riot police running around Rangoon


ရန်ကုန် လုံခြုံရေး တင်းကြပ်၊ လုံထိန်းကားများ မြို့ကို လှည့်လည်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန်လ ၂၄၊ ၂၀၀၉



ယနေ့ နေ့ခင်း ၁၁ နာရီ ၀န်းကျင်ခန့်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် လုံထိန်းကား အစီးပေါင်း ၃၀ ၀န်းကျင်ခန့် မြို့တော်ခန်းမရှေ့တွင် ရပ်တန့် အင်အားပြခဲ့ပြီးနောက် ရန်ကုန်မြို့ကို လှည့်ပတ် သွားလာနေသည်။

မြို့တော် ခန်းမရှေ့နှင့် ရန်ကုန်တိုင်း ရဲရုံးတ၀ိုက်ကို လုံထိန်းကားများ ၀ိုင်းပတ်ပြီး ရပ်တန့်ထားသည်ကို တွေ့မြင်ခဲ့ရသည်သည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ထိုအဖြစ်အပျက်ကြောင့် ယခုကဲ့သို့ လုံထိန်းကား အများအပြားဖြင့် အင်အားပြလှည့်လည်နေ ခြင်းဖြစ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။

ဗိုလ်တထောင်မြိုနယ်တွင် နေထိုင်သူတဦးကလည်း နေ့လည် ၁၂နာရီခန့်က မဟာဗန္ဓုလ လမ်းမကြီး အတိုင်း လုံထိန်းကား ၁၂စီးခန့် ပါသည့် ယာဉ်တန်း လှည့်လည်သွားသည်ကို တွေ့လိုက်ရသည်ဟု ပြောဆိုသည်။

မည်သည့် အကြောင်းကြောင့် ယခုကဲ့သို့ လှည့်နေသည်ကို မခန့်မှန်း တတ်ကြောင်း မြို့ခံများက ပြောဆိုသည်။ မြောက်ကိုးရီးယား လက်နက်တင် သင်္ဘော ရန်ကုန်သို့ ဦးတည်လာနေခြင်း နှင့် ယခုလို လုံခြုံရေး တင်းကြပ်နေခြင်းတို့ ဆက်စပ်မှု ရှိနိုင်သည်ဟု တချို့က ပြောဆိုနေကြသည်။

မြောက်ကိုးရီးယား သင်္ဘော နှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရက မည်သည့် ဝေဘန် ပြောဆိုမှုမျိုးမှ ယခုအချိန်ထိ ပြုလုပ်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံရေး အကြပ်အတည်းကို ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏ အထူး သံတမန် မစ္စတာ ဂမ်ဘာရီလည်း မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်ဟု သတင်း ဖော်ပြချက်များ အရ သိရသည်။

Comments