Ko Lu Htwe - Fall of Rangoon

ရန်ကုန် ဇာတ်သိမ်း

ကိုလူထွေး

ဇွန် ၂၂၊ ၂၀၀၉

အနှစ်နှစ်အလလ
"ငါကွ" ရယ်လို့
လက်မ ထောင်နိုင်ခဲ့တဲ့
ရန်ကုန်မြို့တော်ကြီး...

ရောင်နီရောင်ဝါ မီးတွေနဲ့
ထိန်ထိန်ညီးခဲ့တဲ့
ညနေရဲ့ အလှရှုခင်း
ရန်ကုန်မြို့တော်ကြီး...

ဗုဒ္ဓသာသနာ့အမွေ
ရွှေတိဂုံစေတီတော်ကြီးကို
အော်တိုမစ်တစ်
ပိုင်ဆိုင်ခွင့်ရထားတဲ့
အဂ္ဂသာမနေ
ရန်ကုန်မြို့တော်ကြီး...

အင်းလျားကန် ဘွဲ့နှင်းသဘင်
သစ်ပုပ်ပင် ဂျပ်ဆင်နဲ့
ကမ္ဘာ့အလည်
တင့်တယ်ခဲ့တဲ့
ကျွန်ုပ်တို့ရဲ့
ရန်ကုန်မြို့တော်ကြီး...

ဒီလိုနဲ့
အဲဒီရန်ကုန်မြို့တော်ကြီးဟာ
၂၀၀၆ တော်လှန်ရေးနေ့က စ
အညတရ မြို့တမြို့ဘဝနဲ့
ရာထူးကျခဲ့ရတယ်...

အခုတော့
အထည်ကြီးပျက်
ရန်ကုန်မြို့ကြီးက
ဟန်ဆောင်မှုကို အရေခြုံပြီး
သူ့ကိုယ်သူတောင်
ဟိုမလုံ ဒီမလုံ ဖြစ်နေတယ်...

အဲဒီ ရန်ကုန်မြို့ကြီးက
မျက်နှာမှာ မိတ်ကပ်အဖွေးသားပေမယ့်
ရေမချိုးရသေးတဲ့ ရက်တွေ
ဆက်နေတယ်...

အဲဒီရန်ကုန်မြို့ကြီးမှာ
ကောလိပ်မရှိ
တက္ကသိုလ်မရှိ
အတွေးအခေါ်မရှိနဲ့
ပညာမာနကို
ခဝါချထားရတယ်...

အဲဒီ ရန်ကုန်မြို့ကြီးမှာ
မိစ္ဆာကောင်တွေ သွေးပွက်
ပြည်လမ်းမကြီးဆိုရင်လဲ
အကြိမ်ကြိမ် သွေးကွက်ခဲ့ရတယ်...

အဲသလို
ကုန်ဈေးတွေလဲ မတန်တဆ
ငွေးကြေးတွေလဲ ဖောင်းပွပြီး
ခြင်္သေ့တွေလဲ 'ဝ' ပြီးရင်း 'ဝ' လာကြတဲ့
ဒီ ရန်ကုန်မြို့ပျက်ကြီးထဲမှာ

တထောင်တန် တအုပ်ကို
အကြွေအနုတ်အဖြစ်
ငါ သုံး ပစ် ခဲ့ တယ် ...။

Comments