Some Opposition Group inside Burma angry over Junta's delay tatics

စစ်အုပ်စု တရားရုံးရက်ချိန်းများကို အတိုက်အခံလူငယ်အသိုင်းအ၀ိုင်းအချို့က မခံမရပ်နိုင်ဖြစ်

မိုးမခအထောက်တော် ၀၀၃

ဇွန် ၉၊ ၂၀၀၉

ယခင်အပတ်တွင် စစ်အုပ်စုက အင်န်အယ်ဒီပါတီက ဒေါ်အောင်ဆန်းစုကြည်ရှေ့နေများ တင်သွင်းသော အယူခံရက်ချိန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရမှု အပြီးသတ်လျှောက်လဲချက် ရုံးချိန်းများ ရွေ့ဆိုင်းခြင်းများကြောင့် မခံမရပ်နိုင်ဖြစ်ကြရကြောင်း အမည်မဖော်လိုသော အတိုက်အခံ ကျောင်းသားလူငယ်အဖွဲ့အချို့က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုအတိုက်အခံလူငယ်အဖွဲ့က ပြောကြားရာတွင် ၎င်းတို့အနေနှင့် အင်န်အယ်ဒီပါတီ၏ “လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့” က ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်အား မတရားစီရင်နေခြင်းကို ပြင်းထန်စွာကန့်ကွက်သည့် ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း၊ ယခုအချိန်တွင် စစ်အစိုးရက မတရားမှုများ အစွမ်းကုန် ကျူးလွန်ပြီး မြန်မာပြည်သူတို့ကို စော်ကားလိုက်ခြင်းကို သည်းမခံနိုင်ကြောင်း၊ ဥပဒေစကားနှင့် ပြောနေချိန်ထက် မြန်မာပြည်သူတို့ကို အမှန်အတိုင်း အသိပေးဖြန့်ဝေရန်လိုကြောင်း သူတို့က မိုးမခသို့ ပြောဆိုခဲ့သည်။

“အင်န်အယ်ဒီပါတီက လူထုကို ဦးဆောင်ရမယ်။ ဦးဆောင်တဲ့နေရာမယ် ပြတ်ပြတ်သားသား အမှန်အတိုင်းကို ပြောပြမှ ဖြစ်မယ်။ အဖွဲ့ချုပ်လူငယ်တွေရဲ့ ထုတ်ပြန်ချက်ကို စစ်အစိုးရက အငြိုးထားပြီး အပြစ်တင်တယ်။ လူကြီးတွေကို ခေါ်ပြီး ချိန်းခြောက်တယ်။ အခုအရေးအခင်းကို ဒီမိုကရေစီအရေးကို လိုလားတဲ့ မြန်မာတွေအားလုံးက ပေါ့ပေါ့လေး မတွေးနိုင်ဘူး။ ဖော့ပြီးလည်း မထားနိုင်ဘူး။” ဟု ထိုအတိုက်အခံအဖွဲ့ငယ်၏ လူငယ်တဦးက မှတ်ချက်ပေးသည်။

၎င်းတို့အနေနှင့် ပြည်သူလူထုထံသို့ သတင်းအစစ်အမှန်များ လျှင်လျှင်မြန်မြန် စီးဆင်းနေစေရေး၊ တက်ကြွရဲ့ရင့်သော အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင်များ၊ လူငယ်တာဝန်ခံများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ၎င်းတို့၏ ပြောကြားချက်များကို ကြားနာရေး၊ ၀ိုင်းဝန်းဆွေးနွေး အဖြေရှာကြပြီး စစ်အစိုးရနှင့် အလိုတော်ရိအကြမ်းဖက်သမားများ၏ ခြေလှမ်းများကို ကြိုတင်ဖော်ထုတ် အသိပေးနိုင်ရေး စသည့် လတ်တလောလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန် ကြိုးစားနေကြောင်း အသိပေးသွားသည်။

Comments