Ngwe Zin Yaw - One Waso Pwe in Rangoon

ရန်ကုန်က တခုသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲ မြင်ကွင်း

ငွေစင်ယော်

ဇူလိုင် ၁၃၊ ၂၀၀၉

ဝါဆိုလပြည့်နေ့မှာ ၀ါဆိုသင်္ကန်းကပ်ဖို့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ကြသည်။ အချိန်ကတော့ နေ့လည်လောက်မှာပါ။ မစခင်မှာ ရောက်လာကြသည့် အလှူရှင်တွေက သိမ်တော်မှာ နေရာယူနေကြသည်။ တချို့ကတော့ ၀ါဆိုသင်္ကန်းဖိုးတွေ သွားရောက်လှူကာ နံမယ်စာရင်း ပေးနေကြသည်။ တော်တော်များများကတော့ ရက်ကြိုတင်၍ ၀ါဆို သင်္ကန်းအတွက် စာရင်းပေးကာ လှူထားနှင့်ကြပြီ ဖြစ်ပါသည်။

သင်္ကန်း တစုံကို ၃၀၀၀ ကျပ် တချို့ကျောင်းတိုက်များမှာ ၃၅၀၀ ကျပ် ဖြစ်သည်။ အမှန်တကယ် သင်္ကန်းကိုဝယ်မည်ဆိုလျှင် ၈၀၀၀ ကျပ်နှင့် အထက်ရှိသည်။ ယခုလို ဘုန်းကြီးကျောင်းတွေမှာ ၀ါဆိုသင်္ကန်းကို လူတိုင်း ကပ်လှူလို့ရအောင် ငွေကြေးအရ ဤမျှ မတတ်နိုင်သူများလည်း လှူလို့ရအောင် လုပ်ပေးသည်မှာ အတော်လေး ကြည်နူးစရာကောင်းလှသော လုပ်ဆောင်ချက် ဖြစ်သည်။ တချို့ မိသားစုများမှာ ၁၀ စုံ လောက် လှူကြသည်။ တချို့မှာ ကိုယ့်ဘာသာဝယ်လာပြီး လှူလို့လည်း ရကြသည်။

သည်လိုနှင့် အချိန်ရောက်လာသောအခါ ကျောင်းထိုင်ဆရာတော် ကြွလာသည်။ ကျောင်းက ဒကာကြီးတွေက အမည်စာရင်းစာရွက်တွေဖြင့် နံမယ်ခေါ်ပေးသည်။ မိမိအမည် ကြားသူတွေက ထကြကာ ဆရာတော့်ထံ သင်္ကန်း ကပ်ကြရသည်။ ဆရာတော်ရှေ့တွင် သင်္ကန်းတွေ မရေတွက်နိုင်လောက်အောင် ပုံထားသည်။ ဒကာများက နံမယ်စာရင်းခေါ်သည့်အခါ သင်္ကန်း ဘယ်နှစ်စုံဆိုသည်ကို ရေတွက်၍ အလှူရှင်တွေကို ပေးရသည်။ ထိုမှတဆင့် စောင့်နေကြသူ အလှူရှင်များ စေ့အောင် ဆရာတော့်ထံ အသီးသီး လှူကြရပါသည်။

ဝါဆိုသင်္ကန်းများ ကပ်ပြီးသွားသောအခါ ဆရာတော်က အမျှအတန်း ပေးဝေသည်။ အားလုံး ညီတူညီညာ လိုက်ရွတ်ကာ အထက်အောက် အရပ်ရှစ်မျက်နှာ အနှံ့ မေတ္တာပို့ အမျှဝေကြရပါသည်။ ၀မ်းသာစရာကောင်း၊ ကြည်နူးစရာ ကောင်းလှပါသည်။ ထို့နောက် အမျှသုံးကြိမ်ရွတ်ကာ သာဓု ခေါ်ကြပါသည်။

ပြီးနောက် ဆရာတော်က ဒကာ၊ ဒကာမများ အားလုံး ရောဂါဘယ ကင်းဝေးစေဖို့ ပရိတ်ရေများ လာသောက်ခိုင်းပါသည်။ တစ်ယောက် တခွက် သောက်ကြပါသည်။ ခွက်ကလေးတွေက တယောက်နှင့် တယောက် လက်ဆင့်ကမ်း သောက်ကြရတာပါ။ အဲသည်အချိန်မှာ ရောဂါတွေတော့ ကူးတော့မှာပဲဟု စိုးရိမ်စိတ်ဖြစ်မိစရာပါ။ H1N1 ဗိုင်းရပ်ကလည်း ကြောက်စရာမဟုတ်လား။ ဒါပေမယ့် ဘုရား၏အရိပ်၊ ဆရာတော်ကြီး၏မေတ္တာသည် ထိုစိုးရိမ်စိတ်များကို လွှမ်းမိုးသွားခဲ့ပါလေသည်။ အားလုံး ယုံယုံကြည်ကြည် စိတ်ချလက်ချဖြင့် ပရိတ်ရေအေးကို သောက်သုံးလိုက်ကြပါတော့သည်။ ထို့နောက် အားလုံး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူးနှင့် ဘုန်းကြီးကျောင်းမှ ပြန်လာခဲ့ကြပါတော့သည်။

ဤကားဝါတွင်းကာလ၏ ၀ါဆိုသင်္ကန်း ကပ်လှူခြင်း အတွေ့အကြုံများပင် ဖြစ်ပါတော့သတည်း။

Comments