Naing Lin Aung - Blog a Next Medium for Burmese


ဘလော့ (blog) သို့မဟုတ် မီဒီယံသစ်

နိုင်လင်းအောင်

မေ ၁၁၊ ၂၀၀၉

လွန်ခဲ့သည့် ၃နှစ် ၀န်းကျင်က မြန်မာနိုင်ငံတွင် `ဘလော့´ ဟုဆိုလိုက်လျင် မီဒီယာနယ်ပယ်မှသူများ ကိုယ်တိုင်ပင် `ဘလော့´ ဆိုတာ သတင်းလား၊ မှတ်တမ်းလား၊ သုံးသပ်ချက် အမြင်လား၊ ဘယ်သူတွေက ရေးတာလဲ စသဖြင့် ဝေေ၀၀ါးဝါး ရှိနေခဲ့ကြသည်။

ထို့နောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် လူငယ် ဘလော့ရေးသူများ (ဘလော့ဂါ) က စုပေါင်းပြီး ဘလော့နှင့် ပတ်သက်သည့် ဟောပြောပွဲများ၊ ဘလော့ဂါနေ့ စသည်ဖြင့် လုပ်ဆောင်ကြသည့် အခါ ဘလော့ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း ရေးရေးသိလာကြသည်။

အဆိုပါ မြန်မာ ဘာသာဘလော့များကို မိတ်ဆက်ပေးခဲ့သည့် လူငယ်များကပင် မြန်မာဘာသာ ဘလော့ တခုကိုရေးဖို့ ဘာတွေသိထားသင့် သလဲ၊ ကိုယ်ပိုင် ဘလော့တခု ဘယ်လိုလုပ်မလဲ စသည့် နည်းပညာ ဆိုင်ရာအချက်အလက်များ ကိုလည်း သူတို့၏ ဘလော့ဆိုက်များတွင် တင်ထားကြ၊ အကူအညီ တောင်းဆိုလာသူများကိုလည်း စေတနာဖြင့် ဘလော့ဆိုက် ဖန်တီးပေးကြနှင့် တဖြည်းဖြည်း ဘလော့ယဉ်ကျေးမှု မြန်မာနိုင်ငံတွင် စတင်လာသည်ဟု ဆိုရမည် ထင်သည်။

ဘလော့နှင့် ရွှေဝါရောင် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု

မြန်မာနိုင်ငံ အတွင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဘလော့ရေးကြဖို့ ဖတ်ကြဖို့ အရှိန်အဟုန်ဖြင့် လှုံ့ဆော်လိုက်သည့် အဖြစ်အပျက်ကတော့ ၂၀၀၇ စက်တင်ဘာ `ရွှေဝါရောင် တော်လှန်ရေး´ တနည်းအားဖြင့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုပင် ဖြစ်သည်။

ထိုစဉ်က မြန်မာတယ်လီပို့တ် နှင့် အမ်ပီတီဟု ခေါ်ဆိုသည့် မြန်မာ့ဆက်သွယ်ရေး အင်တာနက်တို့ကလည်း ဂူဂဲလ်၏ ဘလော့ ၀က်ဆိုက်ဖြစ်သည့် ဘလော့စပေါ့ (www.blogspot.com ) ကိုပိတ်မထားသေး သဖြင့် လွယ်လွယ်ကူကူပင် ၀င်ကြည့်ဖွင့်နိုင်ခဲ့ကြသည်။

ရွှေဝါရောင် တော်လှန်ရေး မဖြစ်ပွားမီ မြို့တော်ခန်းမရှေ့ ဆန္ဒပြတာ၊ လှည်းတန်း၊ ရွှေဂုံတိုင် ရေတာရှည်လမ်းထိပ် စသည့် လမ်းလျှောက်ပွဲများ မဖြစ်မီ ကြိုတင် သတင်းဖြန့်ဝေခြင်းများ ကိုဘလော့မှ တဆင့် ဖြန့်ဝေခဲ့ကြသည်။ တဖန် ဖြစ်ပွားပြီးနောက် မှတ်တမ်းဓါတ်ပုံများကို ဘလော့ဆိုက်များတွင် လွှင့်တင်ဖေါ်ပြခဲ့ကြ သဖြင့် ထိုအဖြစ်အပျက်များကို စိတ်ဝင်စားသူတိုင်း ဘလော့ကြည့်ရမှန်း သိရှိလာကြသည်။

ရန်ကုန်မြို့၏ အင်တာနက်ဆိုင်များတွင် အင်တာနက်၊ အိုင်တီ နည်းပညာတို့နှင့် မနီးစပ်သည့် အသက် ၄၀၊ ၅၀ အရွယ်လူများပင် ကွန်ပျူတာ ကျွမ်းကျင်စွာ မသုံးတတ်သော်လည်း မြန်မာ အွန်လိုင်းသတင်းနှင့် ဘလော့ဆိုက်များကို ရှာဖွေကြည့်ရှု နေကြသည်ကို တွေ့ရသည်။ မရှာတတ်သည့် အခါ ဘေးခုံက ကွန်ပျူတာသုံးသူက ဘာကြည့်နေသလဲ အဲဒီလိပ်စာတွေကို ဘယ်လိုကြည့်ရ သလဲဟု မေးမြန်းပြီး သတင်းနှင့် ဘလော့များဖတ်ကြသည်။

သံဃာတော်များ စတင်မေတ္တာပို့ စီတန်းလမ်းလျှောက်မှု စတင်ပြီးနောက်ပိုင်း ရက်များတွင်တော့ ဘလော့ဆိုက်အသစ်များ ပေါ်တွက်လာခဲ့ပြီး နာရီပိုင်းအလိုက် နေ့အလိုက် ရန်ကုန်၊ စစ်တွေ၊ တောင်ကုတ် အဖြစ်အပျက်များ၊ ဓါတ်ပုံများကို ဘလော့ဆိုက်များပေါ်သို့ အင်နှင့် အားနှင့် တင်ပေးခဲ့ကြသည်။ ပြည်ပ အခြေစိုက် မြန်မာသတင်း မီဒီယာများကပါ ဘလော့ ဆိုက်များမှ သတင်းဓါတ်ပုံများ၊ အချက်အလက်များကို ကိုးကားဖေါ်ပြခဲ့ကြသည်။

ထိုအဖြစ်အပျက်က မြန်မာဘာသာ ဘလော့ဆိုက် အရေအတွက် တရှိန်ထိုးများပြားလာအောင် ဆောင်ကြဉ်းပေး လိုက်သလို ဖြစ်ခဲ့သလို ဘလော့ဆိုတာ ဘာလဲဟု သဲသဲကွဲကွဲ မသိသေးသူများလည်း ဘလော့အကြောင်း သိရှိလာခဲ့ကြသည်။ ပြည်ပ သတင်းမီဒီယာများ တွင်လည်း စက်တင်ဘာတော်လှန်ရေး ကိုကမ္ဘာသိအောင် ပြောပြသူများ၏ အပိုင်းတွင် မြန်မာဘလော့များ သည်အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်ကို သတင်းနှင့် သတင်းဆောင်းပါးများ ဖေါ်ြုပခဲ့ကြသည် ကိုဖတ်ရှုခဲ့ရ၏။

စက်တင်ဘာ လှုပ်ရှားမှု နောက်မကြာမီ လပိုင်းအတွင်းတွင် မြန်မာနိုင်ငံ အောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် နာဂစ် မုန်တိုင်းကလည်း ဘလော့ ယဉ်ကျေးမှုကို ထပ်မံအရှိန်ရစေခဲ့သည်။ နာဂစ်ဒုက္ခသည်များ ကူညီသည့် လှုပ်ရှားမှုများ၊ ကူညီရန် နှိုးဆော်သည့် စာများ ရုပ်ပုံများကို ဘလော့ဆိုက်များတွင် ဖေါ်ပြကာ အများသိရှိအောင် လုပ်ဆောင်ခဲ့ကြ သဖြင့် မြန်မာဘာသာ ဘလော့များ ပိုမိုများပြားလာခဲ့ ပြန်သည်။

ထိုအဖြစ်အပျက် ဖြစ်ပျက်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာမှ ရေတွက်လျင် တနှစ်ခွဲသာသာမျှသာ ရှိလိမ့်မည်။ ထိုသို့သော အချိန်တိုကာလအတွင်း မြန်မာဘာသာ ဖြင့်ရေးသားသည့် ဘလော့လိပ်စာပေါင်း ထောင်ဂဏန်းနှင့် ချီရှိလာပြီ ဖြစ်သည်ကို တွေ့ရသည်။

စာပေ၊ ရသ ဘလော့ရေးသူ၊ ကိုယ့်ခံစားချက်များကို ရေးသူ၊ သမိုင်းနှင့် သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများကို ရှာဖွေစုစည်း ဖေါ်ပြသူ၊ ဘာသာရေး အကြောင်းအရာများ စုစည်းဖေါ်ပြသူ၊ အိုင်တီ နည်းပညာများ မြန်မာပြန် ဖေါ်ပြသူ၊ မြန်မာ လုံးချင်းဝတ္တုများ စုစည်းထားသည့် ဘလော့၊ နိုင်ငံရေး အယူအဆ တင်ပြသည့် ဘလော့နှင့် နေ့စဉ် ၊ အပတ်စဉ် သတင်းများ စုစည်းဖေါ်ပြသည့် ဘလော့ စသဖြင့် မြန်မာဘာသာ ဘလော့ အမျိုးအစားစုံလင်လာ သည်ကိုတွေ့ရသည်။

ဘလော့ရဲ့ အကျိုးကျေးဇူးနှင့် အပြစ်

ယေဘုယျ အားဖြင့် ဆိုရလျင် ဘလော့ ယဉ်ကျေးမှု ထွန်းကားလာခြင်းသည် စာပိုဖတ်လာခြင်းနှင့် စာရေးဖြစ်လာစေသည့် အကျိုးကျေးများ ရရှိသည်ကို တွေ့ရှိရသည်။ နကိုက စာမရေးသားဖူး သူများလည်း မိမိ၏ အမြင်၊ ခံစားချက်၊ သတင်းတပုဒ်၊ ရသစာတပုဒ်အပေါ် ထင်မြင်သုံးသပ်ချက်တို့ကို အများဖတ်ဖို့ ပထမဆုံးအကြိမ် အဖြစ် ရေးသားဖြစ်လာကြသည်။ မိမိရေးသားသည်များကို အခြားသူများအား ဝေငှခံစားစေ၊ သိစေပြီး စာဖတ်သူများက ပြန်လည်တုံ့ပြန်ရေးသား ကြသည်အတွက်လည်း မိမိရေးသားရာတွင် တင်ပြရာတွင် လိုအပ်နေသည် တို့ကိုလက်တွေ့လုပ်ရာမှ နားလည်လာပြီ်း တဖြည်းဖြည်း ကျွမ်းကျင် လာကြသည်။

မိုင်ပေါင်းများစွာ ကွာဝေးသည့် နေရာဒေသတွေမှ တယောက်နှင့် တယောက် ဘလော့ပေါ်တွင် ဆုံကြ အမြင်ဖလှယ်ကြ၊ အတွေ့အကြုံဖလှယ်ကြ၊ ခံစားချက် ဖလှယ်ကြနှင့် အင်တာနက်နှင့် မီဒီယာအသစ်၏ အကျိုးကျေးဇူးဖြင့် ဆုံတွေ့ပြောဆိုကြသည့် နေရာတခုဖြစ်လာသည်။

အချို့လည်း ဘလော့ရေးကြရာမှ တဆင့်တက်ကာ သတင်းမီဒီယာများ မဂ္ဂဇင်းများ စာစောင်များတွင်ပါ စတင်ခြေချ ရေးသားလာကြသည်။ သုံးသပ်ချက် အမြင်ကဏ္ဍလိုမျိုး၊ ဆောင်းပါးလိုမျိုး ရေးသားလာကြသည်။

ဘလော့၏ အနှုတ်လက္ခဏာဟု ဆိုလျင် ဘလော့ဆိုက် တခုကို ကိုယ်တိုင် ဖန်တီးရေးသားသူ ကိုယ်တိုင်သော်လည်းကောင်း ဘလော့ရေးသူအား ဘလော့နှင့် ပတ်သက်ပြီး ဝေဘန် ပြောဆိုဖို့ ခွင့်ပြုထားသည့် စီဘောက်စ် ဟုခေါ်သည့် ကွန့်မင့်စ်ဘောက်စ် (comment box) တွင်မလိုလျင် မလိုသလို ဆဲဆိုခြင်းများ၊ ရိုင်းစိုင်းစွာ ရေးသားခြင်းများ ပေါ်ထွက်လာသည်။ ဘလော့ဆိုက်သည် နေရပ်လိပ်စာ အတည်တကျ သော်လည်းကောင်း၊ မည်သူမည်ဝါ ဆိုသည့် ဖေါ်ပြရန် သတ်မှတ်ချက်မရှိသည့် အတွက်လည်းကောင်း တာဝန်ယူစရာ မလိုသည့် မီဒီယာ တခုလို ဖြစ်နေသည်။

ထို့ကြောင့် အချို့သော ဘလော့ပိုင်ရှင်များမှာ သူတို့၏ စီဘောက်စ်ကို ပိတ်ထားရသည်လည်း ရှိလာသည်။ အမည်မဖေါိပဲ ပေးပို့သော ဘလက်မေးလ် ဆန်ဆန် ပြောဆိုရေးသားမှုများ ပေါ်ထွက်လာသည်မှာ မြန်မာ ဘလော့ယဉ်ကျေးမှုအတွက် စိတ်မကောင်း စရာပင်ဖြစ်သော်လည်း ဘလော့ယဉ်ကျေးမှု တခုလုံးကို ထိုအချက် တချက်ထည်းဖြင့် တန်ဖိုးမဖြတ်သင့်ဟု ယူဆမိပါသည်။

ဘလော့သည် မီဒီယာ အသစ်တခုဖြစ်သလို လူတိုင်းနှင့် သက်ဆိုင်ပြီး လူတိုင်းလည်း ၀င်ရောက်ပါဝင်နိုင်သည့် အသက်ဝင်သည့် မီဒီယာ တခုဖြစ်လာသည်မှာ ခေတ်ပေါ် သတင်းနည်းပညာ၏ အကျိုးကျေးဇူး ဟုဆိုနိုင်ပါသည်။

ဘလော့၏ အနာဂတ်

ဘလော့ တခုရေးရန် အတွက်ဘာလိုသနည်း ဟုဆိုလျင် အင်တာနက် ဆက်သွယ်မှုနှင့် စိတ်ကူး၊ ခံစားချက် အမြင်တို့သာ လိုသည်ဟုဖြေရမည် ထင်သည်။ ယနေ့ ကာလတွင် အင်တာနက် ပေါ်တွင် အခမဲ့နေရာ တနေရာရဖို့မှာ ခက်ခဲသည့် အရာတခု မဟုတ်တော့ပေ။ ငွေတကျပ် တပြားမှ ပေးစရာမလိုပဲ Google, Wordpress စသည့် အင်တာနက် ပေါ်တယ်ကြီး များပေါ်တွင် လုံခြုံရေး စိတ်ချရသည့် ဘလော့ အမည်တခုကို မည်သူမဆို မိနစ်ပိုင်း အတွင်း ရယူနိုင်သည်။

ဓါတ်ပုံဆရာလို၊ စာရေးဆရာလို၊ သတင်းထောက်လို ကျွမ်းကျင်မှုဖြင့် အသက်မွေးသူများ အနေဖြင့်လည်း မိမိတို့၏ အလုပ်များ၊ လက်ရာများကို ဘလော့ပေါ်တွင် စုစည်းတင်ထားလေ့ ရှိသည်ကို တွေ့ရသည်။

ဘလော့သည် နယ်ပယ်အသီးသီးမှ ၀ါသနာရှင်များ၊ ကျွမ်းကျင်သူများ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာရေး ဖြန့်ဝေသူများ အတွက် နယ်ပယ်ကြီးတခု ဖြစ်နေဦးမှာ ဖြစ်သလို ဘလော့ရေးသူများ အများ၏ အခွင့်အရေး သာမက စာဖတ်သူများ၏ အခွင့်အရေး တို့ကိုလည်း လေးစားနားလည်မှု ရှိလျင် ဘလော့သည် လူ့လောက အတွက် အလွန်အကျိုးရှိမည့် အရာတခု ဖြစ်မည်မှာ အမှန်ပင်။

ခေတ်ပေါ် အိုင်တီနည်းပညာများကြောင့် လူများ၏ နေထိုင်မှု လုပ်ကိုင်မှု ပုံစံပြောင်း၊ ထိုသို့ပြောင်းလဲသည့် ပုံစံက သမရိုးကျ သတင်းမီဒီယာ လောက၏ ပုံသဏ္ဍန်များကို ပြောင်းလဲလျက် ရှိသည်ကို တွေ့မြင်နေရသည်။

တဖြည်းဖြည်း ကျုံ့လာနေသည့် ပုံနှိပ် သတင်းစာ၏ နေရာတွင် အင်တာနက် မီဒီယာက အစားထိုး နေရာယူလာနေသည်။

အခပေး သတင်းမီဒီယာ နေရာတွင် အခမဲ့ အွန်လိုင်း သတင်းစာများက အစားထိုး နေရာယူလာနေသည့် သဘောဖြစ်သည်။

အလားတူပင် သတင်းမီဒီယာများကို သတင်းကျွမ်းကျင်သူ၊ သတင်းဖြင့် အသက်မွေးသူများကသာ ရေးသား ဖေါ်ပြနေကြခဲ့ရာမှ ယခုအခါ နားဆင်သူ၊ အဖြစ်အပျက်ထဲတွင် ကိုယ်တိုင် ရှိနေသူတို့ကပါ ပါဝင် ဖြည့်ဆည်း လာနေကြသည်။

အလားတူပင် ဘလော့သည်လည်း သတင်းမီဒီယာသစ်၊ ရသ စာမျက်နှာသစ်၊ လူအချင်းချင်း ဆက်သွယ်မှု မီဒီယံ (medium)အသစ် တခုဖြစ်လာနေသည်မှာ ဧကန်ပင်။

Comments