KNU to abandon base, vow to fight on

တပ်စခန်းများကို KNU စွန့်လွှတ်၊ ဆက်တိုက်ရန် သန္နိဋ္ဌာန်ချ
အေပီသတင်းဌာန
ဇွန် ၁၈၊ ၂၀၀၉ KNU စစ်သားများ (ဓာတ်ပုံ-မိုးမခ)

မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ကရင်လက်နက်ကိုင် အဖွဲ့က ထိုင်းမြန်မာနယ်စပ်ရှိ ၎င်းတို့၏ ခံတပ် စခန်းများကို စွန့်လွှတ်တော့မည်ဟု ထိုင်း စစ်အရာရှိတဦးက ယနေ့ ပြောကြားသည်။

မြန်မာ့တပ်မတော်နှင့် DKBA ဟု ခေါ်သော လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး ယခုလဆန်းပိုင်းမှ စတင်ကာ ထိုစခန်းများကို ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထိုစခန်းများကို လက်နက်ကြီးများနှင့် တိုက်ခိုက်ခဲ့သည်။

အရပ်သား ၄၀၀၀ ထက်မက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ရသည်။

“KNU ကရင်လက်နက်ကိုင် အဖွဲ့က အကျအဆုံးတွေကို ရှောင်ချင်တဲ့အတွက် သူတို့ ဌာနချုပ်ကနေ ဆုတ်နေပါပြီ” ဟု ထိုင်းနိုင်ငံမှ နယ်စပ်ဒေသ တာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီး Tanongsak Apirakyothin က ပြောသည်။ ထိခိုက် သေဆုံးမှု သတင်းများနှင့် ပတ်သက်ပြီး မသိရသေးဟု ဆိုသည်။

KNU အဖွဲ့သည် နှစ် ပေါင်း ၆၀ ကျော်ကြာ စစ်အစိုးရကို တိုက်ပွဲဝင်နေသော အဖွဲ့ ဖြစ်သည်။

“ကျနော်တို့ တပ်တွေက ရန်သူရဲ့ နောက်ဘက်ကို ရွှေ့ဖို့ ပြင်နေတယ်။ ပြောက်ကျားနည်းနဲ့ တိုက်မယ်။ လိုအပ်ရင် ဘယ်စခန်းကနေဖြစ်ဖြစ် ဆုတ်ရမှာပဲ” ဟု KNU ဒုဥက္ကဋ္ဌ ဒေးဗစ်သာကပေါက ပြောသည်။

၎င်းတို့ဘက်မှ ၈ ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၅၀ ထက်မက သေကြေ ဒဏ်ရာရခဲ့သည်။

သတင်းထောက်များက တိုက်ပွဲဖြစ်ပွားရာအနီးသို့ ချည်းကပ်နိုင်ခြင်း မရှိသောကြောင့် အဖြစ်အပျက်များကို ကိုယ်တိုင် လေ့လာနိုင်ခြင်း မရှိသေးပေ။ မြန်မာအစိုးရကလည်း တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး မေးမြန်းချက်များကို တုံ့ပြန်ခြင်း မရှိပေ။

သို့သော်လည်း မြန်မာအစိုးရ စာနယ်ဇင်းများက ယနေ့ ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကြသည့် “ဒုက္ခသည်ဟု ဆိုသူများ” သည် သာမန်အရပ်သားများ မဟုတ်ဘဲ ကရင်သူပုန်များ နှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်သည်ဟု ဆိုသည်။

ထွက်ပြေးလာသူများသည် မဲဆောက်မြို့နှင့် မိုင် ၆၀ အကွာတွင် ခိုလှုံလျက်ရှိသည်။

Comments