Authority should effective news avialable

ထိရောက်မြန်ဆန်သည့် သတင်းထုတ်ပြန်မှုမျိုး လိုအပ်နေ

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန် ၃၀၊ ၂၀၀၉

အစိုးရမီဒီယာဖြစ်သည့် တီဗီသတင်းနှင့် သတင်းစာတွင် မြန်မာနိုင်ငံတွင် ပထမဆုံး လူတုပ်ကွေး ကူးစက်ခံရသူ ဖေါ်ပြပြီးသည့် နောက်တွင် ပုဂ္ဂလိက မီဒီယာဂျာနယ်မှ သတင်းထောက် များအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထံမှ တုံ့ပြန်ချက်၊ လူထုသို့ အကြံပေးချက် စသည့် သတင်းအချက်အလက်များ ရအောင် ကျန်းမာရေး ဌါနမှ တာဝန်ရှိသူများကို ကြိုးစား ဆက်သွယ်ခဲ့ ကြသော်လည်း ပွင့်လင်းပြီး မြန်ဆန်သည့် သတင်း ထုတ်ပြန်မှုမျိုး မရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် တွေ့ရှိခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော (A/H1N1) လူတုပ်ကွေး ရောဂါ သတင်းကြောင့် ရန်ကုန်မြို့ခံများ အကြား စိတ်ဝင်စားလျက်ရှိနေကြသည်။ လူထု၏ စိတ်ဝင်စားမှု နောက်တွင် မြန်မာအစိုးရ၏ သတင်း ထုတ်ပြန်မှုကို မယုံကြည်မှု၊ လျော့ပေါ့ပြောဆိုသည်ဟု ထင်မှတ်သည့် သံသယ တို့မှာ အခြားသော ကိစ္စရပ်များကဲ့သို့ပင် ကြီးထွားလျက် ရှိနေသည်ကိုလည်း တွေ့ရသည်။

လူတုပ်ကွေးကူးစက် ခံစားနေရသည်ဆိုသည့် အသက် ၁၃နှစ် အရွယ်မိန်းကလေး မှာ သေဆုံးသွားပြီ ဆိုသည့် ကောလဟလများလည်း ယမန်နေ့က ရန်ကုန်မြို့တွင် ထွက်ပေါ်နေခဲ့ပြီး ထိုသို့သော အတည်မပြုနိုင်သည့် ပြောဆိုမှုများကို ရှင်းလင်း သိရှိနိုင်ဖို့ ဂျာနယ်များမှ သတင်းထောက်များက ကျန်းမာရေး ဌါနမှ တာဝန်ရှိသူတို့ထံ ဆက်သွယ်သော်လည်း စည်းဝေးလုပ် နေသည်၊ ပြောဆိုခွင့် မရှိစသဖြင့် ငြင်းဆန်လျက်ရှိသည်ဟု ရန်ကုန်အခြေစိုက် ဂျာနယ်မှ သတင်းထောက်တဦးက ပြောဆိုသည်။

အဆိုပါ သတင်းထောက်က ``လူတွေအကြားမှာ ပြောဆိုနေတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေကို သံသယ ရှင်းသွားအောင် တာဝန်ရှိသူတွေက ပြောဆိုဖို့လိုပါတယ်။ ကျွန်တော်တို့ သတင်းရေးရဖို့ သက်သက်မဟုတ်ပါဘူး။ စာဖတ်သူတွေ ကို အမှန်တကယ် ဖြစ်ပျက်နေတဲ့ အချက်အလက် မျိုးသိရှိစေချင်တာပါ။ အခုကိစ္စက နိုင်ငံရေး သတင်းလည်းမဟုတ်ဘူး၊ ကျန်းမာရေး ကိစ္စပါ၊ အဲဒီလို ကိစ္စမှာလည်း အချိန်မှီ သတင်း မထုတ်ပြန်တာတော့ မဖြစ်သင့်ဘူး လို့ထင်ပါတယ်´´ ဟုပြောဆိုသည်။

မြန်မာနိုင်ငံ ရှိ အစိုးရ၀န်ကြီးဌါနများတွင် သတင်းပြန်ကြားရေး နှင့်ပတ်သက်ပြီး သတ်မှတ် ပြောဆိုခွင့်ပေးထားသူ များ ထားရှိလေ့မရှိပဲ တာဝန်ရှိသူ အများစုမှာ မီဒီယာနှင့် ပြောဆိုဆက်ဆံရမည်ကို ကြောက်ရွံ့လျက်ရှိကြသည်ကို တွေ့ရှိရသည်။ ထိုသို့ ကြောက်ရွံ့ခြင်းမှာ မီဒီယာတွင် ပါရှိလာသည့် သတင်းတပုဒ်ပုဒ်ကို ၀န်ကြီး သို့မဟုတ် နအဖ ခေါင်းဆောင်ပိုင်းမှ သဘောမတွေ့သည့် အခါ အဆိုပါ ၀န်ထမ်းမှာ အလုပ်နေရာ ပြောင်းရွှေ့ခံရခြင်း၊ တာဝန်မှ ရပ်နားခံရခြင်းတို့ ဖြစ်ပေါ်နိုင်သောကြောင့် ဟုသိရသည်။

သို့ရာတွင် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ရန်ကုန်တိုင်းကျန်းမာရေးနှင့် အခြားကျန်းမာရေး ၀န်ကြီးဌါနမှ တာဝန်ရှိသူများက မီဒီယာကို တရားဝင် တခွန်းတပါဒမျှ မပြောဆိုရဲကြပေ။

Comments