Fire Broke Out in Asia World Port

အေးရှားဝေါလ် ဆိပ်ကမ်းတွင် မီးလောင်မှုဖြစ်ပွား

မိုးမခ အထောက်တော်၊ ရန်ကုန်

ဇူလိုင် ၁၅၊ ၂၀၀၉

ယမန်နေ့ ညနေ ၅နာရီ ခန့်က ရန်ကုန်မြို့အလုံ မြို့နယ်တွင် ရှိသည့် အေးရှားဝေါလ် ဆိပ်ကမ်း Asia World Port Terminal တွင် ပေါက်ကွဲသံကြားထွက်ပေါ်ခဲ့ပြီး ကွန်တိန်နာ ပစ္စည်း အချို့မီးစွဲလောင်ခဲ့သည်ဟု အမည်မဖေါ်လိုသော အေးရှားဝေါလ် ၀န်ထမ်းတဦးက ပြောဆိုသည်။

အခင်းဖြစ်ပွားပုံမှာ ကော်စေ့ (ပလပ်စတစ် ကုန်ကြမ်း) များပါရှိသည့် ကွန်တိန်နာကို သက်ဆိုင်ရာ အကောက်အခွန်၊စီးပွားကူးသန်းနှင့် ဆိပ်ကမ်းအာဏာပိုင်တို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့ ၀န်ထမ်းများက စစ်ဆေးစဉ် မီးခြစ်ခြစ်မိရာမှ ပေါက်ကွဲသံ ထွက်ပေါ်ပြီး မတော်တဆ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။ မီးလောင်မှု ဖြစ်ပွားသော်လည်း မီးသတ်ဌာနသို့ အကြောင်းကြား ခေါ်ယူခြင်း မရှိခဲ့ပဲ အေးရှားဝေါလ် ဆိပ်ကမ်း ၀န်ထမ်းများ ဖြင့်သာငြိမ်းသတ်နိုင်ခဲ့သည် ဟုလည်း သိရှိရပြီး မီးလောင်မှု နှင့် ပတ်သက်၍ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရန် ညွှန်ကြားပြောဆို ထားသည်ဟုလည်း သိရှိရသည်။

အေးရှားဝေါလ် ဆိပ်ကမ်းသည် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် ဆိပ်ကမ်းဖြစ်ပြီး မြန်မာနိုင်ငံတွင် နအဖ စစ်အစိုးရနှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ကိုင် လျက်ရှိသည့် ထိပ်တန်း သူဌေးကြီး တဦးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်းကလည်း အေးရှားဝေါလ် ဆိပ်ကမ်းမှ ထွက်ခွာစ ပြုနေသည့် စင်္ကာပူ နိုင်ငံ မှတ်ပုံတင် သစ်တင် သင်္ဘောပေါ်မှာ ဘိန်းဖြူ ကီလို ၃၀ကျော် ဖမ်းဆီးရမိခဲ့ပြီး အေးရှားဝေါလ် ဆိပ်ကမ်းနှင့် ပတ်သက်သည့် ဂိုဒေါင်၊ ရုံးခန်းများကို ရှာဖွေ စစ်ဆေးခြင်းခံခဲ့ရသည်။

Comments