရပါတော့မည်။

နေ့လည်ထမင်းစားချိန်နှင့် တိုးသော ဒုက္ခသည်စခန်းတစ်ခုတွင်တော့ ရွာသူရွာသားများကို အိုးကြီးတစ်ခုထဲ ချက်ထားသော ထမင်းနှင့် ငါးသေတ္တာဟင်းများကို အလှည့်ကျ ပေးဝေနေကြသည်။ ကျွန်မသည် ကျွန်မ၏ ဒစ်ဂျစ်တယ် ကင်မရာလေးကိုပြင်ကာ လူအုပ်နားသို့ တိုးသွားပါသည်။

ကျွန်မကိုမြင်သောသူတို့က ကိုယ်များကိုရို့၍ လမ်းဖယ်ပေးကြပါသည်။ သူတို့လက်ထဲတွင် ပန်းကန်ပြားအလွတ်များ ကိုင်ထားကြသည်။ ထမင်းနှင့် ဟင်းခတ်ပေးတာကို စောင့်နေကြသူတွေပေါ့။ သူတို့လေးတွေက ကျွန်မနှင့်ရွယ်တူတွေ၊ ကျွုန်မအကိုတွေ၊ ကျွန်မမောင် အရွယ်တွေ၊ ညီမအရွယ်တွေ၊ သူတို့လေးတွေက ဒီထမင်း ဒီဟင်းကို အခုလို စောင့်ဆိုင်းကာ အလှည့်ကျ စားသောက်နေရသည့်အဖြစ်ကို ကျွန်မမှာ ဓါတ်ပုံရိုက်ဖို့အရေး လက်နှေးခဲ့ရပြန်ပါသည်။ အမှန်တော့ ကျွန်မ ထိုနေရာမှာ တစ်ပုံပင် သေချာမရခဲ့ပါ။ ချက်ခြင်း ရိုက်ဖြစ်ခဲ့သော တစ်ပုံမှာ ၀ါး သွားပါသည်။ ပြန်ရိုက်ချင်စိတ်လည်း မရှိပါ။ အားနာစိတ်နှင့် တိတ်တိတ်ကလေး နေမိပါသည်။

ထိုခန်းမထဲမှာ အရွယ်စုံ၊ လူစုံ အထုတ်အပိုးများဖြင့် နေရာယူ နားနေကြပါသည်။ ကလေးတွေကတော့ ပျှော်ရွှင်စွာ ကစားနေကြပါသည်။ ကိုယ်ဝန်သည်တွေ မနည်းပါ။ ဆေးရုံမှ မနက်ကမှ ဆင်းလာသည်ဆိုသော အသက် သုံးနှစ်အရွယ် ကလေးပေါက်စနကလေးကို သူ့မိခင် ကိုယ်ဝန်ဆောင်က ထိန်းနေတာကိုလည်း တွေ့ခဲ့ရပါသည်။ ကျွန်မ ခရီးဆောင်အိတ်ထဲမှ အ၀တ်အစားများကို ထုတ်ပေးဖို့ကိုပင် ကျွန်မ ချီတုန်ချတုန် ဖြစ်နေသည်။ သူတို့၏မျက်နှာများမှာ သူတို့ဖာသာ သူတို့ ရပ်တည်နေနိုင်ခဲ့ကြသူတွေမှန်း သိသာလှသည်။ ခပ်အေးအေးပင် သူတို့ဖာသာ ထိုင် နားနေကြဟန်သာ ရှိသည်။ ကျွန်မကို လာစကားပြောသော အမျိုးသမီးကလေးတစ်ချို့နှင့် စကားပြန်ပြောရင်း ထမီတွေ၊ အတွင်းခံတွေပါကြောင်း လိုအပ်က ပေးချင်ကြောင်း စ ပြောမိပါသည်။ ထိုအခါမှ သူတို့လေးတွေမှာ ၀မ်းသာအားရ မျက်နှာများ ပေါ်လာကာ ကျွန်မ၏အလှူလည်း အထမြောက်ခဲ့ရပါသည်။

ထိုနေ့က နေက အလွန် ပူပြင်းလှပါသည်။ ကျွန်မတို့အဖွဲ့သည် ချွေးတစ်လုံးလုံးကြားမှာပင် ဆန်၊ ဆီ၊ ဆားနှင့် အိုးများကို သယ်ကြ၊ ချကြနှင့် ခြေကုန်လက်ပန်းကျသည့်တိုင် မနားခဲ့ကြရပါ။ သူတို့လေးတွေနှင့် မေးမြန်းဖို့၊ စကားပြောဖို့၊ အားပေးစကားပြောဖို့ ဆိုတာ အမှန်တော့ စိတ်ကူးထဲမှာသာ ရှိနေခဲ့သည်။ သူတို့မျက်နှာများ သူတို့ဘ၀များကို အဝေးမှပင် ငေးမောရင်း ကျွန်မ အမောဖြေခဲ့ရသည်ကို အခုမှပင် ရင်ဖွင့်လိုက်မိပါသည်။ တစ်ခါတစ်ရံ ကျွန်မလက်ထဲမှတစ်ဆင့် လှူသော ဆန်၊ ဆီ၊ ဆား၊ ငပိအိုးများကို လက်ခံယူသော အိမ်ထောင်ဦးစီးဦးကြီးတစ်ယောက်က

“ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျန်းမာ ချမ်းသာကြပါစေကွယ်။ လိုရာဆန္ဒ ပြည့်ဝပါစေ သမီးရယ် …” ဟု ရိုရိုသေသေဖြင့် ကျွန်မမျက်နှာကို ပြုံးကာကြည့်၍ သေသေချာချာ ဆုတောင်းပေးနေတာကို ကျွန်မကိုယ်တွေ့ကြုံခဲ့ရစဉ်က ကျွန်မစိတ်မကောင်းစွာဖြင့် နှုတ် ဆွံ့အ ခဲ့ရသည်ကို ကျွန်မ အခုမှ အားမလို အားမရ ဖြစ်နေရပါသည်။

သြော် … အဲဒီလို ကိုယ်တိုင်ကိုယ်ကျ လှူဖို့အရေးမှာ အသဲတော့ တော်တော်မာရပေမည်။ စိတ်မကောင်းဖြစ်ရ၊ မျက်ရည်ဝဲရ၊ ရင်နာရ၊ အားနာရ နှင့်သာဆိုလျှင် ကျွန်မတစ်နေရာတည်းမှာ တစ်နေကုန် ရပြန်လိမ့်မည်။ အလုပ်လည်း တွင်တော့မည် မထင်။

ဖွင့်ထားသော ဒုက္ခသည်စခန်းများသို့ တက်ချည် ဆင်းချည် ကူးချည် သန်းချည် နှင့် ကျွန်မ ရန်ကုန်မှာစီးဖို့ကြောက်ရွံ့ခဲ့သော နောက်ဖွင့်ဘတ်စကားကြီးနောက်မှာ ပစ္စည်းတွေကြားထဲ ခက်ခက်ခဲခဲ ထိုင်စီးခဲ့ရဖူးလေပြီ။ လမ်းကြမ်းရင်ကြမ်းသလို ဆောင့်လိုက် ယိမ်းလိုက်ဖြင့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်ခဲ့ရသော်လည်း ရင်ထဲက စိတ်မကောင်းဖြစ်ရသော ဒဏ်ရာများကား လွယ်လွယ်နှင့် မေ့ပျောက်နိုင်မည်မထင်။

လေယာဉ်ပျံ လိုအမြန်နှူန်းဖြင့် လွင့်ပါးနေသော ကားပေါ်မှာ တခြားလူတွေတော့ မသိ။ ကျွန်မမှာ ဘုရားစာတွေသာ ရွတ်နေမိပါသည်။ အပြန်ခရီးကတော့ ချောင်ချိနေသောကားပေါ်မှာ အိပ်ငိုက်၍သာ နေပါတော့သည်။ မကြာမီ အိမ်မှာ တစ်ဝကြီး ပြန်နားနိုင်ပေမယ့် သူတို့လေးတွေအကြောင်း တွေးရင်း စာနာ နေမိပါတော့သည်။

ခရီးစဉ် တစ်လျောက်မှာတော့ ကျွန်မ အမှတ်ရခဲ့သောဒေသတစ်ခုကတော့ ကျိုက်လတ်က ဘုန်းကြီးကျောင်းကြီးဖြစ်ပါသည်။ “ကျိုက်လတ်မြို့၊ အမှတ် (၁) ရပ်ကွက်၊ သာသနတောင်ပါလ နန္ဒ၀င် ပရိယတ္ထိ စာသင်တိုက်” ဖြစ်ပါသည်။ ကျောင်းထိုင်ဆရာတော်ကြီး၏ ဘွဲ့အမည်မှာ ဆရာတော်ဦးကောသံလ ဖြစ်ပါသည်။ ဆရာတော်သည် ကျိုက်လတ်သားများ၏ အချစ်တော်ဖြစ်ပုံရပါသည်။ ရွာသားများက ဆရာတော့်ဆီ ကျွန်မတို့ကို တပျော်တပါး ခေါ်သွားတာ ကြည့်ပါတော့။

ဆရာတော့်ထံ ရောက်လာကြသော အလှူရှင်များ၏ ပစ္စည်းများကို မဲလိပ်များ လိပ်၍ မုန်တိုင်းခံရွာသူရွာသားများကို မဲနှိုက်ပေးခိုင်းရတာ အလွန်ဝါသနာပါကြောင်း ဆရာတော်က မိန့်ခဲ့ပါသည်။ ကျွန်မသည် လက်ကျန် အိမ်မှထည့်ပေးလိုက်သော တိုက်ပုံအကျီင်္၊ ချည်ပုဆိုးများနှင့် အပေါ်အကျီချည်ထည်လေးများ၊ မုန့်ဘီစကွပ်များ၊ ဆေးဝါးများကို အကုန်အစင် အဲဒီနေ့မှာ လှူပစ်ခဲ့ပြီး ဆရာတော်က စုပေါင်းလှူဒါန်းခဲ့ကြသော ဆန်၊ ဆီ၊ ဆား နှင့် အိုးများကို လက်ခံကာ သာဓုခေါ်ပေးပါသည်။ ကျွန်မတို့ ဘုန်းကြီးကျောင်းအပြင် ရောက်တော့ ရွာသူရွာသားတွေ တပျော်တပါး လာ နှုတ်ဆက်နေကြသည်။ ကလေးတွေလည်း ပါသည်။ သူတို့က အလှူရှင်တွေကို ကျေးဇူးတင် နေကြသည်။ ဘုန်းဘုန်းက မဲလိပ်တွေ နှိုက်ခိုင်းပြီး လှူတာ စသည်ဖြင့် ဆရာတော်က ၀မ်းပမ်းတသာ နှုတ်ဆက်စကားပြောပါသည်။

အပြန်ခရီးမှာတော့ တစ်ကိုယ်လုံး ဖုန်များ ချွေးများ တလူးလူးနှင့် တော်တော် ညစ်ပတ်နေကြချိန်တွင် မိုးကြီး လေကြီးနှင့် တိုးခဲ့ပါသေးသည်။ အပြန်ခရီး မှောင်နှင့်မဲမဲမှာတော့ မျက်စိစင်း အိပ်ငိုက်သည်အထဲ ကျွန်မမှာ ကားပြောင်းစီးရပြန်သည်။ ထိုအထဲ ညနေစာ ထမင်းဘူးက ပါမလာပြန်သောကြောင့် ဗိုက်ဆာတာကို မျိုသိပ်နေခဲ့ရပါသည်။ ကားရပ်ခိုင်းပြီး နောက်ကားမှာ ကျန်ခဲ့သောထမင်းဘူးယူခိုင်းဖို့လည်း ညမှောင်မှောင်မှာ ကြောက်ပြီး မပြာရဲပါ။ ကားရပ်ခိုင်းဖို့လည်း မဖြစ်နိုင်ပါ။

ထိုနေ့ည ဆယ်နာရီခွဲမှာ ကျွန်မ အိမ်ပြန်ရောက်ပါသည်။ မေမေက ညနေစာ အသင့်ပြင်ထားသော်လည်း မစားနိုင်တော့ပါ။ အစာ လွန်သွားပါသည်။ ခေါင်းတစ်ခုလုံး ခဲပြီး မူးနောက်ဝေနေသည့်ကြားမှ မေမေတို့ကို ခရီးစဉ်ကို အတိုချူပ်ဖြင့် ပြောဖြစ်ကြသည်။ ထိုညစ်ညစ်ပတ်ပတ်နှင့်ပင် ကျွန်မ အိပ်ရာဝင် ခဲ့ပါတော့သည်။

နောက်နေ့ ညနေစောင်းမှာတော့ ကျိုက်လတ်မှဆရာတော်ကြီးက ကျွန်မဆီ ဖုန်းဆက်ပါသည်။ ကျွန်မတို့ပေးလှူခဲ့သော ပစ္စည်းများ၏စာရင်း အတိအကျကို အမိန့်ရှိကာ ယခု အားလုံး လှူပြီးကြောင်း၊ ရွာသူရွာသားတွေမှာပျော်လွန်းလို့ မြင်စေချင်လိုက်တာ၊ သာဓုခေါ်စေချင်လို့ ဖုန်းဆက်တာ စသည်ဖြင့် အမိန့်ရှိပါသည်။ ကျွန်မမှတဆင့် အလှူရှင် ဒကာတွေ၊ ဒကာမတွေကိုလည်း ပြောပြပေးပါ။ သာဓုခေါ်ပါ စသည်ဖြင့် တဖွဖွ ပြောပါသည်။ ကျွန်မစိတ်ထဲမှာ တော်တော်လေး ကြည်နူးဝမ်း မြောက်မိပါသည်။ ပေးလှူသူနှင့် လက်ခံသူကြားတွင် ဤမျှလောက် ကြည်နူးစရာကောင်းမှန်း ခံစားမိခြင်းဖြစ်ပါသည်။

ကျွန်မရိုက်ခဲ့သည့် ဓါတ်ပုံများကို တစ်ပုံချင်း ပြန်ကြည့်ရင်း အဲဒီတုန်းက ကျွန်မစိတ်ထဲ ဘယ်လိုခံစားရ၊ အဲဒီအချိန်မှာတော့ ကျွန်မ ဘယ်လိုတွေးနေရ၊ ကျွန်မ မရိုက်ဖြစ်ခဲ့သော ဓါတ်ပုံများကိုပင် ပြန်သတိရ၊ ပြန်မြင်ယောင်ရင်း အတွေးတွေ နယ်ချဲ့နေမိပါသည်။ အဲဒီဒုက္ခတောထဲမှာ အမျိုးသမီးတွေမျက်နှာ သနပ်ခါးမပြက်တာ၊ ကလေးတွေမှာတောင် သနပ်ခါးဘဲကြား လိမ်းထားတာ၊ တော်တော် ချစ်စရာကောင်းသည့် ဓလေ့လေးတွေ တွေ့ခဲ့ရပေသည်။ အမျိုးသမီးငယ်လေးတွေက ထမီပဲ ၀တ်ပါသတဲ့၊ စကပ်တွေ ဘောင်းဘီတွေလည်း မ၀တ်၊ မကြိုက်ကြပါတဲ့။ ကျွန်မ အလွန်ပဲ လေးစားခဲ့သော အကျင့်စရိုက်ကလေးတွေပဲ။

ဟို... နေမကောင်းသည့် ကလေးလေး ဘယ့်နှယ် နေသလဲ မသိ။ မိဘ နှစ်ပါးစလုံး သေဆုံးသွားသည့် ကလေး ပေါက်စန ကလေးရဲ့ မျက်နှာကလေးကို မမေ့နိုင်။ ကစားစရာအရုပ်ကလေးတွေကို ဆော့ကစားရင်း မိဘပျောက်နေရှာတဲ့ ကလေးတွေရော ဘယ်လိုများ နေမလဲ။ ဗိုက်ကြီးသည်တွေ အခုလောက်ဆို မီးဖွားပြီးရောပေါ့။ ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်းမှာ မွေးပြီး၊ ဘယ်လိုများ နေ နေကြမလဲ။ ဟိုင်းကြီးကျွန်း ဘိုကလေးရွာတွေကို ပြန်မယ့် ကောင်မလေးတွေရော သူတို့ရပ်ရွာ ရောက်ကြပြီလား။ ဒါနဲ့ မိဘပျောက်လို့ မျက်ရည်စက်လက်နဲ့ ဒုက္ခသည်စခန်းတွေမှာ လိုက်ရှာနေတဲ့မိန်းကလေးက ရော သူ့မိဘတွေနဲ့ ပြန်တွေ့ပြီလား။ မတွေ့ရင် ဘယ်လိုများ နေရှာမလဲ။ ကျွန်မရင်ထဲက မေးခွန်းပေါင်းများစွာသည် အဖြေမဲ့စွာ ရှိနေဆဲ။

အတွေးအမြင်ဆောင်းပါး - အမှတ် ၂၀၀ အတွေးအမြင် မှ

Comments