opposition leader: health improving


ဒေါ်အောင်ဆန်းစုကြည် ပြန်လည်သက်သာ၊ သို့သော် ကြွက်တက်ဝေဒနာ ခံစားနေရ
AFP သတင်းဌာန
မေ ၁၂၊ ၂၀၀၉

ဆေးကုသမှု ရရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ တိုးတက်လာသည်ဟု သူ၏ နိုင်ငံရေးပါတီက ယနေ့ ပြောသည်။

ယမန်နေ့က အကြောဆေး ပုလင်းကြီး သွင်းပြီး ကုသခွင့်ရသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“သူ့ကျန်းမာရေး တိုးတက်မှု ရှိပါတယ်။ ဆရာဝန်က လိုအပ်တဲ့ဆေးဝါး ကုသမှု ပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ယခုအခါ အစာ ပြန်လည် စားနိုင်ပြီဖြစ်ပြီး သွေးပေါင်ချိန်သည်လည်း ပုံမှန် အခြေအနေ ပြန်ရောက်လာပြီဟု ဆိုသည်။

ဒေါက်တာပြုံးမိုအိသည် ယမန်နေ့က ဒေါ်စုအိမ်တွင် ၅ နာရီ နီးပါး သွားရောက် နေထိုင်ခဲ့ပြီး ကုသမှု ပေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော်လည်း ဒေါ်စုသည် ခြေထောက်တွင် ကြွက်တက်သည့် ဝေဒနာ ခံစားနေရကြောင်း၊ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းသာ စစ်ဆေး ကုသနိုင်ပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

“ရေရှည် ကုသရမှာ ဖြစ်တဲ့အတွက် ပုံမှန်စစ်ဆေး ကုသပေးလေ့ရှိတဲ့ မိသားစုဆရာဝန် လိုအပ်ပါတယ်” ဦးဉာဏ်ဝင်းက ပြောသည်။

မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် အဖမ်းခံထားရဆဲ ဖြစ်သည်။

Comments