“စုကို လွှတ်လော့
လွှတ်လော့ စုကြည်”
မောင်စွမ်းရည်
ဇွန် ၂၊ ၂၀၀၉
တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးရဲ့ ဖခင်
သခင်အောင်ဆန်းရဲ့ ရင်သွေး။
ငြိမ်းချမ်းရေးရဲ့ ဖခင်
သခင်ကိုယ်တော်မှိုင်းရဲ့ မြေး။
ငြိမ်းချမ်းရေးရဲ့ သမီးပျို
နိုဘယ်ဆုရှင်၊ ပြည်သူ့ရင်သွေး။
ကျောင်းသားတို့ရဲ့ အမ၊ အဒေါ်
တပ်မတော်သားတို့ရဲ့ နှမငယ်
ကျနော်တော်ရဲ့ နှမငယ်
ပြည်သူ့အလယ်က ပြည်သူသမီး
ပြည်သူတို့ရဲ့ ဦးစီး၊ ပြည်သူတို့ရဲ့ ပဲ့ကိုင်သဖွယ်
သူ့ကို အများက နှစ်လို၊ အများက ကြည်ညို
အများက လိုလားကြပါလျက်
ဘယ်အတွက် -
ဘာမှ မလုပ်ရအောင်
အချုပ်ချကာ၊ ဘာကြောင့် ဒုက္ခရှာရပါသလဲ။
သူလုပ်ချင်တာ၊ သူလုပ်ခဲ့တာ၊ သူလုပ်နေတာ
ဘာတွေများမို့၊ ဘာတွေမှားခဲ့ပါသလဲ။
သူလုပ်ချင်တာ၊ သူလုပ်ခဲ့တာ၊ သူလုပ်နေတာက
ဗမာနဲ့ ဗမာ၊ အချင်းချင်း၊ တိုင်းရင်းသားတွေ တူစုံ
တွေ့ဆုံရေး၊ ဆွေးနွေးရေး၊ ညှိနှိုင်းရေး -
ယဉ်ကျေးတဲ့ လမ်းစဉ်၊ ဦးထိပ်တင်ရေး -
ဒီအရေးတွေနဲ့ ဒီမူ၊ ပြည်သူလိုက်နာ
တကမ္ဘာလုံးကပါ၊ စာနာလေးစား
အားထားအပ်သူ၊ သူဟာ
အောင်ဆန်းစုကြည် ပါ။
ဒေါ်စုလိုလူ၊ သူလိုလူကို
မလိုမုန်းထား၊ အာဃာတပွား
မလေးမစား မထောက်ထားဘူးဆိုရင် -
သင်ဖြစ်ဖြစ်၊ သူဖြစ်ဖြစ်
ဘယ်သူပဲ ဖြစ်ဖြစ်
ရူးသွပ်လို့သာ၊ မှတ်လိုက်ပါတော့
အာဏာရူးလို့၊ ပါဝါရူးလို့၊ ဥစ္စာရူးလို့
တရူးရူးတော့၊ ဖြစ်မှာပေါ့။
ပြည်တွင်းစစ်ကို၊ မဖြစ်လိုဘဲ
စားပွဲပေါ်သို့၊ ရွှေ့ကြစို့။
တောတွင်း တောင်တွင်း၊ သေနတ်ချင်းပစ်
ကျည်ဆန်စစ်က၊ စကားစစ်ထိုး
“ဆွေမျိုးစစ်”သို့၊ ပြောင်းကြစို့။
သွေးမထွက်၊ ချွေးမထွက်၊ အဝေးမထွက်ဘဲ
ရှေးအထက်လို၊ လဖက်ရည် အဖန်တအိုးနဲ့
ရန်ငြိုးမထား၊ လက်ဖက်စားစို့။
တွေ့စို့၊ ဆုံစို့ ဆွေးနွေးစို့။
ညှိစို့၊ ညီစို့၊ စည်းလုံးစို့။
ချစ်စို့၊ ခင်စို့၊ ငြိမ်းချမ်းစို့။
ဆိုးတူ၊ ကောင်းတူ၊ အတူလုပ်စို့။
ဆိုးကျိုး၊ ကောင်းကျိုး၊ အကျိုးတူမျှ
ခံစားကြစို့။
တိုင်းရင်းသားချင်း၊ ဆွေမျိုးရင်းတွေ
ဆွေရင်း မျိုးရင်း အိမ်သားချင်းတွေ
ချစ်ခြင်းရည်တူ၊ ယဉ်ကျေးမှုကို
အေးတူပူမျှ၊ စိုက်ထူကြစို့။
ညှိဖို့၊ ညီဖို့၊ ချစ်ကြစို့လို့ ဆိုရာမှာ
ဘာမှားပါသလဲ၊ အမှား ဘာပါသလဲ
ဘယ်သူ ဘယ်ဝါ၊ ဘယ်အခါမှာ
ဘာနစ်နာလို့လဲ။
မတွေ့ချင်ဘူး၊ မဆုံချင်ဘူး
မညီချင်ဘူး၊ မညှိချင်ဘူး
မကြည်ချင်ဘူး၊ မကြည့်ချင်ဘူး တဲ့
“ဘူး”နဲ့ ကျောခိုင်း၊ ဘူးသမိုင်းသာ
သေရာပါလိမ့်။
စစ်ဗိုလ်သမိုင်း၊ “ဘူး”သမိုင်းနဲ့
ပြည်သူသမိုင်း၊ “စု” သမိုင်းမှာ
သမိုင်းစာမျက်နှာ၊ လှန်လိုက်ပါရင်
အာဏာရှင်ဟာ၊ အာဏာရှင်သာ
ဟစ်တလာတဲ့၊ မူဆိုလိုနီတဲ့
ငရဲပြည်က၊ ငရဲမင်းလို
မင်းဆိုး မင်းရိုင်း၊ မင်ညစ်သမိုင်း တွင်ပါလိမ့်။
“မင်းဆိုး” ဆိုတာ
ဆိုးသာ ဆိုးတာ၊ ဆိုးတာဟူသမျှ၊ သူက မယူဘူး
လောဘမူ၊ ဒေါသမူနဲ့ မောဟအလံထူ
အကောင်းဆိုသမျှ၊ ဗိုလ်ကယူတဲ့ ဗိုလ်ကျမူ။
မညှိလဲ မညှိ၊ မညီလဲ မညီ၊ မကြည်လဲ မကြည်တဲ့သူ
ငြင်းသူ၊ တင်းသူ၊ နင်းသူ၊ ပင်းသူ၊ မင်းမူတဲ့ လူယုတ်ဟာ
ဘယ်သမိုင်းမှာမှ ကျောက်မထု၊ ဂုဏ်မပြုဘူး
အရိုးစု ကြက်ခြေ၊ သုဿန်မြေမှာ
တစ္ဆေအလံ စိုက်လိမ့်မယ်။
စစ်၏သမိုင်းကို၊ မရိုင်းစေလိုရင်
မယဉ်ကျေးတာ၊ ရပ်စမ်းပါ။
သူတော်ကောင်းကို မကောင်းကြံတာ
ရပ်စမ်းပါ။
ကိုယ်မှောင်မကျစေချင်ရင်၊ သူများကို မှောင် မချနဲ့
ကိုယ်ထောင်မကျစေချင်ရင်၊ သူများကို ထောင် မချနဲ့
ထောင်ကျသူတွေ၊ ကြိုးဖြေလို့လွှတ်၊ လွှတ်လိုက်စမ်းပါ။
ဒေါ်စုနှင့်တကွ ထောင်ကျအကျဉ်းသား
အားလုံးကိုလွှတ်၊ လွတ်ကြပါစေ၊ လွှတ်ပါလေလော၊ လွှတ်ပါလော့။
နိုင်ငံရေးအကျဉ်းသား၊ အားလုံးကို လွှတ်လော့။
“စု”နှင့်တကွ၊ အားလုံးကို လွှတ်လော့။
“စု”နှင့်တကွ၊ အားလုံးကို လွှတ်
လွှတ် လွှတ် လွှတ်၊ အားလုံးကို လွှတ်
စုကိုလဲ လွှတ်၊ အားလုံးလွှတ်
အားလုံးကိုလွှတ်၊ စုကိုလွှတ်
လွှတ် လွှတ်၊ ဒို့စုကို လွှတ်။
စုကိုလွှတ်လော့၊ လွှတ်ပါလော့။
စုကိုလွှတ်လော့၊ လွှတ်ပါလော့။
စုကိုလွှတ်လော့၊ လွှတ်ပါလော့။
(မေ ၂၅၊ ၂၀၀၉)
Comments