The rat ane the city

တမြီး ငါးဆယ် တပိဿာ နှစ်ထောင် နှင့် ကြွက်မြို့တော် ရန်ကုန်
ဝင်းမြတ်
ဇွန် ၂၁၊ ၂၀၀၉

ကိုဖိုးဇော် ဘယ်ဖက်လက်က အရှိန်တင်ပြီး ဆွဲထားတဲ့ လေးခွဆွဲသီးကို လွှတ်လိုက်တာနဲ့ နောက်ဖေးလမ်းကြား မြောင်းထဲက ခေါင်းပြူထွက်လာတဲ့ ကြွက်တစ်ကောင် ရေဆိုးမြောင်းပုပ်ထဲကို ပြုတ်ကျလာတယ်။

ချက်ချင်း မသေသေးဘဲ ရေမြောင်းတစ်လျှောက် ပြေးနေတဲ့ ကြွက်ကို လက်နဲ့လိုက်ဖမ်းပြီး လမ်းပေါ်ကို ရိုက်ချလိုက်တော့မှ ကြွက် ငြိမ်သက်သွားတယ်။ သည်ကြွက်ဟာ ကိုဖိုးဇော် သည်နေ့ ဖမ်းမိတဲ့ စတုတ္ထမြောက်ကြွက် ဖြစ်ပါတယ်။

သည်နေ့ ကိုဖိုးဇော်တို့ ကြွက်ဖမ်းတဲ့ အဖွဲ့မှာအဖွဲ့ဝင် ၇ ယောက် ပါဝင်ပါတယ်။ သူတို့ဖမ်းမိတဲ့ ကြွက်တွေရဲ့ အမြီးကို ရန်ကုန် (မြို့တော် မဟုတ်တော့) စည်ပင်သာယာရေး ကော်မတီကို ပေးလိုက်ရင် တစ်မြီးကို ငွေကျပ် ငါးဆယ် ရပါလိမ့်မယ်။ “ကျန်တဲ့ ကိုယ်လုံးကိုတော့ ရှက်ကီဆိုင် (အရက်ဆိုင်) ပို့လိုက်တာပေါ့” လို့ သူက ဆေးလိပ်တိုကို ပါးစပ်မှာ ခဲရင်းက ပြောပြပါတယ်။

ကိုဖိုးဇော်ဟာ စွပ်ကျယ်အင်္ကျီ လက်ပြတ်နဲ့ ချည် ပုဆိုးကြမ်းကို ခပ်တိုတို ၀တ်ထားပြီး လက်တစ်ဖက်မှာ စည်သွပ်ဗူး အဟောင်းတွေနဲ့ လုပ်ထားတဲ့ ရေနံဆီမီးခွက် တစ်ခွက်ကို ကိုင်ထားပါတယ်။ ကျန် လက်တစ်ဖက်မှာ လေးခွ တစ်လက်နဲ့ ပလတ်စတစ် ခြင်းတောင်း အကြီး တစ်လုံးကို ကိုင်ထားပါတယ်။ ခြေထောက်မှာတော့ ပေါပေါပဲပဲ ဖော့ဖိနပ် တစ်ရံကို စီးထားတာ တွေ့ရတယ်။

ကြွက်သားတစ် ပိဿာကို ကျပ် ၂၀၀၀ ပေါက်ဈေး ရှိတယ်။ တစ်နေ့ကို အကောင် လေးငါးဆယ် မိပြီး တစ်ကောင်ကို အနည်းဆုံး သုံးဆယ်သားလောက် ရှိနေတော့ ကိုဖိုးဇော်တို့ ကြွက်ဖမ်းသမားတွေရဲ့ ၀င်ငွေက မသေးလှဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် ကြွက်ဖမ်းတဲ့ အလုပ် ကတော့ နေ့တိုင်း ဖမ်းချင်လည်း ဖမ်းလို့မရဘဲ ရာသီဥတုပေါ်မှာလည်း မူတည်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပေါ်မှာ လူဦးရေ ထူထပ်လာပြီး စနစ်တကျ မရှိတဲ့ စွန့်ပစ် အမှိုက်တွေ များလာတဲ့ အခါ ကြွက်တွေ အတွက် အစားသောက်တွေ ပေါများလာသလို အမှိုက်သရိုက်တွေနဲ့ ပြည့်နေတဲ့ ရေဆိုးမြောင်းတွေနဲ့ နောက်ဖေး လမ်းကြားတွေဟာ ကြွက်တွေ ခိုအောင်း ပေါက်ပွားဖို့ နေရာကောင်းတွေ ဖြစ်လာခဲ့ပါတယ်။

အဆမတန် ပေါများလာတဲ့ ကြွက်တွေကို နှိမ်နင်းဖို့ အတွက် ကိုဖိုးဇော်တို့ နေထိုင်တဲ့ လေးထောင့်ကန် မြို့နယ်လိုမျိုး စပါးစိုက်တဲ့ လယ်ကွက်တွေ ရှိပြီး ရွာသားတွေကလည်း လယ်ထဲက ကြွက်တွေကို ထောင်ဖမ်းတဲ့ နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်တာကြောင့် ရန်ကုန် စည်ပင်သာယာက ခေါ်ယူပြီး ခိုင်းထားတာပါ။ ရွှေပြည်သာ၊ လှိုင်သာယာလို မြို့အစွန်က လူတွေလည်း ကြွက်နှိမ်နင်းရေးအဖွဲ့မှာ ပါဝင်ကြတယ်။

“ကွင်းထဲမှာတော့ ညှပ်နဲ့ထောင်တယ်။ မြို့ပေါ်မှာဆိုတော့ ညှပ်နဲ့ ထောင်ရတာထက် လေးဂွနဲ့ ပစ်ဖမ်းရတာ ပိုများတယ်” လို့ ကိုဖိုးဇော်က ပြောတယ်။

ရန်ကုန်မြို့မြေညီထပ် တိုက်ခန်းတွေမှာ နေထိုင်သူတွေကို ဒုက္ခ အပေးဆုံးကြွက်ကတော့ နောက်ဖေး လမ်းကြားက စွန့်ပစ်အမှိုက်တွေကို မှီတည် ရှင်သန်နေကြတဲ့ မြေကြွက်နဲ့ ကြွက်စုတ်တွေပါ။ တိုက်ခန်း အောက်ခြေ ကွန်ကရစ်ခင်းတွေကို ကိုက်ဖောက်ပြီး အိမ်တွေထဲအထိ ၀င်လာတတ်ကြပါတယ်။

အထပ်မြင့် တိုက်ခန်းတွေနဲ့ အဆောက်အဦတွေမှာတော့ အိမ်ကြွက်လို့ ခေါ်တဲ့ ကြွက်ဝမ်းဖြူတွေက ကြီးစိုးပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းကာလ မိုးတွင်းဖက်တွေမှာ ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ်လာတာကြောင့် မြောင်းထဲမှာ ရှင်သန် နေထိုင်ကြတဲ့ ကြွက်တွေလည်း နေအိမ်နဲ့ ရုံး အဆောက်အဦ တွေ ပေါ်ကို ပြောင်းရွှေ့လာကြတယ် လို့ ဆိုပါတယ်။

ပန်းဆိုးတန်းလမ်းပေါ်မှာ ရှိတဲ့ ရုံးတစ်ရုံးက စာရေး ၀န်ထမ်းတစ်ဦးက “ ထမင်းစားနေရင်းနဲ့တောင် ကြွက်က စားပွဲခုံ အောက်က ဖြတ်သွားတယ်။ အရင် ကြွက်တွေလို မဟုတ်တော့ဘူး။ အကောင်လည်း ကြီးတယ်၊ ခြောက်လှန့် မောင်းထုတ်ရင်လည်း မကြောက်ဘူး။ တစ်ခါတစ်လေ ကျရင် နာနေတဲ့ ကြွက်တွေပါ တွေ့လာရတယ်” လို့ ပြောပြတယ်။

ကြွက်ရဲ့အမွေးတွေထဲမှာ နေတဲ့ ကြွက်လှေး (rat flee) တွေ အကိုက်ခံရရင် ရောဂါ ကူးစက်နိုင်သလို ကြွက်ရဲ့ အညစ်အကြေးတွေမှာလည်း ရောဂါပိုးတွေ ရှိနေပါတယ်။ ကြွက်ရဲ့ ကျင်ငယ်ထဲမှာ ပါတဲ့ ရောဂါပိုးဟာ လူ့အရေပြားထဲကို ဖောက်ဝင်နိုင်ပြီး လက်တိုစပိုင်ရိုးစစ်(Leptospirosis) ရောဂါကို ဖြစ်စေနိုင်တယ်လို့ အဏုဇီဝဗေဒ ဆိုင်ရာ ဆရာဝန် တစ်ဦးက ရှင်းပြပါတယ်။

“ကြွက်ကနေ တစ်ဆင့် လူကို ကူးစက်နိုင်တဲ့ ကြောက်စရာ ကောင်းတဲ့ ရောဂါတွေကတော့ ပလိပ်(Plague) ရောဂါနဲ့ လက်တိုစပိုင်ရိုးစစ် (Leptospirosis) ရောဂါတွေ ဖြစ်တယ်” လို့ အဏုဇီဝဆရာဝန်က ပြောတယ်။

“လက်တိုစပိုင်ရိုးစစ် ရောဂါက သွေးဆိပ်တက်မယ်၊ အသည်း၊ ကျောက်ကပ်နဲ့ ဦးနှောက် အမြေးပါးကိုပါ ဖျက်ဆီးနိုင်တယ်။ တစ်လောတုန်းက မလေးရှားမှာ မြန်မာလူမျိုးနှစ်ယောက် လက်တိုစပိုင်ရိုးစစ် ရောဂါကြောင့် သေဆုံးသွားတယ် လို့ ကြားလိုက်တယ်။ အဲဒါ ကြွက်က တစ်ဆင့် ကူးတဲ့ ရောဂါပေါ့” လို့ ဆက်ရှင်းပြတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့လူတွေမှာ လက်အိတ် မပါ၊ ဖိနပ် ကောင်းကောင်း မပါဘဲ၊ အမှိုက်စွန့်ပစ် စနစ်နဲ့ ရေဆိုးမြောင်း စနစ် သေချာမရှိတဲ့ ရန်ကုန်မြို့က မြောင်းတကာကို လိုက်ပြီး မကြာခဏ ဆိုသလို ကြွက်တွေကို ထိတွေ့ ကိုင်တွယ်နေတဲ့ ကိုဖိုးဇော်တို့လို ကြွက်ဖမ်းတဲ့ သူတွေဟာ ကြွက်က တစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ၀င်ရောက် ကူးစက်နိုင်ဖို့ အခွင့်အလမ်း တော်တော်များများ ရှိနေတာ တွေ့နိုင်တယ်။

သူတို့တင်ပဲလား ဆိုတော့ မိုးသည်းထန်ချိန် နောက်ဖေးလမ်းကြားက စီးဆင်းလာတဲ့ ရေဆိုး ရေညစ်တွေနဲ့ ပြည့်လျှံနေတဲ့ ရန်ကုန်မြို့ပေါ်မှာ နေထိုင်သူတွေမှာလည်း အထက်က ဖေါ်ပြခဲ့တဲ့ ရောဂါတွေ ကူးစက် နိုင်ခြေ ရှိတယ်ဆိုတာ လူအများစုက တွေးတောင် တွေးမိကြမှာ မဟုတ်ပါဘူး ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဖိုးဇော်တို့လို စည်ပင်က တရားဝင် အသိအမှတ် ပြုထားတဲ့ ကြွက်မုဆိုးတွေ အတွက်ကတော့ ရန်ကုန်မြို့ပေါ်မှာ အလုပ်တွေက အများသား။

ကိုဖိုးဇော်ဖမ်းမိတဲ့ ပဉ္စမမြောက်ကြွက်ကတော့ အိမ်ကြွက်လို့ အများက ခေါ်လေ့ရှိကြတဲ့ ကြွက်ဝမ်းဖြူ တစ်ကောင် ပါပဲ။ သည်ကြွက်ကိုလည်း တခြားကြွက်တွေနဲ့အတူ ခြင်းတောင်းထဲကို ထည့်လိုက်တယ်။

ပြီးတော့ ကိုဖိုးဇော်က ဟာသနှောရင်း အခုလို ပြောတယ်။

“ဘာကြွက်ဖြစ်ဖြစ် အတူတူပါပဲ။ တစ်မြီးကို ငါးဆယ် တစ်ပိဿာ ၂၀၀၀။ အားလုံး မြောင်းထဲက မိတဲ့ မြောင်းတကာ ကြွက်ပဲ” ။

Comments