အသည်းရောဂါ နဲ့ မြစ်ကြီးနား
မိုင်မြစ်ကြီးနား (ဘလော့ဂ်)
ဇွန် ၁၀၊ ၂၀၀၉
အသည်းရောဂါထဲမှာ စီပိုးလို့ခေါ်တဲ့ Hepatitis C ဟာ တော်တော်ဆိုးဝါးတယ်။ ဒီရောဂါနဲ့ သေသွားသူတွေ မနည်းတော့ဘူး၊ ကျနော်တို့ မြစ်ကြီးနားမြို့ထဲမှာတင် တဖြုတ်ဖြုတ်နဲ့ကြွေသွားခဲ့တဲ့ လူကြီးလူရွယ်တွေ မရေနိုင်တော့ဘူး။ ကျနော့် အမေလည်း ဒီရောဂါရှိနေတယ်၊ သူ့ရဲ့ အသိမိတ်ဆွေတွေထဲမှာလည်း စီပိုး ရှိသူတွေ အများကြီးပဲ။ ရွာထဲမှာ အသိထဲက သေသွားသူတွေရဲ့ သတင်းကြားရင် စီပိုး အသည်းရောဂါဟာ အဓိကတရားခံ ဖြစ်နေတာ သိရတယ်။ တနေ့ကလည်း သူငယ်ချင်းတယောက်ရဲ့ အကိုက စီပိုး ရှိနေတယ်ဆိုတာ ကြားရပြန်တယ်။ စီပိုးချည်းပဲ ကြားရလွန်းလို့ ကျနော်လည်း အလွန်အံ့သြမိ တွေးတောမိပါတယ်။
စီပိုးရောဂါက အဓိက သွေးကနေတဆင့်ကူးစက်တာလို့ သိရတယ်။ မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ သွားကုသတဲ့ ကိရိယာ၊ ရောဂါရှိသူရဲ့ အသုံးအဆောင် စသဖြင့် အဲဒီကနေ ကူးစက်နိုင်တယ်။ စီပိုးရောဂါရှိသူတွေရဲ့ လက္ခဏာတချို့ကတော့ အစားအသောက်ပျက်တယ်၊ လွယ်လွယ်နဲ့မောပန်းလာတယ်၊ အသားဝါ၊ အသားခြောက်ပြီးမည်းနေတာ၊ ၀မ်းဗိုက်နာလာတယ် စတာတွေဖြစ်တယ်။
ကျနော့်အမေလိုကျတော့လည်း ဘာလက္ခဏာမှ မပြဘူး၊ ဝေဒနာမရှိဘူး။ ရန်ကုန်ရောက်တုန်း ကျန်းမာရေးစစ်ကြည့်တဲ့အခါ သွေးကိုဖောက်စစ်တော့ စီပိုးရှိကြောင်း အဖြေထွက်တယ်။ အမေက အစတော့ မယုံဘူး၊ လန့်သွားတယ်။ ဒုတိယအကြိမ်စစ်တော့လည်း အဖြေကတူနေတော့ စီပိုးရှိမှန်း သိသွားတယ်။ သေချာပြန်စဉ်းစားကြည့်တော့ မြစ်ကြီးနားမှာတုန်းက သွားဆရာဝန်တယောက်စီမှာ အမေ မကြာခဏ သွားခြစ်လိုက်၊ အံသွားဖာလိုက်၊ လုပ်ခဲ့တာ အဲဒီကနေ ကူးစက်နိုင်တယ်လို့ ယူဆရတယ်။
အဲဒီခေတ်အခါတုန်းက သွားဆရာဝန်ရဲ့ ကိရိယာတန်ဆာပလာတွေဟာ လုံလောက်တဲ့ သန့်ရှင်းရေး၊ ပိုးသတ်ခြင်းတွေ မလုပ်ဘူးလို့ပဲ ထင်ရပါတယ်။ ထပ်တလဲလဲ အဲဒီ ကိရိယာတွေနဲ့ပဲ လူနာပေါင်းစုံမှာ သုံးစွဲခဲ့တော့ ရောဂါတွေ ကူးကုန်တော့တာပေါ့။ ဆရာဝန်ဆေးထိုးအပ်တွေကနေ တဆင့်ကူးတာလည်း ဖြစ်နိုင်သေးတယ်။
မှတ်မိသေးရဲ့လား၊ အရင်က ဆေးထိုးအပ်တွေက ဖန်ပြွန်နဲ့ ရောပြွတ်လိုပဲ၊ ရေပူပူထည့်ထားတဲ့ ဇလုံထဲမှာပဲ(ရေက မဆူပွက်နေဘူး၊ ဓာတ်ဗူးထဲက ရေပူ) နှစ်ခါသုံးခါလောက် ရေနဲ့စုတ်လိုက် မှုတ်ထုတ်လိုက်၊ ပြီးတော့ အပ်တချောင်းထဲနဲ့ပဲ လူနာတွေကို ဆေးထိုးပေးခဲ့တယ်။ ဆိုတော့ အဲဒီ ဆေးထိုးအပ်တွေကနေလည်း ကူးစက်နိုင်တယ်။ နောက်ပိုင်းမှ တခါသုံးဆေးထိုးအပ်တွေ မြန်မာပြည်မှာ စသုံးလာတော့တယ်။
စီပိုးရောဂါကို Interferon Alpha နဲ့ Ribavirin ခေါ်တဲ့ ဆေးနှစ်မျိုးတွဲနဲ့ ထိုးပြီး ကုသကြပါတယ်။ လူနာရဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ၆ လ ကနေ ၁ နှစ်အထိ ဆေးထိုးရပါတယ်။ ဆေးထိုးပြီး ရောဂါအပြီးပျောက်နိုင်တယ်ဆိုလည်း မဟုတ်ပါဘူး။ လူနာတဦးနဲ့တဦး ရောဂါအခြေအနေ မတူပါဘူး။ side effects ကလည်း တော်တော်ဆိုးဝါးပါတယ်။ မြန်မာပြည်မှာတော့ အသည်းအထူးကု ပါရဂူ ဒေါက်တာ ခင်မောင်ဝင်း(နာမည် မသေချာ) တယောက်တည်းရှိတယ်လို့ အရင်ကကြားဖူးတယ်။ နောက်ပိုင်းမှာ လူနာတချို့က စင်ကာပူ၊ ဘန်ကောက်တို့မှာ သွားရောက် ကုသကြပါတယ်။
ပြောချင်တာက စီပိုးရောဂါရှိနေသူတွေက များနေပြီ၊ စီပိုးနဲ့ သေသွားတဲ့လူလည်း များပြီ။ နောက်ပိုင်းလူတွေအတွက် စီပိုးရောဂါဖြစ်နှုံး ကျဆင်းသွားအောင်၊ ကြိုတင်ကာကွယ်အောင်၊ ဘာတွေ လုပ်ပေးနိုင်သလဲဆိုတာ စဉ်းစားကြည့်ရမယ်။
သေချာတာက မြန်မာပြည်မှာ ဘာသာပြန် ဆေးစာအုပ်တွေ၊ ဒေါက်တာ မောင်မောင်ညို သို့မဟုတ် အသည်းရောဂါ ပါရဂူ ဒေါက်တာ ခင်မောင်ဝင်း ရေးတဲ့ အသည်းရောဂါနဲ့ ပတ်သက်တဲ့ စာအုပ်တွေတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ မြစ်ကြီးနားမှာ စာအုပ်ဝယ်ဖတ်သူတွေက နည်းနည်း၊ တချို့က စာဖတ်ဝါသနာ မပါဘူး၊ သက်ကြီးလူအိုတွေတချို့က စာမဖတ်တတ်ဘူး။ ပညာပေးမှုက ထိရောက်ဖို့ လိုလိမ့်မယ်။
ကျန်းမာရေးဌာနက အသည်းရောဂါသိကောင်းစရာ ပညာပေးစာစောင်တွေ ထုတ်သလား၊ ပြည်သူတွေလက်ထဲ ရောက်သလား၊ ရပ်ကွက်မှာဆင်းပြီး ပညာပေးဟောပြောမှုတွေ လုပ်သလား၊ အဲဒါတွေက တကယ်လိုအပ်ချက်တွေပါ။ မြန်မာပြည်က ဆရာဝန်တွေ အနေနဲ့လည်း ကိုယ့်ဆေးခန်းကို လူနာတွေ လာဖို့ချည်းပဲ မျှော်နေမဲ့အစား ဆရာဝန်အသင်းတွေဖွဲ့ပြီး လူထုကျန်းမာရေးအသိပေးပုံစံလို ရပ်ကွက်မှာ ပညာပေးရှင်းလင်းဟောကြားသင့်ပါတယ်။
ပြည်ပရောက် မြစ်ကြီးနားကဆရာဝန်တွေလည်း ကြုံကြိုက်လို့ ကိုယ့်ရွာကို ခဏဖြစ်ဖြစ် အလည်ပြန်ရောက်တဲ့အခါ မြို့ခံဆရာဝန်တွေနဲ့ ဆေးပညာနှီးနှောဖလှယ်ပွဲတို့၊ ရပ်ကွက်ကျန်းမာရေး ပညာပေး ဟောပြောပွဲတို့ လုပ်နိုင်ရင် အလွန်ကောင်းပါတယ်။
အရင်တုန်းက မသိလို့ နားမလည်လို့ မကြားဖူးလို့ ဖြစ်ရတာပါဆိုလည်း ထားလိုက်ပါတော့။
ဒီခေတ်ဒီအချိန်မှာတော့ မြစ်ကြီးနားကလည်း ကျန်နေလို့ မဖြစ်တော့ဘူး၊ မျက်စိပွင့်နားစွင့်နေဖို့လိုပြီ၊ ပြီးတော့ ကျန်းမာရေးက ပထမ အရေးကြီးတယ်။ ကျန်းမာမှ အခြားဟာ လုပ်နိုင်မယ်။ ပြည်သူတွေကို ပညာပေး၊ ဗဟုသုတပေးခြင်းဖြင့်သာ အဲဒီ စီပိုးရောဂါဆိုးကြီးကို ဆက်လက်မပျံ့ပွားအောင် ကာကွယ်လို့ရမှာပါ။
Comments