Aung Din - Poem

ကမ္ဘာမကြေဖူး

အောင်ဒင်

ဇွန် ၇၊၂၀၀၉

မေမေရေ
ကောင်းကင်ကြီးက မှောင်လို့
နေရောင်ကတိမ်မဲတွေအောက်မှာ ပုန်းအောင်း
အလင်းကိုအငမ်းမရတောင်းတဲ့ လက်တွေ
ဗလာလေထုထဲ
အသက်မဲ့မဲ့ ကြေကွဲနေ။

မေမေရေ
ကျနော့်ညီမလေး
သွေးအိုင်ထဲ၊ ပြိုလဲပုံကျ
သူလိုချင်တာက လူ့အခွင့်အရေး
သူမျှော်လင့်တာက ငြိမ်းချမ်းရေး
သူရလိုက်တာက
အကြမ်းဖက်သမားရဲ့ အညှိုးအတေး။

မေမေရေ
ကျနော့ညီအစ်ကိုတွေလဲ
အကျဉ်းထောင် အမှောင်ထုထဲ
အနာဂါတ်ကို ယုံကြည်ရဲကြ
သူတို့ရဲ့ ဘဝတွေကို
သူတို့ချစ်မြတ်နိုးရာ နိုင်ငံတော်အတွက်စတေး
သံတိုင်နောက်က အခန်းကျဉ်းကလေးဟာ
ကမ္ဘာမကြေတေးများ မွေးဖွားရာနေရာပေါ့။

မေမေရေ
မတရားမှုတွေ ကြီးစိုးလွန်းလှတော့
ဒီမြေမှာအနမ်းတွေ အဆိပ်သင့်
ဒီမြေမှာအလွမ်းတွေ တင်းကြပ်
ဒီမြေမှာစမ်းရေတွေ ခမ်းခြောက်
ဒီမြေမှာပန်းတွေ မပွင့်ကြ။

မေမေရေ
ဒီမြေမှာပန်းတွေ မပွင့်ကြတော့
ဒီမြေမှာပန်းတွေ မပွင့်ကြတော့
ဒီမြေမှာပန်းတွေ မပွင့်ကြတော့…..။

Comments