Talk wtih street vendor selling pork

ဈေးရောင်းထွက်ခြင်း

(အိမ်ရှင်မ ဈေးသည်တဦးနှင့် စကားပြောခြင်း)

ကျော်လင်းနိုင်

ဇွန် ၃၊ ၂၀၀၉

မေး - အမက ဈေးဝယ်လား၊ ဈေးသည်လား

တကယ်တော့ဈေးရောင်းခြင်းက ဈေးဝယ်ခြင်းထက်ပိုပြီး အရေးပါကြောင်း ကျမကိုယ်တိုင်နားလည်နေပြီပေါ့။ ကျမကိုယ်တိုင်က အိမ်ရှင်မ ဖြစ်နေတော့ ဈေးဝယ်သူဖြစ်ပြီးသားပါ။ ကိုယ်တိုင်ကဈေးသည်ဖြစ်နေတဲ့အတွက် ဈေးရောင်းသူအဖြစ်လည်း ရုန်းကန်နေရ တယ်လေ။ ဒါကြောင့် ကျမရဲ့ကိုယ်တွေ့အရပြောရရင် ဈေးဝယ်ခြင်းထက် ဈေးရောင်းခြင်းက ပိုပြီး ပညာသားပါတယ်။ ပိုပြီးခက်ခဲရှုပ်ထွေး တယ်လို့ ကျမထပ်ပြီးဆိုလိုက်ချင်ပါရဲ့။

ဈေးဆစ်တဲ့သူတွေအပေါ် သဘောထား

မတော်မတရားဈေးဆစ်တတ်သူကို ပထမတော့ ကျမငြိုငြိုငြင်ငြင်ဖြစ်တာအမှန်ပါ။ ဒါပေမယ့် ဈေးသည်ဘဝ သက်တမ်းကကြာလာတော့ ဈေးဆစ်သည်ဖြစ်စေ၊ မဆစ်သည်ဖြစ်စေ ကျမအဖို့တော့ ဘာမှထူးခြားမှုမရှိတော့ပါ။ ဟုတ်တယ်လေ၊ ဈေးဆစ်တတ်တဲ့ ဉာဉ်ရှိသူကို သူ့အလိုလိုက်ပြီး အတတ်နိုင်ဆုံးလျှော့ပေးလိုက်ပါတယ်။ သူကျေနပ်သွားတာအမှန်ပါ။ နောက်ပြီး ကျမချိန်ပေးသလို ယူသွားမှာသေချာပါ တယ်။ ကျမဆီမှာက အနည်းဆုံး အလေးနှစ်မျိုးနှစ်စားရှိပါတယ်။ တမျိုးက အလေးမှန်၊ နောက်အလေးတမျိုးက အပေါက်ပါတဲ့အလေး (အခေါင်းပွအလေး) အဲဒီတော့ ဈေးဆစ်ရမှ ကျေနပ်သူကို ဈေးလျှော့ပေးပြီး အလေးပွနဲ့ချိန်ပေးလိုက်တယ်လေ။ လက်ကလည်း ချိန်ခွင်ကို ကုန်ဘက်သာအောင် ကစားလိုက်တယ်။ ဒါကြောင့်ပြောတာပေါ့၊ ဈေးဆစ်သည်ဖြစ်စေ၊ မဆစ်သည်ဖြစ်စေ ကျမအတွက် မထူးခြားပါဘူးလို့။

အမရဲ့ ရောင်းကုန်ကလေးအကြောင်း ပြောပြပါဦး

ကျမရောင်းတဲ့ ကုန်ပစ္စည်းအကြောင်းပြောချင်တာပါ။ ဈေးသည်အတွေ့အကြုံလေး ပြောပြနေလို့ ခုမှပြောရတော့မယ်။ ကျမ ရောင်းတဲ့ ကုန်က ဝက်သားပါ။ ဒါဆို ကျမက ဝက်သားသည်ပေါ့။ အခုလို စားသုံးဆီဈေး၊ သားငါးဈေးတွေ ဂြိုလ်တုနဲ့အတူ လကမ္ဘာကိုတက်နေတဲ့ အချိန်မှာ အိမ်ရှင်မတော်တော်များများက ဝက်သားကိုပဲ အာရုံရောက်ကြတယ်လေ။ ဝက်သားကဆီကုန်သက်သာတယ်။ အရိုးမရှိဘူး။ အစားခံတယ်။ ဒီအချက်တွေကြောင့်လည်း ဝက်သားကိုသဘောကျနေတာပါ။ အိမ်ရှင်မတွေဆိုတာက နေ့တိုင်းမိုးလင်းတာနဲ့ လက်ထဲမှာရှိတဲ့ ငွေနဲ့ မိသားစုဦးရေကို ချိန်ကြည့်နေရသူတွေ။ ဒီနေရာမှာ ငွေပေါတဲ့ လူနည်းစုအိမ်ရှင်မတွေမပါဘူးနော်။ ကျမတို့ရောင်းတဲ့ မြောက်ဥက္ကလာလို လမ်းဘေးဈေးကလေးကို ဈေးလာဝယ်ကြတဲ့ အိမ်ရှင်မတွေကိုပြောတာပါ။ ဗိုလ်ချုပ်ဈေးကို ဈေးဝယ်သွားသူတွေကို မပြောရဲပါဘူးရှင်။

အမက ဘယ်ဒိုင်က ယူပြီး ဘယ်ဈေးမှာ ရောင်းသလဲ

ကျမစကားက ဘေးကိုနည်းနည်းချော်သွားသလားမသိ။ ကျမရောင်းတဲ့ ကုန်ပစ္စည်း။ အဲ- - ဝက်သားအကြောင်းပဲပြောပါတော့မယ်။ မြောက်ဥက္ကလာပက ဝက်သားသည်အားလုံး ‘ဈ’(မြင်ဇွဲ) ဈေးက ဒိုင်မှာသွားယူကြရတယ်။ ကျမက ‘ည’ ရပ်ကွက်မှာနေပြီး။ နံနက် လေးနာရီ အိပ်ယာထ၊ ပြင်ဆင်တောင်းဆွဲပြီးထွက်၊ ဒိုင်ရောက်တော့ ကျမရှေ့မှာ အုပ်စုတစုကရောက်နေမြဲ။ သူတို့ကမိုးမလင်းမီ သုံးနာရီခန့်ကတည်းက လာပြီး ဈေးရှေ့မှာပဲ အိပ်ပြီးစောင့်နေမြဲပါ။ ‘ဃ’ (ကြီး) ဈေး၊ ‘ဌ’(၀မ်းပဲ)ဈေး၊ ‘ခ’(ခွေး) ဈေး ‘င’ ရပ်ကွက်ဈေးနဲ့ ဝေဘာဂီ၊ ရွှေပေါက္ကံ စတဲ့နေရာအနှံ့အပြားက ဈေးသည်တွေ ဒီဒိုင်မှာပဲလာဆုံကြတယ်။ ကျမက အချိန် တဆယ်ပြည့်အောင်တောင် မယူနိုင်တဲ့ဈေးသည်။ လမ်းမတခုပေါ်မှာရှိတဲ့ ပျံကျ ဈေးကလေးမှာ ရောင်းရတဲ့ဈေးသည်ပါ။

ဈေးသည်တဦးရဲ့ “ဒိုင်”မှာ ဈေးဝယ်ရတဲ့ အတွေ့အကြုံက ဘယ်လိုရှိပါသလဲ အမ

ဒိုင်မှာ ဝက်သားယူရတာကလည်း မလွယ်လှဘူး။ စွန့်စားခန်းလေးတွေနဲ့ပေါ့။ ပိုင်ရှင်ကို မျက်နှာချိုသွေးရ၊ ပိုင်ရှင်ရဲ့အမျိုးကို ချော့ရ၊ စာရင်းမှတ်သူကို ကပ်ရ၊ ဒီကြားထဲ အသားကောင်းကောင်းရဖို့အတွက် ဝက်သားတွဲကို ကားပေါ်ကချပေးသူကိုလည်း မောင်လေးတန် မောင်လေး၊ အစ်ကိုတန် အစ်ကိုနဲ့ ပေါင်းရရုံတင်မကပါဘူး၊ ကတ္တားချိန်ခွင်ကိုင်သူကိုလည်း ရင်းနှီးအောင်ဆက်ဆံရသေး မလွယ်လှပါဘူး။ အဲ— ပိုပြီးမလွယ်တာကတော့ ဝက်လုပ်သား ယောင်္ကျားကြီးငယ်တွေက စ ကြ၊ ပြောင်ကြ၊ ရိကြတာကို အံကြိတ်သည်းခံရတဲ့အလုပ်က ရိုးသလိုနဲ့ ရိုးမသွားဘူး။ ဒီလိုနဲ့ဝက်သားသည်ဘဝမှာ ဆယ်စုနှစ် နှစ်ခု ကျော်လာပြီမို့ ဝက်နဲ့အတူ အတော်အတန်တော့ အရေထူနေပါပြီလေ။

ဈေးသည်တဦးအနေနဲ့ ဈေးဝယ်တွေနဲ့ အတွေ့အကြုံ အဆုံအမြင်လေး

ဒီကြားထဲ ဈေးဝယ်သူအမျိုးမျိုးနဲ့ ကြုံရသေးတယ်။ တချို့ကမှန်မှန်ကန်ကန်ဝယ်ယူကြတယ်။ တချို့ကျပြန်တော့ ဝင်လာကတည်းက ဈေးသည်ကို လူလိမ်လူကောက်တယောက်လို့ သဘောထားကြသူတွေ။ ဈေးမမေးရသေးဘူး အလေးမှန်ရဲ့လား ပြန်ချိန်မှာနော်စတဲ့ မယုံမကြည်စကားတွေ အလျင်ပြောလာတတ်ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့အနိုင်နိုင်စားရသူတွေပါ။ ကြီးပွားချမ်းသာဖို့ဆိုတာ တခါမှ စိတ်ကူးထဲရောက်မလာဘူး။ မိသားစု ဝ ရုံစားရရင် ကျေနပ်နေသူပါ။ ဒါကြောင့် မတရား လိုချင်စိတ်မရှိပါဘူး။ ရသင့်တဲ့အမြတ်ရရင် ကြည်နူးနေသူတွေပါရှင်။ ကျမ မမှန်ကန်တာရှိကောင်းရှိပါလိမ့်မယ် အဲဒါက ဈေးဝယ်သူအပေါ်ကြည့်ပြီးလုပ်ရတာလေ။

ဈေးရောင်းတယ်ဆိုတာကတော့ အမြတ်ရရင်ရမယ်၊ တခါတရံ အရှုံးပေါ်လျှင်ပေါ်မည်ဆိုတာတော့ သိပါတယ်။သို့သော်လည်း ဈေးသည်တိုင်းက အမြတ်ပဲလိုချင်ကြတယ်လေ။ ကိုယ်ပိုင်အရင်းအနှီးရှိသူတွေ ငွေပိုငွေလျှံရှိသူ ဈေးသည်တွေအနေနဲ့ အရှုံးဒဏ်ကိုခံနိုင်ကြပေ မယ့် ကျမတို့လို ခြေဖဝါး လက်ဖဝါးသာရှိပြီး နေ့ပြန်တိုးနဲ့ အရင်းလုပ်နေရသူတွေအနေနဲ့ အရှုံးပေါ်တာနဲ့တပြိုင်နက် ကိုယ်စားဖို့ထက် အကြွေးဆပ်ဖို့ ဦးစားပေးရတာမို့၊ ဒီအခါမျိုးမှာ အဝတ်အထည်ကိုပြေးပေါင်ပြီး ဖြည့်ဆည်းလိုက်ရတယ်လေ။

ရောင်းကုန်မှာ အမျိုးအစား ခွဲခြားပြီး ရောင်းရပါသလား အမ

ထားပါတော့လေ ပြောမဆုံးပေါင် တောသုံးထောင်ဆိုသလို ဖြစ်နေတာကတော့ကြာပါပြီ။ ရောင်းကုန်ပစ္စည်းလေးအကြောင်း ပြောပြ ချင်ပါသေးတယ်။ ဝက်သားလို့လွယ်လွယ်ခေါ်လိုက်ကြပေမယ့် ဝက်သားဆိုတဲ့ခေါင်းစီးအောက်မှာက ပစ္စည်းအမျိုးအစားအလိုက် အခေါ် အဝေါ်တွေက အများကြီးပဲ။ ဈေးနှုန်းကလည်းမတူဘူး။ အဲ—ပြောရအုံးမယ်၊ ဝက်သားခုတ်ရာမှာလည်း တောခုတ်၊ မြို့ခုတ်ဆိုတာရှိသေးရဲ့။ တောခုတ်ဆိုတာကတော့ ဝက်တကောင်ကို ခေါင်းဖြတ်၊ လေးခြမ်းပိုင်း ခန္ဓာကိုယ်ခြေပိုင်း၊ လက်ပိုင်းစသည်ဖြင့် အရိုးရော အသားပါရော ခုတ်ပြီးရောင်းတာ။ ကျုပ်တို့ရွာမှာဆို တပိဿာတွဲ၊ ငါးဆယ်သားတွဲတွေ ထမ်းပိုး(ဝါးလုံး)မှာတွဲလောင်းဆွဲထမ်းပြီး အတွဲလိုက်ရောင်းကြ တယ်။ ဒါကြောင့်တောခုတ်လို့ ခေါ်တာထင်ပါရဲ့။ ရန်ကုန်မှာကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှော်ကားစတဲ့နေရာတွေမှာ တောခုတ် ခုတ်ပြီး ရောင်းကြတယ်။ အဲဒီမှာကတော့ ကိုယ်မွေးတဲ့ဝက်ကို ကိုယ်တိုင်ပေါ်ရောင်းကြတာများပါတယ်။ ဒါကြောင့်ဈေးလည်းသက်သာတယ်။ ရန်ကုန်မြို့တွင်းကဆိုင်တွေမှာ ဝက်သားတပိဿာ ငါးထောင်အထက်ဖြစ်နေပေမယ့် လှိုင်သာယာ၊ ရွှေပြည်သာမှာ သုံးထောင် အထက်ပို ရောင်းရင် ဘယ်သူမှဝယ်စားနိုင်ကြမှာမဟုတ်ပါဘူး။

တောခုတ်၊ မြို့ခုတ်အပြင် ခေတ်ပေါ် အခုတ် တွေကော ပြောပြပါဦး

ကျမတို့မြောက်ဥက္ကလာမှာက မြို့ခုတ်၊ မြို့ခုတ်ဆိုတာ ဝက်တကောင်လုံးကို သူ့အမျိုးအစားနှင့်သူ ခွဲပြီးခုတ်ရတာမျိုး။ ဒီနေရာမှာ အခေါ်အဝေါ်တွေကရှိသေး။ ဥပမာ ‘ချိုကျ’ဆိုတာက အူနဲ့ခေါင်းကိုပြောတာ။ ‘ပါးကော်’ ဆိုတာက ပါးသားနဲ့ကော်လံဘတ်သား “ကော်လံဘတ်” ဆိုတာက ကလီဇာထဲက အခက်အခက်နဲ့ အသားတမျိုး။ ‘သားစ’ဆိုတာကလှီိးလို့ အစအနတွေထွက်လာတာကိုပြောတာပြီးတော့- - ‘ခခသ’ ဆိုသည်ကရှိသေး၊ အဲဒါကတော့ခြေထောက်၊ အခေါက်နဲ့ အသွေးကိုပြောတာပါ။ ပြီးတော့ ခေါင်း၊ လက်၊ အရိုးအစုံလိုက်၊ နံရိုးစသည်ပေါ့။ အမျိုးအစားအလိုက် ဈေးနှုန်းကအမျိုးမျိုး။ ရန်ကုန်မှာက အားလုံးအဆင်သင့်၊ဘာလဲ ရယ်ဒီမိတ်ဆိုလား၊ ဝက်သားဝယ်သူတွေကို အဆင်သင့် ချက်နိုင်အောင်ခုတ်ပေးမှ သဘောကျတာမျိုး။

အမတို့က ဘယ်လိုဈေးသည်အမျိုးအစားထဲမှာ ပါသလဲ။ စင်ပေါ်ကလား၊ လမ်းပေါ်ကလား။

တချို့ဝက်သားသည်တွေမှာ ဆွဲကြိုးတွေ လက်ကောက်တွေစတဲ့ လက်ဝတ်ရတနာတွေဝင်းလို့၊ တွဲလို့။ အဲဒါက ကျမပြောခဲ့သလို ကိုယ်ပိုင်ငွေကြေးအရင်းအနှီးနဲ့ ဈေးကြီးကြီးတွေမှာ ရောင်းကြတဲ့ ဝက်သားသည်တွေဖြစ်ပါတယ်။ ကျမက ကိုယ်ပိုင်ငွေမအရင်းအနှီးမရှိ နေ့ပြန်တိုးနဲ့ငွေယူရောင်းရတဲ့ဈေးသည်။ ပြီးတော့ ‘ည’ ရပ်ကွက်ရဲ့တခုတည်းသော လမ်းမပေါ်မှာ နံနက်ပိုင်းလေး နှစ်နာရီလောက်ရောင်းရတဲ့ ဈေးသည်လေ။ ဒီတော့ ဆွဲကြိုးလက်ကောက်ဝေးလို့ နားကပ်အတုတောင် သူများအမွေပေးထားလို့ဝတ်နေရတာ။

အခု နေ့ပြန်တိုးအကြောင်းလေး လုပ်ပါဦး

နေ့ပြန်တိုးအကြောင်းလေး ပြောပြချင်သေးတယ်။ ဒီအကြောင်းလေးပါမှ ကျွန်မရဲ့ဈေးသည်ဘဝက ပြည့်စုံမှာကိုး။ ညဘက် ငွေ တထောင်ယူလျှင် နောက်နေ့ဈေးရောင်းပြီးတာနဲ့ အရင်းငွေတထောင်နဲ့အတူ အတိုးငွေနှစ်ဆယ့်ငါးကျပ် သွားပေးရတယ်။ တသောင်းယူတော့ တနေ့နှစ်ရာ့ငါးဆယ်ပေါ့။ ယခုလို လမ်းစဉ် ၇ ချက်နဲ့ သွားနေတဲ့ ဗိုလ်ချုပ်ကြီးတို့ခေတ်မှာတော့ အရင်းက သိန်းချီနေတာဆိုတော့ အတိုးကို တွေးကြည့်လိုက်တိုင်း ကြက်သီးဖျန်းဖျန်းထသွားတယ်။ ဒါတောင်မှ ကျမယူတဲ့ငွေရှင်အမကြီးက ဆက်ဆံတာကြာလို့ လျှော့ပေးထားတာ။ အချို့ငွေရှင်တွေဆိုရင် တထောင်ကို အတိုး ငါးဆယ် ထိတောင် သွင်းရသေး။

နေ့ပြန်တိုးနဲ့ အမတို့ လုံးချာလိုက်နေရတာ ဆိုတော့ …

ကျမစဉ်းစားမိတယ်လေ ဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူး။ ကျမတို့လိုရိုးရိုးမှန်မှန်ဈေးသည်တွေကို အတိုးနည်းနည်းနဲ့ငွေချေးမယ့် စနစ် ဒါမှမဟုတ် ဌာနတခုရှိရင်ကောင်းမှာပဲလို့။

အဲဒီတော့ မြတ်သည်မမြတ်သည်အသာထား အတိုးသွင်းဖို့ပြင်ထား။ ပြီးတော့လည်း ကိုယ့်ဖို့၊ ကလေးတွေဖို့ အဝတ်အထည်လေး တွေကို လုံးကနဲ ခဲကနဲ လက်ငင်းမဝယ်နိုင်တော့၊ နေ့သွင်းနဲ့ဝယ်ထားရတာလေးတွေကလည်း နေ့တိုင်းမသွင်းမဖြစ်သွင်းနေရသေးတယ်။ အဲဒီအထည်၊ ဘိနပ်၊ စတာတွေကလည်း နေ့သွင်းဆိုတော့ ငါးရာတန်ကို တထောင်ကျော်။ ခုစစ်တပ်ခေတ်ဆိုတော့ တထောင်ကျော်ဆိုတာ မရှိတော့ဘူး၊ လေးထောင်ကျော် ငါးထောင်ကျော်တွေလေ။ တိုးတက်လိုက်သမှ လိုက်လို့ကိုမမီတော့ဘူးတော့။ မထူးပါဘူး နေ့ပြန်တိုး အတိုင်း ပါပဲ။ ဘာစီးပွားရေးစနစ်လည်းတော့ နားမလည်ဘူးပေါ့တော်။ ဒီဒဏ်ကလည်း ခေတ်ပြောင်းသွားတာနဲ့အမျှပိုဆိုးလာတာပဲ။ အဲဒီဒဏ် တွေကလည်း နာတာရှည်ရောဂါလိုခံနေရမြဲ။ ပျောက်သည်ဟူ၍မရှိ။

အခုခေတ်ကြီးမှာ နောက်တိုးဒုက္ခတွေရော ရှိပါသေးသလား

ဒါ့အပြင် ခုခေတ်မှာ အဆစ်ထည့်ရတဲ့ဟာတွေကလည်းရှိသေး၊ တခါမှ သန့်ရှင်းရေးလာမလုပ်တဲ့ မီးသတ်အဖွဲ့က သန့်ရှင်းရေးလုပ်ခ တဲ့။ စည်ပင်ကလည်း အိမ်ကိုသာ ဂရုမစိုက်တာ သန့်ရှင်းရေးခွန်ကတော့ မှန်မှန်ကောက်တယ်။ အိမ်မှာ မီတာဘောက်သာမရှိတာ လမ်းက မီးတိုင်အသစ်လဲရင် ငွေထည့်ရသေးတယ်။ လမ်းပြင်ခ၊ လူကြီးလာမယ်ဆိုလို့ ဓာတ်တိုင်ဆေးသုတ်ဖို့ အို… စုံလို့ စေတနာမပါတဲ့ အလှူတွေ လေ။ တနည်းပြောရရင် ကျမတို့ရွာမှာ အေးဓားပြတိုက်သလိုပေါ့။

နေ့စဉ် စားဖို့စီမံရ၊ လူမှုရေး၊ သာရေး၊ နာရေး ကလေးမုန့်ဖိုး၊ ဘက်ထရီအိုးငှားခ၊ ဖယောင်းတိုင်ဖိုး အို..ပြောရမယ်ဆိုရင် အဖမ်းခံရရုံပဲ ရှိမယ်။

ကျောင်းဖွင့်ချိန်မှာ အမတို့ မိုးလေတွေကြား ဘာများ ပြောစရာ ရှိပါသေးလဲ

နှစ်စဉ် ရင်ဆိုင်ရတဲ့ အခက်အခဲကြီးကတော့ အိမ်မိုးချိန်နဲ့ ကျောင်းအပ်ချိန် တပြိုင်တည်း ကျရောက်နေတဲ့ပြဿနာပဲ။ နာဂစ်ဖြစ်ပြီး ကတည်းက ဓနိဈေးက ဓာတ်ဆီဈေးနဲ့အပြိုင်တက်နေတယ်။ ဈေးသာရှိတယ် ဓနိဆိုတာ ရှားပါးကုန်လို ရဖို့မလွယ်ဘူးလေ။ အဲ..ကျောင်း အပ်ပြီ ဆိုရင်လည်း ကျောင်းအပ်ခအပြင် တနှစ်လုံးမှ ဗလာစာအုပ် လေးအုပ်နဲ့ ခဲတန်နှစ်ချောင်းသာ နှစ်တိုင်းရပေမယ့် စာအုပ်ဖိုးကအပြည့် ပေးရတယ်။ အာစရိယဂုဏော အနန္တောဆိုတာ ရှေးကရှိခဲ့တာမဟုတ်လား။ ခုတော့ ကွယ်ပျောက်ကုန်ပြီလေ။

သက်ဆိုင်ရာတွေကို အမတို့ ဘာများ ပြောလိုက်ချင်သေးလဲ

မိသားစုထဲက တယောက်မကျန်းမမာဖြစ်ပြီဆိုရင်တော့ ပထမ လမ်းဘေးဆေးဆိုင်ကဆေးဝယ်သောက်၊ မရဘူးဆိုရင် ဆေးမြီးတိုနဲ့ ကု နောက်ဆုံးဆေးရုံရောက်။ ဆေးဖိုးမရှိရင်တော့ ဆရာဝန်တွေပစ်ထားတာနဲ့ ဘဝပြောင်းသွားရတာများပါတယ်။

သတင်းစာတွေ တီဗီတွေမှာတော့ တိုင်းပြည်အတွက် အလုပ်လုပ်နေလိုက်ကြတာတွေ၊ ဘုန်းကြီးကျောင်းတွေကို လှူနေလိုက်ကြ တာတွေ အားရဖို့မကောင်းတဲ့အပြင် ရွံဖို့ကောင်းနေတယ်။ နေ့တိုင်းတွေ့ကြုံနေရတဲ့ ကျမတို့လိုဘဝတူတွေရဲ့ တကယ့်ဖြစ်ရပ်တွေကို သတင်းစာရွက်နဲ့ ကာလိုက် တီဗီ မှန်သားပြင်နဲ့ဖုံးလိုက်နဲ့၊ ကုန်းကာမှ ပေါ်ဆိုသလိုဖြစ်နေတယ်လေ။ကဲ…ကျမဘဝအကြောင်းပြောလို့ကတော့ ဆုံးမှာ မဟုတ်ဘူး။ ညဥ့်နက်ပြီ၊ နက်ဖန် ဒိုင်သွားဖို့နောက်ကျရင် အသားကောင်းရမှာမဟုတ်ဘူး။ ငယ်ငယ်တုံးကသင်ခဲ့ရတဲ့ ရေသည်ပြဇာတ်ထဲက လို မှတ်မိသလောက်ဆိုလိုက်ချင်ပါတယ် – စုတ်ပေတောင့်ထမီ၊ အဖာက ဗရပျစ်၊ မှောင်ကျအောင်ညစ်ပါတဲ့ ပုဆစ်အိမ်ကို၊ သုံးလွန်းလိန် ခါးတင်ထိုးလို့၊ ရေချိုရောင်း (အဲ- မဟုတ်ပေါင်) ဝက်သားရောင်းထွက်တော့မယ်။ ဝက်သားသည်ကို တောင်းတလုံးပင့် မောင်ကြီးရှင့် - - ။

(ဓာတ်ပုံ - အင်တာနက်။ http://www.dgrin.com/showthread.php?t=120930 )

Comments