အယ်လ်အေရောက်မြန်မာများ နိဗ္ဗာန်ဈေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ တီရှပ်များ ၀တ်ဆင်ကြ
မိုးမခအထောက်တော် ၀၀၂
ဇွန် ၁၅၊ ၂၀၀၉
ယမန်နေ့က အယ်အေမြို့ အဇူဇာဘုန်းတော်ကြီးကျောင်း၊ နိဗ္ဗာန်ဈေး
မြန်မာပြည်တွင် ယခင် မေလဆန်းကတည်းကစတင်ပြီး စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို၍ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်ကို မြန်မာပြည်သူများသာမက နိုင်ငံတကာက မိသားစုများအားလုံးက ကန့်ကွက်ဆန္ဒပြလျက်ရှိရာ ယခုကဲ့သို့ မြန်မာများ စုဝေးရာပွဲလမ်းသဘင်တို့တွင် မြန်မာမိသားစုတို့ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်-တီရှပ်များ ၀တ်ဆင်ကြပြီး ၎င်းတို့၏ ဆန္ဒသဘောထားများ ထုတ်ဖော်ပြသကြပုံမှာ အလွန်ကျေနပ်အားရဖွယ်ကောင်းသည်ဟု ပွဲတော်လာပရိသတ်တဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အမွေဆိုင်အမှုဖြင့် တရားစွဲဆိုခဲ့ပြီး ယခုအချိန်ထိ လက်မလျှော့သေးဟု သတင်းထွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်၏အကို အမေရိကန်နိုင်ငံသား အောင်ဆန်းဦးနှင့် ဇနီး လဲ့လဲ့နွယ်သိန်း (စာရေးဆရာမ မေတ္တာဦး)တို့ကလည်း ထိုဈေးပွဲတော်တွင် မြန်မာစာအုပ်နှင့် မြန်မာမှုပစ္စည်းများကို လာရောက်တည်ခင်းရောင်းချသည်ကို တွေ့ရသည်။
“သူတို့နဲ့ ဘေးချင်းကပ်ကော၊ မျက်နှာချင်းဆိုင်က ဆိုင်တွေမှာပါ ဒေါ်အောင်ဆန်းစုကြည် တီရှပ်တွေ ချိတ်ဆွဲထားတာမှ အပြည့်ပဲ။ သူတို့ဆိုင်ကတော့ ဓာတ်ပုံမှာ မြင်တဲ့အတိုင်းပေါ့။ လူတွေကလည်း ဒေါ်စုတီရှပ်တွေ ၀တ်လို့။ သူတို့ကိုလည်း လူတွေက သိကြတယ်လေ။ အမျိုးသားခေါင်းဆောင်၊ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေစရာအိမ်မရှိအောင် အမေရိကားကနေ လှမ်းပြီး ဒုက္ခပေးနေတယ် ဆိုတာ။ သူတို့က စစ်အစိုးရနဲ့ပေါင်းပြီး နန်းတော်ကြီးတခု ပုဂံမှာ ဆောက်နေတာ အတော်ပြီးနေပြီ ကြားတယ်”
ဟု မျက်မြင်တဦးက မှတ်ချက်ပေးသည်။
( သည်နေရာမှာ - Free Burma Dot Info, http://freeburma.info တွင် ၎င်းတို့အကြောင်းသတင်းများ စုထားသည်ကို ဖတ်ရှုနိုင်သည်။ http://freeburma.info/index.php/Aung_San_Oo_%26_Le_Le_Nwe_Thein ။ Free Burma Dot Info Website တွင် စစ်အုပ်စု၊ ၎င်းတို့မိသားစုများနှင့် အလိုတော်ရိများ၊ အပေါင်းအပါများ၊ လုပ်ငန်းများ၊ အဆက်အသွယ်များကို ပြည်သူတို့ သိရှိပြီး ကန့်ကွက်သပိတ်မှောက်နိုင်အောင်၊ ဆန့်ကျင်နိုင်အောင် စုစည်း တင်ပြထားမည်ဟု ဆိုသည်။ )
Comments