SPDC ignores US request to see detained citizen

အဖမ်းခံရသူနှင့် တွေ့ခွင့်ရရန် အမေရိကန်သံရုံး တောင်းဆို၊ စစ်အစိုးရက အကြောင်းမပြန်သေး
AP သတင်းဌာန
မေ ၈၊ ၂၀၀၉

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - AP)

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်မှ အပြန်တွင် အဖမ်းခံရသည်ဟု ဆိုသော အမေရိကန် နိုင်ငံသားနှင့် တွေ့ခွင့်ရရရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အာဏာပိုင်တို့က ဂရုစိုက်ခြင်းမရှိကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံးက ယနေ့ ပြောလိုက်သည်။


အစိုးရ သတင်းများတွင် ဖော်ပြထားသည့် John Willian Yeattaw ဆိုသူ၏ အချက်အလက်များနှင့် ပတ်သက်ပြီး သံရုံးက အတည်မပြုနိုင်သေးဟု ဆိုသည်။

“ကျနော်တို့ သူနဲ့တွေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုပြီးပြီ၊ ခုထိတော့ တွေ့ခွင့် မရသေးပါဘူး” ဟု သံရုံး ပြောခွင့်ရအရာရှိ Richard Mei က ပြောသည်။

“အချက်အလက်တွေကို ကျနော်တို့ကိုယ်တိုင် အတည်ပြုချင်ပါတယ်၊ ဒီလူနဲ့ ကျနော်တို့ တိုက်ရိုက် စကားပြောချင်ပါတယ်” ဟု ဆိုသည်။

ရန်ကုန်ရှိ အာရှသံတမန်များကလည်း အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အား အဆိုပါ ကျူးကျော်သူကို လက်ခံခဲ့သည် ဟု ဆိုကာ ပြစ်ဒဏ်ပေးမည်ကို စိုးရိမ်နေကြသည်။

မြန်မာနိုင်ငံတွင် တင်းကျပ်ထားသည့် စည်းကမ်း ဥပဒေ အများအပြား ရှိရာ ညအိပ်ဧည့်သည် လက်ခံလိုပါက အာဏာပိုင်တို့ထံမှ ခွင့်ပြုချက် တောင်းရသည့် အချက်လည်း ပါဝင်သည်။

နိုင်ငံခြားသားကို နေအိမ်တွင် တည်းခိုခွင့်မရှိစေရဟုလည်း ဥပဒေအရ တားမြစ်ထားသည်။

သို့သော်လည်း အဆိုပါ ကျူးကျော်သူသည် ဒေါ်စုနှင့် တွေ့ခဲ့ခြင်း ရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဧည့်စာရင်းကိစ္စနဲ့ တရားစွဲခံရလိမ့်မယ်လို့တော့ ကျနော် မထင်ဘူး၊ ဒီပုဂ္ဂိုလ်ကို သူက ဖိတ်ထားတာမှ မဟုတ်ဘဲ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော် အဓိက စိုးရိမ်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုပဲ စိုးရိမ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်စုသည် ကမ္ဘာသိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်သည်။ ဒေါ်စုသည် တရားစီရင်ခြင်း မခံရဘဲ ထိန်းသိမ်းခံထားရသည်။ မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှစ၍ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ထားသည်။ ဒေါ်စု၏ အဖွဲ့ချုပ်က ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အဆိုပါ ရလဒ်ကို ဥပက္ခော ပြုထားသည်။

Comments