အဆိုးသံသရာထဲက မြန်မာပြည်
နိုင်လင်းအောင်
ဇွန် ၁၂၊ ၂၀၀၉
အိမ်ပြန်မရောက်နိုင်သေးတဲ့ ခရီးသည်များ
ရန်ကုန်မြို့ရဲ့ ဗိုလ်ချုပ်လမ်းမ တလျှောက်မှာ သိမ်ဖြူလမ်းဆုံ မီးပွိုင့်၊ ဗိုလ်မြတ်ထွန်းလမ်း (ယခင် ခရစ်လမ်း) မီးပွိုင့်၊ ဗိုလ်တထောင်ဘုရားလမ်း မီးပွိုင့် စတဲ့မီးပွိုင့်တွေ ဘယ်မီးပွိုင့်မှ မီးလင်းတာ မမြင်ရ။ ဘတ်စ်ကားများ၊ တက္ကစီများ နဲ့ကိုယ်ပိုင်ကားတွေ သူ့ထက်ငါ အလုအယက်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ လမ်းဆုံမှာ ကားတွေ တစီးနဲ့တစီး ယှက်ရှယ်ကာ ရှေ့မတိုး နောက်မဆုတ်နိုင်ဖြစ်နေပါတယ်။ သိမ်ဖြူလမ်းဆုံ မီးပွိုင့်နားမှာတော့ ယာဉ်ထိန်းရဲတွေပါတဲ့ ပါပလေကာကားက လမ်းဘေးရပ်ပြီး ဘတ်စကားတွေ ကုန်ပစ္စည်းတင်လာတဲ့ ဒိုင်နာကားတွေကို စစ်ပြီး ပိုက်ဆံတောင်းနေပါတယ်။ မီးမလာလို့ ရှုပ်ထွေးပြီး မလှုပ်နိုင်ဖြစ်နေတဲ့ ကားတန်းကို ရှင်းဖို့ လုံးဝစိတ်ဝင်စားပုံမပြပဲ၊ ထိုနေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကားထိုးရပ်ပြီး ငွေတောင်းဖို့ကိုသာ စိတ်ဝင်စားနေပါတယ်။
လမ်းဆုံကတ္တရာလမ်းပေါ်မှာလည်း ပလပ်စတစ် ကားမီးခွက် အကျိုးအစ တွေပြန့်ကျဲနေတာ မြင်ရတော့ မကြာမီက ကားတစီးနဲ့တစီး တိုက်မိထားပုံရတယ်လို့ နားလည်လိုက်ပါတယ်။
ယာဉ်ထိန်းရဲတွေက ယာဉ်တိုက်မှုဖြစ်မှ အလုပ်ရပြီး အကျိုးရှိတာလားလို့လည်း ကြံကြံဖန်ဖန် တွေးမိလိုက်ပါတယ်။ မီးပွိုင့် မကောင်းလို့ မီးလုံးကျွမ်းလို့ မီးမလာတဲ့အခြေအနေမျိုးဟာ သူတို့အတွက် အလုပ်ဖြစ်စေတဲ့ သဘောမျိုးလည်း ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ကပဲ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းဆုံမီးပွိုင့်နေရာ စင်းလုံးငှား လိုက်ထရပ် ပစ်ကပ်ကို သာကေတ-သီရိမင်္ဂလာဈေးပြေးတဲ့ ၁၀၆ ကားက အတင်းပတ်ကွေ့ရာမှာ တိုက်မိပြီး ၁၀၆ ဒိုင်နာကား မှောက်သွားပါတော့တယ်။ ကားပေါ်မှာ စီးနင်းလာတဲ့ အလုပ်ပြန်သူတွေ ကားနံဘေး၊ သံတိုင်တွေ၊ ထိုင်ခုံတွေနဲ့ ခိုက်မိပြီး ဒဏ်ရာရကုန်ကြပါတယ်။ ကားမောင်းသူကတော့ ဘာမှ မဖြစ်ပါဘူး။ ဒိုင်နာကား ဆိုတာလည်း ဘယ်နိုင်ငံမှာမှ ခရီးသည် တင်တဲ့ကားမဟုတ်ပါဘူး။ ပစ္စည်းတင်တဲ့ကား အမျိုးအစားပါ။ မြန်မာနိုင်ငံမှာ ထိုင်ခုံတွေ ဆင်ပြီး စီအင်ဂျီတပ်ကာ ခရီးသည်တင်နေတော့ မကြာခဏ မှောက်တာ တိုက်တာလည်း မဆန်းပါဘူး။
အခု ယာဉ်တိုက်မှုမှာ ဒဏ်ရာရသူတွေ ဆေးရုံရောက်ကုန်ပါတယ်။ ဒဏ်ရာရသူတွေကို သယ်သွားပြီးတဲ့နောက်မှာ ကားနောက်ခန်းအတွင်းမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေဖြစ်တဲ့ စတီး ထမင်းချိုင့်က တုံးလုံးလဲနေပြီး ထီးတွေ၊ လက်ကိုင်အိတ်တချို့ ၊ ဖိနပ်တွေ ပြန့်ကျဲနေတာကို မြင်တွေ့ရပါတယ်။ သူတို့ရဲ့ မိသားစုတွေကတော့ အချိန်တန် ပြန်မလာလို့ ဘယ်ရောက်နေလဲ၊ ဘာဖြစ်လဲ ဆိုတာ မသိရလို့ စိတ်ပူနေကြမှာ မလွဲပါဘူး။
ဒီလိုအဖြစ်မျိုးတွေဟာ ရန်ကုန်မှာ နေ့စဉ်လိုလိုပဲ ဟိုနေရာ ဒီနေရာမှာ ဖြစ်ပျက်နေတာပါ။ ရန်ကုန်မြို့ကြီးမှာ လူတွေသွားလာလှုပ်ရှား စည်ကားနေပေမယ့် လျှပ်စစ်မီးက ပျက်ချင်တိုင်းပျက်၊ မီးပွိုင့်တွေက မီးမလာ အခုလို မတော်တဆဖြစ်မှုတွေကလည်း မကြာခဏဖြစ်နေပြီး ရန်ကုန်မှာ နေထိုင်သူတွေက အဲဒီလို ပျက်ချင်တိုင်းပျက်၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အခြေအနေမှာ ကြိုးစားပြီး ရှင်သန် နေကြရတာပါ။
ရာထောင်ချီတဲ့ မီးစက်များ
မဆလ အစိုးရလက်ထက် စီမံခန့်ခွဲတာကို ဖယ်ထားပြီး ငြိမ်ပိ၊ န၀တ၊ နအဖ နာမည်ပြောင်းခံခဲ့တဲ့ နှစ် ၂၀ ကာလမှာ လျှပ်စစ်မီးကို စနစ်တကျ စီမံခန့်ခွဲခဲ့ရင် ယခုလို ဖြစ်စရာ အကြောင်းတခုမှ မမြင်မိပါဘူး။ အခုတော့ လွန်ခဲ့တဲ့ နှစ်၂၀ ထက်ကိုတောင် ပိုဆိုးတာကိုပဲ မြင်ရပါတယ်။ ဟိုတခေတ်က ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းတွေမှာ ယခုလို မီးစက်တွေ ရာနဲ့ထောင်နဲ့ချီ မမြင်ခဲ့ရသေးပါဘူး။
ရန်ကုန်မြို့ထဲက လျှပ်စစ်မီး ဆက်သွယ်ထားတဲ့ မြေအောက်ကြိုးတွေ ဆိုတာလည်း အပတ်စဉ်နီးပါးလောက် ပေါက်နေတာ မြင်နေ တွေ့နေရပါတယ်။ ကြိုးတွေက ဟောင်းအိုလာပြီး လျှပ်စစ်မီး လာတဲ့ နာရီတို လေးအတွင်းမှာ အိမ်တွေ လုပ်ငန်းတွေက တပြိုင်နက် ရေတင်ကြ၊ ချက်ကြပြုတ်ကြ လုပ်တော့ ပူပြီး ပေါက်ကုန်ပါတယ်။
မြေအောက်ကြိုးပေါက်ပြီ ဆိုရင် ဘယ်နေရာလဲ ဆိုတာ လျှပ်စစ်ရုံးက၀န်ထမ်ူးတွေ ချက်ခြင်း သိပါတယ်။ ဖြစ်နိုင်တဲ့ နေရာကို တန်းပြီး တူးဆွကြပါတော့တယ်။ မှန်တာလည်း များပါတယ်။ တော်တော်ကို တော်တဲ့လူတွေလို့ အထင်ကြီးမိပါတယ်။ ဘယ်နေရာမှာ မြေအောက်ကြိုးပေါက်သလဲ လို့ရှာဖွေတဲ့ကိရိယာများ သူတို့မှာ ရှိသလားလို့ပေါ့။ အမှန်ကတော့ ပေါက်နေကျ နေရာက ပြန်ပေါက်မယ်လို့ သူတို့ မျှော်လင့်ထားပြီးသား ဆိုတာ နောက်ပိုင်းမှာ နားလည်လာရပါတယ်။
ယခုတလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို သုံးသပ်ကြည့်တဲ့အခါမှာ တိုင်းပြည်ကောင်းအောင် လုပ်နေတာမဟုတ်ဘူး ဆိုတာ ပိုထင်ရှားလာပါတယ်။ တိုင်းပြည်ကောင်းအောင် မလုပ်တဲ့အပြင် ပျက်အောင် ဖျက်ဆီးနေတာလို့ ပြောရင် ပိုပြောတာ မဟုတ်ပါဘူး။
လူအများစုက လမ်းတွေကောင်းအောင် မီးတွေလာအောင် ဘယ်လိုလုပ်ရင်ရတယ်၊ စသဖြင့် အစိုးရနေရာ ၀င်စဉ်းစားပြီး စိတ်ကူးနဲ့ စီမံကြည့်ကြပါတယ်။ လျှပ်စစ်မီးတွေ ဘယ်လို စီစဉ်လိုက်ရင်ဖြင့် မှန်သွားလိမ့်မယ်၊ လမ်းတွေ ဘယ်လို ပြင်ဆင်လိုက်ရင်ဖြစ် ရေရှည်ခံလိမ့်မယ်။ ပညာရေးတွေ ဘယ်လို ကျင့်သုံးရင်ဖြင့် အဆင့်မြင့်လာလိမ့်မယ် ဆိုပြီး စဉ်းစားကြံဆ ကြည့်ကြပါတယ်။ အဲဒီအခါ မြင်လာရတဲ့ အချက်ကတော့ အစိုးရလုပ်နေတာတွေဟာ ကောင်းသွားစေမယ့် လုပ်ရပ်တခုမှ မဟုတ်ပဲ ပြောင်းပြန်တွေဖြစ်နေတာပါပဲ။
သင်ခန်းစာမယူသေးတဲ့ စာသင်ခန်းပညာရေး
ဆယ်တန်းအောင်စာရင်း ထွက်လို့ ကျရှုံးတဲ့ ကျောင်းသားတွေရဲ့ မိဘတွေ နောက်နှစ် ဘယ်လို လုပ်ရမလဲဆိုတာ ခေါင်းပူအောင် စဉ်းစားပြီး ကျူရှင်တွေ၊ ၀ိုင်းတွေ ဘော်ဒါတွေဆီ ပြေးလွှားစုံစမ်းရ သလို အောင်တဲ့ သားသမီးတွေရဲ့ မိဘတွေလည်း မသက်သာပါဘူး။ ဘာမှ အနှစ်မရှိတော့တဲ့ တက္ကသိုလ် ပညာရေးကို သင်ယူစေမလား ဆိုတာကို စဉ်းစားချင့်ချိန်နေကြရပါတယ်။ ငွေအနည်းငယ် တတ်နိုင်တဲ့ မိဘတွေက နိုင်ငံခြားမှာ ပညာသင်ယူစေနိုင်အောင် ဘာသာစကား၊ သင်တန်းတွေ၊ အခြားကျွမ်းကျင်မှု သင်တန်းတွေ စုံစမ်းရနဲ့ မသက်သာလှပါ။
အလယ်တန်း အထက်တန်း ပညာရေးလည်း မြန်ဆန်စွာ ပျက်စီးလာနေသလို၊ တက္ကသိုလ်၊ ကောလိပ် ပညာရေး ဆိုတာကိုလည်း ဘယ်သူမှ တန်ဖိုးမထားကြတော့ ပါဘူး။ ဘွဲ့တခုနာမည်ရဖို့ အတွက်သာ ဆက်လက် စာရင်းသွင်း တက်စေကြတာပါ။
တနှစ်မှာ အဆိုင်းမင့် ၂ ကြိမ်ကူးရေး ပြီးပို့ စာမေးပွဲနီးရင် အနီးကပ် သင်တန်း ၁၀ရက်ကျောင်းတက် (အမှန်က ကျောင်းသားတွေ ၅ရက် ၆ရက်ထက် ပိုမတက်ကြပါ) ပြီး ဖြေတဲ့ အဝေးသင်ဆိုတာမျိုး အခြားနိုင်ငံကသူတွေ အနေနဲ့ဆိုရင် သြချစရာ ကောင်းလောက်တဲ့ ပညာရေး လို့ဆိုကြမယ် ထင်ပါတယ်။ အဲလို အဝေးသင်ကို နေ့ကျောင်းတက်တာထက် ရွေးချယ်သူပိုများများလာလို့ အစိုးရက အဝေးသင်ကို အမှတ်တွေ မြှင့်တာမျိုးတွေပါ လုပ်လာရပါတယ်။
နအဖ အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းတွေကို မြို့ပြင်ပို့၊ ပြည်နယ်နဲ့တိုင်းတွေရဲ့ မြို့တော်တင်မက မြို့ငယ်တွေမှာပါ ကောလိပ်နဲ့ တက္ကသိုလ်တွေဖွင့်ပြီး ကျောင်းသားတွေကို ခွဲဖြန့်ပစ်နဲ့ မြန်မာနိုင်ငံ ပညာရေး အဆောက်အဦကို ရဲရဲရင့်ရင့် ဖျက်ဆီးလာတာ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် မြန်မာနိုင်ငံထဲမှာ အနောက်နိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တက္ကသိုလ် တက်ဖို့ ပရိုမိုးရှင်း လာလုပ်သူတွေ ယခုနှစ်ပိုင်းမှာ ပိုများပြားလာပါတယ်။ နိုင်ငံခြားသွားဖို့ ပညာရေး ၀န်ဆောင်မှု ကုမ္ပဏီတွေ များပြားလာတာဟာ မြန်မာနိုင်ငံတွင်းက အထက်တန်း ပညာရေးကို မယုံကြည်တော့တဲ့ သဘောဖြစ်ပြီး မြန်မာ့ပညာရေး ကျဆုံးနေမှုကို ပြသတဲ့ လက္ခဏာ တရပ်ဖြစ်ပါတယ်။
စစ်အုပ်စုလက်ထဲက တခါးစေ့စီးပွားရေး
လူတွေ စီးပွားရေးအရ ဒုက္ခရောက်နေမှ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်ဘူး ဆိုတဲ့ အလွန်နိမ့်ကျတဲ့ စဉ်းစား တွေးခေါ်မှုမျိုး နအဖ ခေါင်းဆောင်တွေမှာ ရှိပါတယ်။ ဒီလိုအတွေးမျိုးရှိတယ်ဆိုတာ အရင်တုန်းက ပြောရင် အတွေးခေါင်လို့ ပြောဆိုတာလို့ ထင်မြင်ကောင်း ထင်မြင်ကြမှာ ဖြစ်ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သေချာစွာ စောင့်ကြည့် လေ့လာပြီးတဲ့အခါ အဆိုပါ ယူဆချက်ဟာ အဖြစ်မှန်နဲ့ တော်တော် နီးစပ်တယ် ဆိုတာ တွေ့လာရပါတယ်။
ငြိမ်ပိ၊ န၀တ၊ နအဖ ဆိုတဲ့ နာမည်သုံးခုပြောင်းခဲ့တဲ့ စစ်အစိုးရလက်ထက် အနှစ် ၂၀မှာ အစောပိုင်း ၇ နှစ်ကျော်သာသာပဲ အတိုင်းအတာ တခုအထိ စီးပွားရေး အခွင့်အလမ်း ပွင့်လာတယ်လို့ ကောက်ချက် ချစရာရှိပါတယ်။ ၁၉၉၄၊ ၉၅ နောက်ပိုင်းမှာ တက်ခါစ လုပ်ကိုင်ခွင့်ပေးခဲ့တာတွေ အားလုံး စစ်အစိုးရ မိသားစုတွေ ကုမ္ပဏီတွေ လက်ထဲ၊ နအဖနီးစပ်သူ လုပ်ငန်းရှင်ကြီးတွေလက်ထဲ ရောက်အောင် နည်းအမျိုးမျိုးနဲ့ ကန့်သတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။
ပုဂ္ဂလိက ဘဏ်စနစ် နည်းနည်း အခြေကျလာတယ် လို့ထင်မြင်ယူဆ မိချိန်မှာ ဘဏ်တွေကို ပြိုလဲအောင် လုပ်ဆောင်ခဲ့ပါတယ်။ တနှစ်ထက်တနှစ် ကျလာတဲ့ မြန်မာ့စီးပွားရေး အခြေအနေကို နအဖ မသိလို့မဟုတ်ပါ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေ ဘယ်လောက်လိမ်ပါစေ။ လိမ်ထားတဲ့ ကိန်းဂဏန်း ပင်ကိုယ်က တနှစ်ထက်တနှစ် ဆုတ်ယုတ်လာနေတာကို မြင်နိုင်ပါတယ်။ တိုင်းပြည်စီးပွားရေးထက်ကို ဆွေစုမျိုးစုတွေရဲ့ အကျိုးစီးပွားကိုသာ အာရုံစိုက်နေတာမို့လို့ ကိုယ့်အုပ်စု စီးပွားရေး လုပ်ကိုင်နေနိုင်သရွေ့ ဒီလမ်းအတိုင်း ရှေ့ဆက်ချီတက်သွားမယ်လို့ သံဓိဌါန် ချထားပုံရပါတယ်။
နေပြည်တော် ပြောင်းပြီးနောက်ရန်ကုန်
၂၀၀၅ ခုနှစ်ကုန်ခါနီး ရန်ကုန်မြို့ကို နအဖ အစိုးရအဖွဲ့စွန့်ခွါပြီးနောက် ရန်ကုန်မြို့ရဲ့ လမ်းပန်း ဆက်သွယ်ရေး၊ သွားရေးလာရေး လျှပ်စစ်မီး၊ ရေစတဲ့ ၀န်ဆောင်မှုတွေ ပို၍ပို၍ ဆိုးရွားလာတယ် လို့ရန်ကုန်မြို့မှာ နေထိုင်သူတွေ နားလည်နေကြပါတယ်။ ပျဉ်မနားနဲ့ ကြပ်ပြေး ရေဆင်းတို့မှာသာ လျှပ်စစ်မီး မှန်မှန်လာနေပြီး ကျန်တဲ့ မြန်မာတနိုင်ငံလုံးမှာ မလာတချက် လာတချက်နဲ့ လုံးလုံးပျက်တဲ့နေရာတွေ အများအပြားပါပဲ။
ရန်ကုန်မြို့ကို ကျိုးပျက်နေတဲ့ ပလက်ဖောင်းတွေ ကွဲအက်နေတဲ့ မြောင်းဖုံး ကွန်ကရစ်အခင်းတွေ ချိုင့်ဗရပွနဲ့ ကတ္တရာလမ်း၊ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ တက္ကစီကားများ၊ ပျက်စီးနေတဲ့ မီးပွိုင့်တွေ၊ တနာရီသာသာ မိုးကြီးရင် ချောင်းပေါက်သွားတဲ့ လမ်းများ စတဲ့ ပုံရိပ်တွေနဲ့ ရေးခြယ်ဖေါ်ပြရမယ့် မြို့တမြို့ ဖြစ်နေပါပြီ။
မြန်မာနိုင်ငံအရေး စဉ်းစားလိုက်တိုင်း၊ တစုံတရာ ပြောစရာတွေ့လိုက်တိုင်း ဆယ်စုနှစ်ရှည်ကြာ အုပ်ချုပ်လာတဲ့ စစ်အစိုးရဟာ မြန်မာပြည်သူတွေ ချောင်လည်အောင် ၊ လူနေမှု အဆင့်အတန်း မြင့်အောင်လုပ်ပေးဖို့် ဆန္ဒမှရှိရဲ့လား။ သို့မဟုတ် အာဏာတည်မြဲရေးသာ ပထမ လူထုဘာဖြစ်ဖြစ် အရေးမကြီးဆိုပြီး သဘောထားသလား လို့တွေးတောမိပါတယ်။
တက္ကစီမောင်းသူတဦးက ` တက္ကစီတွေကို လောင်စာဆီ ဈေးမြှင့် ၊ နောက် စီအန်ဂျီဆိုတော့ စီအန်ဂျီပြောင်း၊ ပြောင်းပြီးတော့မှ ကားများသွားလို့ ထည့်ပေးမယ့် ဆိုင်အရေအတွက်က မနိုင်လို့၊ မီးပျက်လို့ ညအိပ်စောင့်ရ၊ နောက် မီတာဆိုလို့ မီတာတပ်ရနဲ့ ဒီအစိုးရဟာ လူတွေ ချောင်လည်အောင် စီးပွားရေးတိုးတက်အောင် လုပ်မယ့် အစိုးရမဟုတ်ဘူး ဆိုတာ ကြာလာလေ သဘောပေါက်လာလေပဲ´ လို့ ငြီးတွားပြောဆိုပါတယ်။
Comments