၂၀၀၉ ခုနှစ် ရန်ကုန်က ပေးစာ (၁)
သူ
၂၁ မေ ၂၀၀၉
“ - - - အဲဒီအချိန်မှာ ကြိုတင် တိုင်ပင်ထားတာ မရှိဘဲ
သံအမတ်တွေနဲ့ သံအရာရှိ အားလုံးက - - - - ”
သူ
၂၁ မေ ၂၀၀၉

သံအမတ်တွေနဲ့ သံအရာရှိ အားလုံးက - - - - ”
သူငယ်ချင်း ဟေမန်သဇင်
ငါ စာရေးလိုက်တယ်။
ငါ့ဆီက စာလာရင် ရန်ကုန်တော့ တစ်ခုခု ဖြစ်နေပြီလို့ နင့်ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားမှာပဲ။ ငါ နင့်ဆီကို စာရေးတဲ့အခါတိုင်း ရန်ကုန်မှာ တစ်ခုခု ဖြစ်နေကျ မဟုတ်လား။
ဒီတစ်ခါတော့ ရန်ကုန်မှာ ဆိုင်ကလုန်း မဝင်ပါဘူး။ မြို့ထဲမှာလည်း သေနတ်ပစ်သံတွေ မကြားရသေးဘူး။ ဒါပေမဲ့ 'ပါရီမီးလောင်ပီလား' (Is Paris Burning?) ဆိုတဲ့ သမိုင်းဝင် စကားလိုပဲ၊ ရန်ကုန်မှာတော့ မီးလောင်နေပြီ ဟေမာန်သဇင်။
မုတ်သုန်အဝင် နောက်ကျလို့ ပူပြင်း တောက်လောင်နေတဲ့ ရာသီအောက်မှာ ငါတို့လမ်းတွေပေါ်မှာ ကစင့်ကလျား သွားလာကြတယ်။ ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေ တပြိုက်ပြိုက်ကျတယ်၊ တချက်တချက် အသက်ရှူ မဝဘူး။ စိတ်တွေ ယောက်ယက်ခတ်တယ်၊ ကမ္ဘာချီအောင် နှေးတဲ့ အင်တာနက်ကို အားမရရင်း ကွန်ပျူတာကို ကိုင်လှုပ်မိတယ်။ အိမ်ထဲမှာ ထိုင်မနေနိုင်ဘူး။ မိုဘိုင်းဖုန်းကို လက်က ရောက်ရောက်သွားတယ်။ ည ည အိပ်မပျော်ဘူး။ အတွေးထဲမှာတော့ တစ်ခုပဲ...။ အန်တီစု...။
ဒီနေ့တွေဟာ နေ့တာ ရှည်လွန်းလှတယ်။ အင်းစိန်ဘက်က ဘာကြားရမလဲလို့ စောင့်မျှော်နေကြတဲ့ ရန်ကုန်သားတွေ အတွက် အလွန် အရှည်လျားဆုံး နေ့တွေပေါ့။ လူတိုင်း ရင်ထဲမှာတော့ လမ်းမတွေပေါ်မှာ ချီတက် ဆန္ဒပြနေကြပြီ။
မနေ့ကတော့ ပထမဆုံး အကြိမ်အဖြစ် တရားရုံးကို နိုင်ငံခြား သံတမန်တွေနဲ့ သတင်းစာ ဆရာတချို့ တက်ရောက်ခွင့် ရကြတယ်။ နင် ကြားပြီးသားပါ။ ဒါပေမဲ့ စိတ်လှုပ်ရှားစရာလေး တစ်ခု ကြားလို့ နင့်ကို ဝေမျှချင်တယ်။ မနေ့က တရားရုံးမှာ တက်ရောက်ခွင့်ရတဲ့ သတင်းစာဆရာတစ်ဦးက ငါ့ရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတစ်ဦး ဆိုပါတော့။ သူ ငါ့ကို ပြောပြတာတွေက အများကြီးပါ။ အန်တီစု ရုပ်ရော စိတ်ပါ ကျန်းမာပုံ ရကြောင်း၊ အေးဆေး တည်ငြိမ်နေကြောင်း၊ ရေကူးသမား ယက်တောကတော့ စိတ် ယောက်ယက်ခတ်နေပုံ ရကြောင်း၊ တရားရုံးမှာ စောင့်နေတဲ့ လုံခြုံရေးတွေပါ အချိန်ပြည့် အန်တီစု မျက်နှာကိုပဲ ငေးကြည့်နေကြကြောင်း စသဖြင့်ပေါ့။
ကျန်တာတွေကတော့ သတင်းတွေမှာ ပါပြီးသားမို့ ငါ ထပ်မပြောပြတော့ပါဘူး။ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းလေး တစ်ခုကို သူပြန်ပြောပြလို့ ငါ နင့်ကို ဝေမျှမလို့ပါ။
တရားရုံးထဲမှာ အယောက် ၃ဝ လောက် ရှိတဲ့ သံရုံးအသီးသီးက အကြီးအကဲတွေနဲ့ သတင်းစာဆရာ တချို့ ထိုင်နေကြတယ်။ ခဏနေတော့ ကားသံ ကြားရလို့ အန်တီစုလာပြီလို့ ငါ့မိတ်ဆွေက တွေးမိလိုက် သတဲ့။ တကယ်ဘဲ အန်တီစုက နီညိုရောင်ဝတ်စုံနဲ့ ရင်ကိုကော့ပြီး တရားရုံးထဲကို လျှောက်လာသတဲ့။ အဲဒီအချိန်မှာ ကြိုတင် တိုင်ပင်ထားတာ မရှိဘဲ သံအမတ်တွေနဲ့ သံအရာရှိ အားလုံးက ပြိုင်တူ မတ်တပ် ထရပ်လိုက်ကြတယ်။ အန်တီစုက သံတမန်တွေ ရုံးထဲမှာ ထိုင်ရတာကို သတိ မထားမိဘဲ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ဆီကို လျှောက်သွားပြီး စကားတွေ ပြောနေတယ်။ အန်တီစုကလည်း မထိုင်ဘူး။ မတ်တပ်ရပ်ပြီး ဦးဉာဏ်ဝင်းတို့နဲ့ ပြောနေတယ်။ အယောက် ၃ဝ လောက် ရှိတဲ့ သံရုံး အကြီး အကဲတွေကလည်း အန်တီစု မထိုင်မချင်း မထိုင်ကြဘူး။ မတ်တပ်ရပ်ပြီး သူတို့ရဲ့ လေးစားမှုကို ပြကြတယ်။ ၁ဝမိနစ်လောက် ကြာသွားတယ်။ အန်တီစုကလည်း သတိမထားမိဘဲ စကား ပြောနေတယ်။ သံအရာရှိတွေကလည်း တိတ်ဆိတ်စွာ မတ်တပ် ရပ်နေကြတယ်။ ရဲ တစ်ယောက်ကတော့ သံတမန်တွေကို လက်ဟန် ခြေဟန်နဲ့ ထိုင်ပါလို့ ပြတယ်။ ဒါပေမယ့် သူတို့ မထိုင်ကြဘူး။
၁ဝ မိနစ်လောက် နေပြီး အန်တီစု သူ့နေရာမှာ ထိုင်ချလိုက်မှ သံတမန်တွေ အားလုံးလည်း သူတို့ခုံမှာ ထိုင်ကြသတဲ့။
ငါ့ကို ပြန်ပြောပြတဲ့ သူငယ်ချင်း သတင်းစာဆရာဟာ စိတ် လှုပ်ရှားလွန်းလို့ အသံတွေတောင် လှုတ်ခတ်နေတယ်။ သံတမန်တွေရဲ့  မျက်လုံးမှာ အန်တီစုကို ဘယ်လောက် လေးစားကြတယ် ဆိုတာ သူ ခံစားရသတဲ့။
သူပြန်ပြောပြတာကို နားထောင်နေတဲ့ ငါ့မိတ်ဆွေ တစ်ဦးက ဝင်မှတ်ချက်ချတယ်။ ''နိုင်ငံတကာက သူ့ကို ဒီနိုင်ငံရဲ့  အမျိုးသား ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုပြီးသားဗျ'' တဲ့။
သူငယ်ချင်းဟေမန်-
အခုတလောတော့ နင့်ဆီကို ငါ စာဆက်ရေးဖြစ်နေမလားပဲ။ မြန်မာပြည် အလယ်ပိုင်းကို ငါ ခရီးသွားဖြစ်တဲ့ အကြောင်းလည်း နင့်ကို ပြောပြချင်တယ်။ ဓာတ်ပုံတွေလည်း နင့်ကို ပြစရာရှိတယ်။ စာရေးတဲ့အခါလည်း စိတ်ညစ်စရာတွေချည်း ဖြစ်မနေအောင် ငါ ကြိုးစားရေးပါ့မယ်။ နင် ဖတ်မယ် မဟုတ်လား။
နင့် ကျန်းမာရေးအတွက် SF ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်ဦးနော်။ နင့် အမျိုးသား ဘုကန့်လန့်ကြီးနဲ့ သမီးလေးကိုလည်း သတိရကြောင်း ပြောလိုက်ပါဦး။
နင့်သူငယ်ချင်း
သူ
ရန်ကုန်

Comments