North Korea Ship no stranger to Burmese locals

မြောက်ကိုရီးယားက ကန်နမ်သင်္ဘော သီလ၀ါဆိပ်ကမ်း၌ ဆိုက်ကပ်ဖူးကြောင်း ဓာတ်ပုံသတင်းထောက်တဦးက ပြောကြား

မိုးမခ အထောက်တော် ၀၀၃

ဇွန် ၂၄၊ ၂၀၀၉

မြောက်ကိုရီးယားနှင့် မြန်မာစစ်အုပ်စုတို့သည် လွန်ခဲ့သည့်နှစ်များကတည်းက သံတမန်အဆက်အသွယ်အပြင် စစ်ဖက်ဆိုင်ရာ၊ အရပ်ဖက်ဆိုင်ရာ အကူအညီ အဆက်အဆံများ ရှိဖူးခဲ့သည်ကို ပြည်တွင်းက သတင်းထောက်များအတွင်း သိရှိပြီး ကိစ္စတခုဖြစ်ကြောင်း၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းပို့ခွင့်ကို စစ်အစိုးရက ပိတ်ပင်ထား၍ လူထုကို ကျယ်ကျယ်ပြန့်ပြန့် သတင်းမပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထောက်တဦးက ထုတ်ဖော်ပြောကြားသည်။

၂၀၀၆ ခုနှစ်များအတွင်း ထိုကန်နမ်သဘောင်္ဆိုက်ရောက်မည်ကို ဂျပန်မီဒီယာများက ကြိုတင်သိရှိပြီး ပြည်တွင်းသို့ အကြောင်းကြားခဲ့ကြောင်း၊ ထိုသတင်းကို ရယူရန် သီလ၀ါဆိပ်ကမ်းအနီးသို့ သတင်းထောက်များက သွားရောက် စောင့်ဆိုင်းထောက်လှမ်းခဲ့ကြကြောင်း၊ ထိုအမည်နှင့်သဘောင်္မှာ သာမန်ကန်းရိုးတန်းသွား ငါးဖမ်းသဘောင်္သာသာဖြစ်သဖြင့် မည်သူကမျှ အရေးကြီးသည့် ကုန်ပစ္စည်းများ တင်ဆောင်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ကြကြောင်း၊ သို့သော် ပတ်ဝန်းကျင်ရှိ ရွာများကို ၀င်ရောက်စုံစမ်းသည့်အခါမှ ထိုမြောက်ကိုရီးယားမှ ၀င်ရောက်သည့် မည်သည့်သဘောင်္မှန်သမျှကို စစ်အုပ်စုက အကြီးအကျယ် လုံခြုံရေးချ ကာကွယ်ပေးလေ့ရှိသည်ကို သိရှိရကြောင်း ၎င်းက ရှင်းပြသည်။

“သူတို့အဆိုကတော့ မြောက်ကိုရီးယားသဘောင်္တွေ ၀င်လာရင် စစ်တပ်က လုံခြုံရေး ချတယ်။ မီးတွေ မှောင်ချတယ်။ ရွာတွေက မြစ်ထဲ ရေထဲမထွက်လာအောင် တားဆီးထားတယ်။ ရွာသားတွေက စိတ်ညစ်ကြရတယ်ပေါ့ဗျာ။ ဆိုက်ဆိုက်ချင်းတော့ လှေတွေနဲ့ သွားချည်းကပ်လို့ရတယ် တဲ့။ ရွာက သားတွေ ငါးတွေ၊ ၀က်တွေ ဆိတ်တွေနဲ့ သဘောင်္ပေါ်က ဒီဇယ်တို့ ဘာတို့နဲ့ လဲစားကြလို့ သူတို့တွေ သွားကပ်ကြလေ့ရှိတယ် ပြောတယ်။ ပြီးရင်တော့ စစ်တပ်က ပိတ်လိုက်ပြီ။ တညလုံး ပစ္စည်းတွေ သယ်တာ၊ ချတာတွေ လုပ်တယ်။ စစ်ကားတွေ အ၀င်အထွက် ရှိတယ်။ အဲသလိုမျိုး။”

ဟု သူ၏အတွေ့အကြုံကို ပြောခဲ့သည်။

မြောက်ကိုရီးယား၏ ပြည်ပသို့ အဆက်အသွယ်များကို အထူးသဖြင့် စောင့်ကြည့်သတင်းလုပ်လေ့ရှိသည့် စာနယ်ဇင်းများမှာ ဂျပန်နှင့် တောင်ကိုရီးယားတို့ ဖြစ်သည်ဟု ဆိုသည်။ ဥရောပနှင့် အမေရိကသတင်းဌာနများက မှတ်တမ်းသဘောမျိုး ရယူသိမ်းဆည်းမှုကို သာမန်ပြုလုပ်လေ့ရှိသည်ဟု ၎င်း၏ အမြင်ကို ပြောကြားသည်။

၁၉၈၃ မှာ မြောက်ကိုရီးယားက မြန်မာမြေပေါ်မှာ တောင်ကိုရီးယားသမ္မတကို လုပ်ကြံရန် ကြိုးစားခဲ့သည်။ ထိုနောက် နှစ်နိုင်ငံသံတမန်အဆက်အသွယ်များ ဖြတ်တောက်ခဲ့သည်။ ၂၀၀၃ မှ ၂၀၀၆ ခုနှစ်အတွင်း မြောက်ကိုရီးယားနှင့် မြန်မာတို့၏ လျို့ဝှက်ဆက်သွယ်ရေးများ ပေါ်ပေါက်လာပြီးနောက်ပိုင်း ၂၀၀၇ တွင် တရားဝင်သံအဆက်အသွယ်ကို နှစ် နိုင်ငံတို့ ပြန်လည် ပြုလုပ်ခဲ့သည်။ ၂၀၀၈ အတွင်း မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးမှာ လူမှုရေးအထောက်အကူများ ပေးအပ်ခြင်းဖြစ်ကြောင်း နှစ်ဖက်စလုံးက ကာကွယ်ပြောဆိုခဲ့သည်။ ၂၀၀၉ အနောက်သတင်းစာမျက်နှာများတွင် မြောက်ကိုရီးယားတို့ ဆောက်လုပ်ပေးသော မြန်မာစစ်အစိုးရ၏ မြေအောက်လှိုင်ခေါင်းစီမံကိန်းများ ပေါ်ထွက်လာခဲ့သည်။ ယခု ၂၀၀၉ မြောက်ကိုရီးယား၏ လက်နက်အားစမ်းမှုများ တိုးမြင့်လာခဲ့ပြီး အနောက်အုပ်စုနှင့် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် မြန်မာနှင့် ဆက်ဆံရေးကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာခြင်းဖြစ်သည်။

Comments