Burma and GPS

GPS မြန်မာပြည်ကို ရောက်ပြီ
မိုးမခအထောက်တော် ၀၀၄
ဇွန် ၁၄၊ ၂၀၀၉
ရန်ကုန်၊ မန္တလေး နှင့် မြို့ကြီးတချို့မှ ယာဉ်မောင်းသူများသည် အီလက်ထရွန်နစ် လမ်းညွှန်မြေပုံ အားကိုးဖြင့် လိုရာခရီးရောက်အောင် သွားလာနိုင်သည့် အခွင့်အရေး ရနေပြီ ဖြစ်သည်။

သို့သော်လည်း GPS စနစ် ထည့်သွင်းထားသည့် လက်ကိုင်ဖုန်း တလုံး လိုအပ်မည် ဖြစ်သည်။

ရန်ကုန်ရှိ လက်ကိုင်ဖုန်း (မိုဘိုင်းဖုန်း) ရောင်းချသည့် ဆိုင်တချို့တွင် အဆိုပါ စနစ်ကို ၀န်ဆောင်မှု ပေးနေပြီ ဖြစ်သည်။

လမ်းညွှန်မြေပုံ စမ်းသပ်လိုသူများအနေဖြင့် ဦးစွာ ကျပ်ငွေ သောင်းဂဏန်း အကုန်အကျ ခံပြီး မိမိ၏ လက်ကိုင်ဖုန်းတွင် GPS စနစ် ထည့်သွင်းရမည် ဖြစ်သည်၊ ၀န်ဆောင်မှု ပေးသည့် ဆိုင်တွင် အသုံးပြုနည်းကို ရရှိနိုင်သည်။ ၀န်ဆောင်ခမှာ ကျပ်ငွေ တသောင်းခွဲမှ နှစ်သောင်း အထိ ပေးရမည်ဖြစ်သည်။

GPS အီလက်ထရွန်နစ် လမ်းညွှန်မြေပုံ အသုံးပြုမှုမှာ အမေရိကတိုက် နှင့် ဥရောပတိုက်မှ ယာဉ်မောင်းသူများ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ကားအတွင်း အမြဲတမ်း တပ်ဆင်ထားသော GPS ဖန်သားပြင်ငယ်က မြေပုံကို ဖော်ပြပေးပြီး ဘယ်ညာကွေ့ရန်ကိုလည်း အသံဖြင့် လမ်းညွှန်ပေးသဖြင့် လူကြိုက်များလျက်ရှိသည်။

သို့သော်လည်း ဤစနစ်မှာ မြန်မာပြည်တွင် အသုံးပြုမှု နည်းပါးနေဦးမည်ဟု ရန်ကုန်မှ ယာဉ်မောင်းသူတဦးက ပြောသည်။ မြန်မာပြည် မြို့ကြီးများရှိ လမ်းပမ်း ဆက်သွယ်ရေးမှာ အနောက်နိုင်ငံမှ ဆက်သွယ်ရေး လမ်းများကဲ့သို့ ရှုပ်ထွေး များပြားခြင်း မရှိသေးသောကြောင့် ဤစနစ်ကို ငွေကြေး အကုန်အကျခံပြီး သုံးကြဦးမည်မဟုတ်ဟု ဆိုသည်။

မြို့ပေါ်မှ လက်ကိုင်ဖုန်း ကိုင်နိုင်သူ ယာဉ်မောင်းသူများ အဆိုပါစနစ် သုံးစွဲရန် စဉ်းစားနေချိန်တွင် မြန်မာ့ကမ်းရိုးတန်းတလျှောက်ရှိ ငါးဖမ်းလှေပိုင်ရှင်များက လုပ်ငန်း ပိုမို တွင်ကျယ်သဖြင့် လက်တွေ့ အသုံးပြုနေကြပြီဖြစ်သည်။

ဧရာဝတီတိုင်း အထူးသဖြင့် တနင်္သာရီ နှင့် ရခိုင် ကမ်းရိုးတန်းရှိ ငါးဖမ်းလှေများတွင် တပ်ဆင် အသုံးပြုနေကြကြောင်း ဇန်န၀ါရီ ၆ ရက်နေ့ထုတ် FLOWER NEWS သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ယင်း ဂျီပီအက်စ် များက ရေအောက် မျက်နှာပြင် အနေအထား၊ ငါးအုပ်စု အနည်းအများ၊ အကြီးအသေးကို ရှာဖွေပေးသည့်အပြင် ငါး အထိအမိ ကောင်းသော နေရာများကိုလည်း ရှာဖွေပေးနိုင်သည်ဟု ဆိုသည်။

ရေတိမ်ပိုင်း၊ ရေနက်ပိုင်း၊ ကျောက်ဆောင် စသည့် နေရာများကို အရောင်၊ အသံတို့ဖြင့် ခွဲခြား အချက်ပေးသည်ဟု ဆိုသည်။

ငါးဖမ်းလှေများတွင် မြန်မာစာတန်းထိုးသည့် စက်များကို ပိုမို တပ်ဆင် အသုံးပြုနေကြသည်ဟု ဆိုသည်။

Comments