စစ်အုပ်စုဖက်က စုံစမ်း စစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ
မိုးမခအထောက်တော် (ရန်ကုန်)
ဇွန် ၂၊ ၂၀၀၉
ဇွန်လ ပထမပတ် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးချိန်မထုတ်မီအတွင်း စစ်အုပ်စု၏ စစ်နှင့် ရဲထောက်လှမ်းရေးများ၊ အရပ်ဝတ်အကြမ်းဖက်များသည် အထူးစစ်ဆင်ရေးသဖွယ် ရန်ကုန်မြို့အတွင်း ပြင်ဆင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မျက်မြင်တို့က ပြောသည်။
ယခင်အပတ် မေလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တဦးတည်းဆန္ဒပြသဖြင့် အဖမ်းဆီးခံရသူ ဦးဇော်ညွန့်ကို အင်းစိန်ထောင်၊ တိုက်တခုတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း၊ ရိုက်နှိက်နှိပ်စက်မှုများ ရှိကြောင်းကို အင်းစိန်ထောင်ဝန်ထမ်းတချို့ကတဆင့် ကြားသိရသည်။
မြို့နယ်အချို့က ကြံဖွတ်များ၊ စွမ်းအားရှင်များနှင့် စစ်အုပ်စုသတင်းပေးများကို အရပ်ဝတ်အကြမ်းဖက်သမားများဟု မြို့နေလူထုက အမည်ပေးထားပြီး ၎င်းတို့က ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိသားစုများနှင့် အန်အယ်ဒီပါတီဝင်များကို ပြောင်ပြောင်တင်းတင်း ဆဲရေးခြင်း၊ ရန်စခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြသည်ဟု မိုးမခသို့ ပြောကြားသည်။
“သောကြာနေ့ပြီးရင် မင်းတို့တတွေ အလှည့်ပဲ …” ဟု ပြောကြောင်း အန်အယ်ဒီပါတီထောက်ခံသူ လူငယ်တဦးကို ကြံ့ဖွတ် ရပ်ကွက်လူကြီးတဦးက ပြောသည်ဟု ဆိုသည်။
“လူထုက ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ ပါတီဝင်တွေ၊ ပါတီဝင်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ အကျဉ်းသားဟောင်းတွေတင်သာမက အခု မျိုးဆက်သစ် လူငယ်တွေ၊ ကျောင်းသားတွေကပါ အခုအရေးအခင်းမှာ ပါဝင်ပတ်သက်လာကြတယ်။ အကြမ်းဖက်ခံထားရတဲ့ အတွေ့အကြုံက လူတွေဆီမှာ ရှိပြီးသားဆိုတော့ စစ်သားတွေ ကြံဖွတ်တွေ အကြမ်းဖက်လာတာကို ငုံခံနေဖို့တော့ အစီအစဉ်မရှိဘူး”
ဟု အင်းစိန်ထောင်ရှေ့ ဆန္ဒပြုလှုပ်ရှားမှုများတွက် မပျက်မကွက်သွားရောက်သူတဦးက ပြောကြားသည်။
Comments