အကျဉ်းသားလွတ်မြောက်ရေး လက်မှတ် ၆ သိန်းကို ကုလ-ဘန်ကီမွန်းထံ လက်ရောက်ပေးအပ်မည်
မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၃၊ ၂၀၀၉
မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုက စုဆောင်း ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေးကို နိုင်ငံတကာ မိသားစုများက ၀ိုင်းဝန်း လက်မှတ်ထိုး တောင်းဆိုထားသည့် လက်မှတ်ပေါင်း ၆ သိန်းကို ကုလသမဂ္ဂ ရုံးချုပ်တွင် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ဦးတည်ပြီး ကိုယ်တိုင် လာရောက်ပေးအပ်မည် ဖြစ်ကြောင်း အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့က ကြေညာချက် တရပ် ထုတ်ပြန်လိုက်သည်။
ထိုအခမ်းအနားကို အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ကိုယ်တိုင် ထိုင်းနိုင်ငံ၊ မဲဆောက်ရုံးမှ အမေရိကန်ပြည် နယူးယောက်သို့ လာရောက်မည်ဟု ဆိုသည်။ ၎င်းနှင့်အတူ ကင်ပိန်း တာဝန်ခံ တဦးလည်းဖြစ်၊ ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံ အဖွဲ့များ၊ တပ်ပေါင်းစုများ၏ ခေါင်းဆောင် တဦး ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားဟောင်း မခင်ဥမ္မာနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ် မြန်မာပြည် အတွက် အမေရိကန်ကင်ပိန်း အဖွဲ့ ဦးဆောင်သူတဦးလည်း ဖြစ်သည့် ကိုအောင်ဒင်တို့ကလည်း ထိုအခမ်းအနားကို တက်ရောက်ကြမည်ဟု ဖော်ပြထားသည်။
အခမ်းအနားကို ချက် ရီပတ်ဘလစ် ကိုယ်စားလှယ် အဖွဲ့က စီစဉ်ပေးပြီး၊ ဇွန်လ ၁၅ တနလာင်္နေ့ ညနေ ၃ နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦတွင် ကျင်းပမည် ဟု ဆိုသည်။ ကုလသမဂ္ဂ ခေါင်းဆောင်ထံ ရည်ရွယ်ပြီး ထို လက်မှတ်များကို ပေးအပ်သည့် အခမ်း အနားတွင် မြန်မာပြည်အရေး ကိစ္စများ၊ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော ဥပဒေ ရေးရာ ကိစ္စများကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အကျယ်တ၀င့် ပြောကြား ဖြေဆိုမည် ဟုလည်း ဖော်ပြထားသည်။
မြန်မာပြည်တွင် စစ်အုပ်စုက နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ဖမ်းဆီး ချုပ်နှောင်ထားပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မေလဆန်းကစပြီး အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင် တရား စွဲဆိုထားသည်။ နိုင်ငံတကာက လူ့ အခွင့် အရေး လှုပ်ရှားသူများက မြန်မာ စစ်အုပ်စုကို လူ့ အခွင့် အရေး ချိုးဖောက်မှုများ၊ နိုင်ငံရေး လွတ်လပ်ခွင့် မရှိအောင် ဖိနှိပ် ချုပ်ချယ် ဖမ်းဆီးမှုများ အပြင် တရား ဥပဒေကို အလွဲသုံးစား ကျုးလွန်နေမှုများဖြင့် ပြစ်တင် ဝေဖန်လျက်ရှိသည်။
Comments