“မနူးမနပ်” နိုင်ငံရေးသမားများကို မောင်စူးစမ်း ထိန်းကျောင်းခဲ့ရဟု ဆို
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၈၊ ၂၀၀၉
ဆရာမောင်စူးစမ်း (ဓာတ်ပုံ-The Voice)
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၈၊ ၂၀၀၉

နိုင်ငံရေး နားမလည်သည့်သူများကို ၁၉၈၈ ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလ အတွင်း ထိန်းကျောင်းခဲ့ရသည်ဟု စာရေးဆရာ မောင်စူးစမ်းက တနင်္လာနေ့ထုတ် The Voice ဂျာနယ် အင်တာဗျူး တခုတွင် ပြောကြားလိုက်သည်။
“မနူးမနပ်တွေ ၈၈ တုန်းက တော်တော် ထိန်းခဲ့ရတယ်” ဟု ဆိုသည်။
မည်သို့ ထိန်းကျောင်းခဲ့ရသည်ကိုမူ အသေးစိတ် ရှင်းလင်းခြင်း မရှိပေ။
ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရက အာဏာလွှဲမည်ဟု အထင်ရှိခဲ့ကြသည်မှာလည်း မှားယွင်းနေကြောင်း သူက သုံးသပ်လိုက်သည်။
“ရွေးကောက်ပွဲ နိုင်ရင်ပဲ ချက်ချင်း အာဏာ ရတော့မယ် ထင်ပြီး Antimilitary (စစ်တပ် ဆန့်ကျင်ရေး) လို့ အော်ကြ ပြုကြနဲ့ ဒါတွေ မှားတာပဲ” ဟု သူက ပြောသည်။
မောင်စူးစမ်းသည်လည်း ထိုရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူ တဦး ဖြစ်သည်။ ရွေးကောက်ပွဲအပြီး ရန်ကုန်ရှိ လွှတ်တော်သို့ မသွားရဘဲ နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီးသို့ ရောက်သွားသည့် လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ဆရာမောင်စူးစမ်း ခေါ် ဦးချမ်းအေးလည်း တဦး အပါအ၀င် ဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် ထောင်မှ လွတ်လာပြီးနောက် ဆရာမောင်စူးစမ်းသည် နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိတော့ဘဲ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဆောင်းပါးများ အဆက်မပြတ် ရေးသားနေသည်မှာ ယနေ့တိုင်ဖြစ်သည်။
ယမန်နှစ်က မော်ဒန် သတင်းဂျာနယ်တွင် မြန်မာပြည်နိုင်ငံရေးတွင် စစ်အစိုးရ၏လမ်းပြမြေပုံမှတပါး ရွေးချယ်ရန် ထွက်ပေါက် မရှိတော့ကြောင်း ရေးသားခဲ့သဖြင့် ပွဲဆူခဲ့ဖူးသည်။

Comments