son and arrow

သားနဲ့မြှား
မင်းရန်ဝေး
ဇူလိုင် ၁၊ ၂၀၀၉
ကျွန်တော့်မှာ သားတယောက် သမီးတယောက် ရှိပါတယ်။ သမီးက အကြီး၊ သားက အငယ်ပါ။ သမီးနဲ့သားက အသက် တော်တော်ကွာတော့၊ သမီးကြီး အရွယ်ရောက်တဲ့အထိ သားက တော်တော်လေး ငယ်နေပါသေးတယ်။ ကျွန်တော်ရဲ့ မဟေသီ ကတော့ သမီးထက် သားကို ပိုချစ်တယ်လို့ အတိအလင်း ဖွင့်ဟ ၀န်ခံထားပါတယ်။ ပြီးတော့ သားကို သမီးထက် ပိုပြီး စိတ်ပူတယ် စိုးရိမ်တယ် လို့လည်း ဆိုပါတယ်။

“မင်းကလည်းကွာ ပြောင်းပြန်ကြီးပါလားကွ၊ ငါကြားဖူးတာကတော့ ယောကျာင်္းလေးပဲ ဒေါင်လိုက်ကျကျ ပြားလိုက်ကျကျ သိပ်စိတ်ပူစရာ မလိုဘူးလို့ ငါတို့ မြန်မာတွေ ပြောလေ့ ပြောထ ရှိတယ် မဟုတ်လား” လို့ ကျွန်တော်က ပြောတော့ သူ့အကြောင်း ပြချက်နဲ့ သူကလည်း ခိုင်လုံနေပြန်ရော။

“သမီး မိန်းကလေးက ဆိုဆုံးမရ လွယ်တယ် မောင်ရဲ့။ သားယောကျာ်းလေးက ဆုံးမရ ခက်တယ်။ ခုခေတ်မှာ အရက်တွေ စီးကရက်တွေ၊ ကာရာအိုကေတွေ၊ ဗွီဒီယိုရုံတွေကလဲ ပေါက ပေါသနဲ့။ သားလေး အပျော်အပါးတွေ ၀ါသနာထုံပြီး လူပေါ့ လူပျက်ကလေး ဖြစ်သွားမှာ၊ လူဆိုး လူမိုက်လေး ဖြစ်သွားမှာ သိပ်စိုးရိမ်တာပဲ” လို့ တဖွဖွ ပြောရှာပါတယ်။

အဲ့ဒီ စိုးရိမ်စိတ်နဲ့ပဲ သားကို အရွယ်မရောက်ခင် ကတည်းက ပုံသွင်းဖို့ ကြိုးစားနေရှာပါတယ်။ သားလေး စကားမပြောတတ်ခင် လူကြီးတွေ သင်တာကို အမူအရာနဲ့ လုပ်ပြတတ်တဲ့ အရွယ်က စပြီးသင်တာက “ဦးတော်” ပါ။ စကားလေး မပီကလာပီကလာ ပြောတတ်လာတော့ “သြကာသ”။

ဒီလို တစတစ သင်ကြားလာလိုက်တာ သားလေး မူကြိုကျောင်း မရောက်ခင်ဘဲ သြကာသ ကန်တော့ခန်း အစအဆုံး နုတ်တိုက်ရနေပြီ၊ “သံဗုဒ္ဓေ”တို့ “ဟေတုပစ္စယော” တို့ ရနေပြီ။ မူကြိုကျောင်း စပို့တဲ့ နှစ်မှာတော့ မင်္ဂလာ ကဗျာနဲ့ ၇ နေ့ ဘုရားရှိခိုးကို သူကိုယ်တိုင် သင်ပေးခဲ့ပါတယ်။ သူ့သားစိတ်ကို နူးညံ့ ပျော့ပျောင်းလာအောင် ဘာသာရေးနဲ့ ပုံသွင်းပြီး ယူနေတာတဲ့လေ။ ကျွန်တော်ကတော့ ကိုယ်အလုပ်နဲ့ကိုယ် မအားတာမို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ မိန်းမလုပ်တာကိုပဲ ကြည့်ပြီး ပီတိ ဖြစ်နေရတာပါ။


သူ့မှာလေ တနေ့တနေ့ အားရတယ် မရှိရှာပါဘူး၊ ပုံပြင်စာအုပ်တွေကို ၀ယ်ပြီးဖတ်၊ ညတိုင်း အိပ်ယာဝင် ပုံပြင်ပြောပြ။ ပြီးတော့ အဲ့ဒီ ပုံပြင်ထဲက သင်ခန်းစာတွေကို ထုတ်ပြီး သားကို မှတ်ထားခိုင်း၊ ဒါကို သူတို့ သားအမိ နေ့စဉ် လုပ်နေကျ အလုပ်။

တညမှာတော့ ထုံးစံအတိုင်း မိန်းမက သားကို ရင်ခွင်ထဲ ထည့်ပြီး ပုံပြောပြတယ်။ သူဖတ်ထား မှတ်ထားတဲ့ ပုံပြင်တွေကလဲ ကုန်သွားပြီ၊ သားတော်မောင်ကလဲ မအိပ်သေး၊ အဲဒီတော့ သားကို ထပ်ခါတလဲလဲ ပြောပြောပြနေတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ကိုပဲ ပြန်လှည့်ရတော့တာပေါ့။ ဒီကောင်ကလဲ ပုံပြင်ဆို ကြိုက်မှကြိုက်။
အလောင်းတော် သုဝဏ္ဏသာမရဲ့ ဇာတ်တော်ကို ပုံပြင်လို ပြောပြနေတာပါ။ ကျွန်တော်ကတော့ အိပ်မပျော်သေးတာနဲ့ မျက်စေ့လေး အသာမှေးပြီး ရောက်တတ်ရာရာ တွေးနေမိတယ်။ သူတို့သားအမိ ပြောနေတာ မကြားတချက် ကြားတချက်။ သူတို့သားအမိ ဇာတ်တော်ခင်းနေတာ သိပ်တော့ မကြာလိုက်ပါဘူး၊

“မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးနေရှာတဲ့ သုဝဏ္ဏသာမ သတို့သားလေး သမင်အပေါင်း ခြံရံပြီး မိဂသမ္ဗဒါမြစ်ကမ်းကို ရေခပ်ဆင်းအလာ၊ ပိဠိယက္ခမင်းက တောကစား ထွက်ရင်း တွေ့ အသားအရောင်က ရွှေအဆင်းလို ၀င်းပနေ။ တောထဲမှာ အမြဲ သစ်သီးကိုပဲ အဟာရပြု မှီဝဲနေတဲ့သူ ဆိုတော့ တကိုယ်လုံး စိုပြေ လန်းဆန်းလို့။ မေတ္တာနှင့် ယှဉ်သောစိတ်ကိုသာ မပြတ် ပွားများနေသူမို့ သူရုပ်သွင်ကလည်း ကြည်လင် အေးမြလို့။

ပိဠိယက္ခမင်းမှာ အံ့သြတကြီး၊ တောကြီး မျက်မည်းထဲမှာ ရွှေအဆင်းလို လှပပြီး ကြည်လင် လန်းဆန်းနေတဲ့သူဟာ လူလား နတ်လား ကိန္နရီလား ကိန္နရာလား ဝေခွဲလို့မရ … ။

ကဲ မထူးတော့ပါဘူးကွာ ဆိုပြီး မြှားနဲ့ ပစ်ထည့်လိုက်။ အလောင်းတော် မြှားထိ။ မြှားဆိပ်မွှန်။ ….. ဒုကုလနဲ့ ပါရိကကို ပိဠိယက္ခမင်း ပြေးခေါ်။ သစ္စာဆို မြှားဆိပ်ပြေ။

ဇာတ်ပေါင်းတော့ အမေ့ရင်ခွင်ထဲက သားကို မေးခွန်းတခု မေးပါတယ်။ “သားရော သုဝဏ္ဏသာမလို သားလိမ္မာလေး မဖြစ်ချင်ဘူးလား” တဲ့။

( ……… ………… ……… )

သားက တော်တော်နဲ့ ပြန်မဖြေဘူး။ အသံတိတ်နေတယ်။ သားဆီက အသံ တော်တော်နဲ့ ထွက်မလာတာ သတိထားလိုက်မိပြီး ဒီကောင် အိပ်များ ပျော်သွားပြီလား၊ ဒါမှမဟုတ် ဘာတွေများ စဉ်းစားနေပါလိမ့်လို့ နားစွင့်ထားလိုက်မိတယ်။

သားက တအောင့်လေး စဉ်းစားပြီးမှ အဖြေတခု ပေးပါတယ်။ အဲဒီအဖြေကိုလဲ ကြားရော ကျွန်တော့်ရဲ့ မှေးစင်းထားတဲ့ မျက်လုံးနှစ်လုံး ပြူးထွက်သွားပါတော့တယ်။

သူ့အမေမှာလဲ ဘာဖြေရမှန်းမသိအောင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေရဲ့။

“သားလိမ္မာလေး မဖြစ်ချင်ပါဘူး အမေရာ၊ သား မြှားမှန်တာ မခံချင်ဘူး” တဲ့။

ကျွန်တော် အဲ့ဒီညက တညလုံး အိပ်မပျော်တော့ပါဘူး။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ခေတ်ကြီးကိုကလဲ သားလိမ္မာတွေ မြှားဒဏ် သင့်နေရတဲ့ ခေတ်ကြီး မဟုတ်ပါလား။ ။

Comments