Burmese Traditional Food under Chemical Attack


ငါးပိထောင်း ငါးပိနှင့် ငြုပ်သီးမှုန့် အချို့ ထပ်မံပိတ်ပင်

ယုယုခင်၊ ရန်ကုန်

ဇူလိုင် ၁၄၊ ၂၀၀၉

ဈေးကွက်အတွင်းရှိ စားသုံးရန်မသင့်သော အနီရောင် ဆိုးဆေး “ရိုဒမင်း ဘီ” (Rodanine B) ပါဝင်သော မန္တလေးမြို့ရှိ ငရုတ်သီးမှုန့်၊စိမ်းစားငါးပိနှင့် ငါးပိထောင်းအမှတ်တံဆိပ် ၂၈မျိုးကို ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထပ်မံ ပိတ်ပင်လိုက်သည်။

ယခုတကြိမ် ပိတ်ပင်ခြင်းခံရသည့် အမှတ်တံဆိပ်ထို့မှာ မန္တလေးမြို့ရှိ ရွှေငြုပ်မြိုင်၊ ရသာမွန်၊ မမျိုး အမှတ်တံဆိပ် ငရုတ်သီးမှုန့် ၃ မျိုးနှင့် ငရုတ်သီးမှုန့် လုပ်ငန်း တစ်ခု၊ မမျိုး၊ နုဝါဖူး၊ ရွှေပုဇွန်ညီနောင်၊ ဧရာရှယ်၊ ကောင်းသန့်၊ တံခွန်၊ ပုဇွန်သုံးကောင်၊ မြတံဆိပ် (စိမ်း၊အ၀ါ၊အနီ)၊ ၀င်း၊ ရွှေပုဇွန်၊ ရွှေဆင်မင်း၊ ကင်းမွန်၊ ရွှေဝါ၊ ဖြိုးဟိန်းရှယ်၊ ထိပ်တန်း၊ အိုကေ ဖိုးချစ်၊ ဒေါ်တင်တင်လှ၊ ရွှေဘိုပွဲရုံ၊ ဖြိုးဟိန်း၊ ၀င်း အစရှိသော စိမ်းစားငါးပိ အမှတ်တံဆိပ် ၂၀နှင့် ရှယ်၊ မိုးတိမ်လွှာ၊ စုလေး၊ လှိုင်ဖြိုး ငါးပိတောင်း အမှတ်တံဆိပ် ၄မျိုး တို့ဖြစ်သည်။ ထိုအမှတ်တံဆိပ် ရှိသည့်စားသောက်ကုန် ပစ္စည်းများတွင် ကျန်းမာရေးနှင့် မညီညွတ်သည့် ဆိုးဆေးများ ပါရှိသဖြင့် စားသုံးရန် မသင့်ကြောင်း ထုတ်ပြန်ကြေငြာကာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ရိုဒမင်း ဘီ”သည် ဓာတုဆိုးဆေးဖြစ်ပြီး စားသုံးမီပါက အစာအိမ် ရောင်ရမ်းခြင်း၊ ပျိုအန်ခြင်း၊ ဦးနှောက်အာရုံကြော ရောင်ရမ်းခြင်းနှင့် ရေရှည်တွင် ကင်ဆာရောဂါ အထိ ဖြစ်ပွားနှိင်သည့် အတွက်ကြောင့် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် လက်ဖက်၊ငါးပိ၊ ငါးရုပ်သီးမှုန့်၊ ငံပြာရည်၊ စသော စားသောက်ကုန်များကို စစ်ဆေးမှု ပြုလုပ်ပြီး ထုတ်ပြန်ကြေငြာ လျက်ရှိသည်ကို တွေ့ရသည်။

“ မန္တလေးက လက်ဖက်တွေ စစ်တယ်၊ နာမည်ကြီးတဲ့ အမှတ် တံဆိပ်တွေ ကို မစားသင့့််ဘူး ဆိုပြီးပိတ်တယ်၊ အခုလဲ မန္တလေးက ငါးပိနဲ့ ငါးရုပ်သီးမှုန့်တွေကို ထပ်ပိတ် ပြန်တယ်လေ၊ သူတို့ ဒီနေ့ထုတ်ပြန်မှ စားသုံးရန် မသင့်ဘူးဆိုတာ သိရတာ၊ ဘာဆက်လုပ် ရမလဲဆိုတာ သေချာမသိသေးဘူး။” ဟု မန္တလေးမြို့ ကိုင်းတန်းဈေးရှိ ငါးပိလုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။

သို့ရာတွင် ကုမ္ပဏီဝန်ထမ်း လုပ်ကိုင်သူ ရန်ကုန်မြို့ခံတစ်ဦးကမူ “အခုလို စစ်ဆေးပြီး ကြေငြာပေးတာဟာ နောက်တောင်ကျ နေသေးတယ်။ ဟိုးစောစောကတည်းက လုပ်သင့်တာ၊ နိုင်ငံတိုင်းမှာ အစားအသောက်တွေကို အများပြည်သူ ကျန်းမာရေး အတွက် စစ်ဆေးပေးရတဲ့ အက်ဖ်ဒီစီ (FDC) လိုအဖွဲမျိုး ရှိကြတာပဲ။ မြန်မာနိုင်ငံမှာ စားသုံးသူက သင်္ကာမကင်းသာ ဖြစ်တာ ကိုယ့်ဘာသာကိုယ် စစ်ဆေးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်တော့ တာဝန်ရှိတဲ့ အဖွဲ့က ကြပ်ကြပ်မတ်မတ်လည်း စစ်ဆေးသင့်တယ်။ ရေရှည် ဂရုစိုက်လုပ်ဆောင်သွားဖို့ လည်းအရေးကြီးတယ်။ ဒါတောင် သရက်သီး၊ ငှက်ပျောသီး၊ သဘောင်္သီးတို့မှာ ဆေးတို့တာ၊ မြန်မြန်မှည့်အောင် လုပ်နေတာတွေ လူတိုင်းလိုလိုသိနေပေမယ့် အခုအချိန်ထိ စစ်ဆေးထုတ်ပြန် တာမျိုးမလုပ်နိုင်သေးဘူး၊ အသီးအနှံတွေကိုလည်း စစ်ဆေးကြပ်မတ် စေချင်တယ်” ဟုဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်မြို့ရှိ စားသောက် ကုန်များ အပြင် မန္တလေးနှင့် အခြားမြို့များရှိ စားသောက်ကုန် များတွင်လည်း စားသုံးရန် မသင့်သော ဓါတုဆိုးဆေးများ ပါဝင်ခြင်းရှိမရှိကို စစ်ဆေးမှုများ ပြုလုပ်နေသည်ကို သိရှိရသည်။

အစားအသောက် ထုတ်လုပ်ရောင်းချ သူများအနေဖြင့် သုံးစွဲရန် မသင့်သော ဓာတုဆိုးဆေးများကို ထည့်သွင်းသုံးစွဲ ပါက အမျိုးသား အစားအသောက် ဥပဒေပုပ်မ၂၈ (က) အရ တရားစွဲ အရေးယူနှိင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောဆိုသည်။

“ အခု ပိတ်လိုက်တဲ့ ငါးပိအမှတ်တံဆိပ်တွေထဲမှာ နာမည်ကြီးအမှတ် တံဆိပ်တော်တော်များများပါတယ်။ရွှေပုဇွန်၊ ကင်းမွန်စတဲ့ တံဆိပ်တွေပါပါတော့ ဒါတွေရွေးသုံးနေသူတွေ စိတ်ညစ်ရပြန်ပြီ။ပိတ်လိုက် ပြန်ရောင်းခွင့်ပေးလိုက်နဲ့ ဒီလိုဘဲသွားမှာလားမသိဘူး” ဟု စားသုံးသူတစ်ဦးက ပြောသည်။

(Photos - Irrawaddy Online )

Comments