မိုးမခ နေ့စဉ်သတင်းလွှာကို စကရစ်ဘ်ဝက်ဆိုက်တွင် မျှဝေခြင်း စတင်ခဲ့
မိုးမခ
ဇူလိုင် ၇၊ ၂၀၀၉
၂၀၀၇ ခုနှစ်တွင် ၎င်းအင်တာနက်ဝက်ဆိုက် နည်းပညာချို့ယွင်းမှုများကို ရင်ဆိုင်နေရချိန်အတွင်း မြန်မာလူငယ်တို့အတွင်း ရေပန်းစားသည့် ဘလော့ဂ်စပေါ့ (Blogspot) တွင် ၀က်ဆိုက်မူပွားကို တင်ဆက်ပြီး သတင်း၊ ဆောင်းပါးများကို တင်ဆက်ခဲ့ရမှ နောက်ပိုင်းတွင် ပရိသတ်များ လွယ်လွယ်ကူကူ လည်ပတ်နိုင်သည့် http://moemaka.blogspot.com ကို ဆက်လက် ထိမ်းသိမ်းပြီး မိခင်ဝက်ဆိုက်နှင့် တပြိုင်နက်တည်း တင်ဆက်နေခဲ့သည်။
ထို့အတူ ၂၀၀၈ ခုနှစ်တွင် အခြားအခမဲ့ ဘလောက်ပုံသဏ္ဍန်တခုဖြစ်သည့် WordPress.com တွင် မိုးမခလိပ်စာတခုအဖြစ် http://moemaka.wordpress.com ကို ထပ်မံရယူပြီး ထိုနေရာမှတဆင့်လည်း မိုးမခ သတင်းနှင့် ဆောင်းပါးများကို မိတ္တူပွား တင်ဆက်နေခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ပြည်တွင်းက စာဖတ်သူများ အတားအဆီးအမျိုးမျိုးကြားက ပြည်ပရှိ မြန်မာမီဒီယာတို့ကို လာရောက်ကြည့်ရှုနေရခြင်းကို တနည်းတလမ်းအားဖြင့် ရွေးချယ်စရာများ ရှိလာအောင် ဖြေရှင်းခြင်း ဖြစ်သည်ဟု မိုးမခအဖွဲ့သားများက ယူဆထားသည်။
ယခု ၂၀၀၉ ခုနှစ်မှ စ၍ မိုးမခက http://moemaka.org ကို မိုးမခ၏ အင်္ဂလိပ်ဘာသာ ၀က်ဆိုက်အဖြစ်၎င်း၊ http://moemaka.net ကို မိုးမခ၏ အရုပ်အသံသိမ်းဆည်းရာ ရုပ်သံဘဏ်တိုက် အဖြစ်၎င်း ပြင်ဆင်တင်ဆက်နေချိန်အတွင်း၊ အင်တာနက်အခမဲ့ ၀က်ဆိုက်တခုဖြစ်သည့် SCRIBD တွင် မိုးမခက တင်ဆက်ခဲ့သည့် စာအုပ်စာတမ်းများ၊ လစဉ်သတင်းလွှာများကို အီး စာအုပ် စာစောင်အဖြစ် ပြောင်းလဲတင်ဆက်ပြီး သိမ်းဆည်းနေခြင်းကို စမ်းသပ်ခဲ့သည်။
မြန်မာစစ်အုပ်စုက အင်တာနက်မှလာသော ပြည်ပက အတိုက်အခံဟု ယူဆသည့် မီဒီယာမှန်သမျှကို ပိတ်ဆို့ခြင်း၊ ပြည်တွင်းက ထိုသူတို့ထံသို့ ပေးပို့သည်ဟု ယူဆသည့် အင်တာနက်လမ်းကြောင်းများကို စောင့်ကြည့်ခြင်း၊ တားမြစ်ခြင်းများ ပိုမိုတိုးမြှင့်ပြုလုပ်လျက် ရှိရာ ၂၀၀၉ မေလက စတင်ပြီး မိုးမခက ၀က်ဆိုက်ပေါ်က ၎င်းတို့၏ နေ့စဉ် သတင်း၊ ဆောင်းပါးတင်ဆက်မှုများအားလုံးကို http://www.scribd.com/moemaka တွင် အီးလက်ထရွန်နစ် နေ့စဉ်သတင်းစာအဖြစ် စုစည်းပြီး အီးစာစောင်အဖြစ် စကရစ်ဘ်ဝက်ဆိုက်ကတဆင့် ဖြန့်ချိခြင်း၊ သိမ်းဆည်းခြင်း၊ ဝေမျှခြင်းကိုပါ တိုးချဲ့ဆောင်ရွက်ခဲ့သည်။
ထို စကရစ်ဘ်တွင် တင်ဆက်ခြင်း၊ ထုတ်လုပ်ခြင်း အားဖြင့် စစ်အုပ်စု၏ ပိတ်ဆို့မှုကို လုံးဝ ကျော်လွှားနိုင်မည်၊ ပြည်တွင်းက စာဖတ်သူတို့ လာရောက် ကြည့်ရှုနိုင်မည်ဟု ဆိုနိုင်မည် မဟုတ်သော်လည်း ပြည်တွင်း၊ ပြည်ပရှိ စာဖတ်သူ၊ ပရိသတ်တို့အနေနှင့် ၎င်းတို့အချင်းချင်း မိတ္တူပွား ကူးယူခြင်း၊ မျှဝေခြင်း၊ သိမ်းဆည်းခြင်းတို့ကို မူလပိုင်ရှင် ၀က်ဆိုက်စာမျက်နှာများထံက တိုက်ရိုက် ချိတ်ဆက်ပြီးမှ ဆောင်ရွက်ခြင်းကို ပြုလုပ်ရန် မလိုတော့ဘဲ အခြားအများနှင့်ဆိုင်သည့် ၀က်ဆိုက်များက ပြုလုပ်နိုင်ကြသည့် အားသာချက်နှင့် လွတ်လပ်မှုတို့ ရရှိမည် ဖြစ်သည်။
အမှန်ဝန်ခံရလျင် SCRIBD သည် မြန်မာအင်တာနက်ပရိသတ်တို့အတွင်း ရင်နှီးပြီးသား ၀က်ဆိုက်တခုဖြစ်ပြီး မြန်မာပြည်တွင်း ပြည်ပရှိ စာအုပ်၊ စာတမ်းများ၊ စာစောင်များကို ပရိသတ်အချင်းချင်း အခမဲ့ ဖြန့်ဝေကြ၊ သိမ်းဆည်းကြသည့် အများဆိုင်ဝက်ဆိုက်တခုအဖြစ် ခေတ်စားခဲ့ပြီး ဖြစ်သည်။ ထိုဝက်ဆိုက်တွင် မြန်မာပြည်တွင်း ထုတ်ဝေခဲ့သည့် စာအုပ်တချို့ကို အီး-ပီဒီအက်ဖ်၊ အီး-ဖလက်ရှ်ပေပါ စသည်ဖြင့် ပြောင်းလဲ သိမ်းဆည်းထားသည်ကို တွေ့ရမည် ဖြစ်သည်။
ဒီနေရာမှာ မိုးမခတွင် တင်ဆက်ခဲ့သည့် SCRIBD နှင့် ပတ်သက်သည့် ဆောင်းပါးကို ရယူ ဖတ်ရှုနိုင်ပါသည်။ - ( I Paper သို့မဟုတ် သတင်းအချက်အလက်များ ဖလှယ်ရာ ၀က်ဆိုက် Scribd - တင့်လွင် - ဖေဖော်ဝါရီ ၆၊ ၂၀၀၉)
http://moemaka.com/index.php?option=com_content&task=view&id=3222&Itemid=107
Comments