သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၅ နှစ်မြောက် ဆွမ်းကျွေး ကျင်းပ
မိုးမခ ဓာတ်ပုံသတင်း
ဇူလိုင် ၂၃၊ ၂၀၀၉
မြန်မာပြည်၏ စာပေက၀ိ၊ မြန်မာပြည် ငြိမ်းချမ်းရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်၊ မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုတွင် မြန်မာပြည်သူလူထုဖက်က မဏ္ဍိုင်ကြီးတခုအဖြစ် အစဉ်ရပ်တည်သူ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးကို ရန်ကုန်မြိ့၊ စမ်းချောင်းရပ်၊ ကျွန်းတောဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် အလေးဂရုပြုသည့် နှောင်းလူတို့က ကျင်းပကြကြောင်း သိရသည်။
ထို ဆွမ်းကျွေးအလှူသို့ သက်ရွယ်ကြီးရင့်နေပြီဖြစ်သည့် ဒို့ဗမာသခင်ကြီးများ၊ မြန်မာစာပေသမားများ၊ အင်န်အယ်ဒီပါတီဝင်များ၊ ကျန်ရစ်သူ ဆွေမျိုးသားချင်း မိသားစုများနှင့် ကျောင်းသားလူငယ်များ လာရောက်ကြသည်ကို တွေ့ရသည်။ တာဝန်အရ လာရောက် စောင့်ကြည့် ထောက်လှမ်းသူ စစ်အုပ်စု၏ အရပ်ဝတ်လုံခြုံရေးအဖွဲ့ဝင်များကိုပါ ထည့်သွင်းရေတွက်ပါက ပရိသတ် ဦးရေ ၁၀၀ ကျော် အခမ်းအနားသို့ တက်ရောက်သည်ဟု မိုးမခမိတ်ဆွေတဦးက ပြောကြားသည်။
“ယခင်နှစ်တွေတုန်းကတော့ ဆရာကြီးရဲ့ နောက်ဆုံး နေထိုင်ရာ စမ်းချောင်းက အိမ်ဟောင်းကလေးမှာ ကျင်းပခဲ့ပါတယ်။ အခုတော့ ဒီဘုန်းကြီးကျောင်းမှာ ကျင်းပဖြစ်တယ်။ မိုးတွေ၊ ရေတွေ၊ လေတွေ သည်းကြီးမည်းကြီးထဲမှာ အခုလို အခမ်းအနားလေးကို တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပဖြစ်ခဲ့တယ် လို့ ပြောချင်ပါတယ်။” ဟု အခမ်းအနားသို့ လာရောက်သူတဦးက မှတ်ချက်ပေးသည်။
Comments