Regime frees Daw Suu's doctor

ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ပြန်လည်လွတ်မြောက်
AFP သတင်းဌာန
မေ ၁၇၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ယမန်နေ့ညက ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း မိသားစုက ပြောသည်။ ပြန်လွတ်လာသူ ဆရာဝန်သည် အမေရိကန်တဦး ဒေါ်စု၏ ခြံဝင်း အတွင်း ရေကူးပြီး လျှို့ဝှက် သွားရောက် ခဲ့သည့် အမှုဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ဖမ်းဆီး ခံရသူ ဖြစ်သည်။

“ဒေါက်တာတင်မျိုးဝင်း ပြန်လွတ်လာပါပြီ၊ ည ၇ နာရီလောက်မှာ ပြန်လွတ်လာပါတယ်။ သူ့အပြောအရ သူ ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု သူ၏ မိသားစုဝင်တဦးက AFP သတင်းဌာနကို ပြောသည်။

ဒေါ်စု၏ နိုင်ငံရေးအဖွဲ့ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အဆိုပါ လွတ်မြောက်မှုကို သိရှိသည်ဟု ဆိုသည်။

“ကျနော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ ဒါပေမဲ့ သူ့နဲ့တော့ ခုချိန်အထိ အဆက် အသွယ် မရသေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အင်းစိန်ထောင်ရောက် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဒေါက်တာ တင်မျိုးဝင်း သွားရောက်ပြီး ဆေးကုသခွင့် ရမရ မသေချာသေးပေ။

ဒေါ်စုသည် မနက်ဖြန်တွင် အင်းစိန်ထောင်တွင်း တရားရုံးတွင် အမှု စတင် ရင်ဆိုင်ရမည်ဖြစ်သည်။

Comments