စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အမှုကို အမြန်ပြီးလိုဟန်ရှိ
AFP သတင်းဌာန
မေ ၁၉၊ ၂၀၀၉
အမှုစစ်ဆေးသည့် ဒုတိယနေ့တွင် အင်အားပြနေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-getty images)
AFP သတင်းဌာန
မေ ၁၉၊ ၂၀၀၉

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေမှုကို အမြန်ဆုံး အပြီးသတ်လိုပုံရသည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ အင်းစိန်ထောင်အတွင်း တရားရုံးတွင် သက်သေ ၅ ဦးကို စစ်ဆေးခဲ့သည်ဟု သိရသည်။ သက်သေများအနက် ၄ ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်။
တရက်တည်းတွင် သက်သေ အများအပြားကို ခေါ်ယူ စစ်ဆေးခဲ့သောကြောင့် “သူတို့က အမှုကို အမြန်ဆုံး ပြီးပြတ်အောင် ကြိုးစားနေတယ်လို့ ယူဆပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
“ဒီပုံအတိုင်း သွားမယ်ဆိုရင်တော့ ကျနော်တို့ထင်တာက နောက်တပတ်ဆို အမှု ပြီးပြီလို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
စစ်အစိုးရဘက်မှ စုစုပေါင်း သက်သေ ၂၂ ဦး ရှိသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။ တဦးမှအပ ကျန်သက်သေများမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်သည်။
ရှေ့နှစ် ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားလိုသဖြင့် ယခုကဲ့သို့ အမှုဆင်ခြင်းဖြစ်ကြောင်း ဝေဖန်သူများက သုံးသပ်ကြသည်။ ထိန်းသိမ်းခံထားရမှု ၆ နှစ်ပြည့်မည့် ယခုလ ၂၇ ရက်နေ့ မတိုင်မီ ထိုသို့ အမှုဆင်လိုက်ခြင်းဖြစ်မည်ဟု သူတို့က သုံးသပ်သည်။
အင်းစိန်ထောင် အပြင်ဘက်တွင် NLD အဖွဲ့ဝင် ၁၀၀ ၀န်းကျင် သွားရောက် စုဝေးခဲ့ကြသည်။ ထိုအထဲတွင် ဦးဝင်းတင်လည်း ပါဝင်သည်ဟု သိရသည်။
နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆက်လက် တောင်းဆိုလျက်ရှိသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ၏ ဥက္ကဋ္ဌကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

Comments