NLD party strongly condemn the Burmese military


အင်န်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်အရေး စစ်အစိုးရအား ပြင်းထန်စွာ ကန့်ကွက်

မိုးမခ အထောက်တော် ၀၀၄

မေ ၁၅၊ ၂၀၀၉

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံထားရသည့် နေအိမ်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ပြီး နိုင်ငံတော်အား အန္တရာယ် ပေးသူ တဦး အဖြစ် စွပ်စွဲ၍ တရားစီရင်ရန် ကြိုးစားနေသည့် စစ်အစိုးရ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ၎င်း၏ အတိုက်အခံ နိုင်ငံရေး ပါတီက ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ရေး နှင့် နိုင်ငံရေး အပေးအယူ ပြုပြင် ပြောင်းလဲမှုများ အတွက် အစဉ်တစိုက် စွမ်းဆောင်နိုင်သူ၊ နိုင်ငံတကာက တောင်းဆို မေတ္တာရပ်ခံချက်များနှင့် တသားတည်း ရပ်တည်နိုင်သူ တဦးကို မည်သည့် ပြစ်မှုများ ကျူးလွန်ခြင်း မရှိပါဘဲနှင့် စစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူ တဦး အဖြစ် တရားရုံးတင် စွဲချက်တင်ခြင်းကို လက် မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်း ပါတီ၏ ကြေညာချက် ၈၊ ၅၊ ၉ တွင် ရေးသား ဖော်ပြထားသည်။

အင်န်အယ်ဒီပါတီဝင်များ၊ လူငယ်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူများသည် ယမန်နေ့ မနက်က အင်းစိန်ထောင်ရှေ့တွင် စုဝေးကြသည်ကို တွေ့ခဲ့ရသည်။ လူကြီးများက တရားရုံး ကိစ္စများကို ပြင်ဆင် တိုင်ပင်ခဲ့ကြပြီး တရားရုံးက ဆင့်ခေါ်ချိန်တွင် တရားသူကြီးက မေလ ၁၈ ရက်သို့ ရက်ချိန်းပေးပြီး ရုံးချိန်ကို ရပ်နားခဲ့သည်။ ၂၀၀၃ မေလကုန် ဒီပဲယင်း လုပ်ကြံမှုကြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ဖူးရာ၊ ယခုလည်း အင်းစိန်ထောင် အမျိုးသမီးဆောင် အနီးက လှမ်းမြင်ရနိုင်သော ထို သီးခြား နေအိမ်တခု တွင်ပင် ထိန်းသိမ်းထားပုံ ရကြောင်း ခန့်မှန်း ပြောဆိုနေကြသည်ကို တွေ့ရသည်။

Comments