အရှေ့တီမော သံအမတ်ကို မြန်မာ လက်ခံ
မိုးမခအထောက်တော် ၀၀၃
သံအမတ်၏ အမည်မှာ မစ္စတာဟူဗင်ချီယိုဒီ ဟယ်ဇူးစ်မာတင်စ် ဖြစ်သည်။ ၎င်းသည် အသက် ၄၈ နှစ် ရှိပြီဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သည်။ အင်ဒိုနီးရှား၏ အုပ်ချုပ်မှု အောက်မှ အရှေ့တီမောနိုင်ငံ လွတ်မြောက်ရေးအတွက် ပါဝင် လှုပ်ရှားခဲ့သူ ဖြစ်သည်။ လွတ်လပ်ရေးမရရှိမီ အင်ဒိုနီးရှားနိုင်ငံ အခွန်ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံလက်အောက်မှ လွတ်မြောက်ပြီးနောက် ၂ဝဝ၁တွင် အင်ဒိုနီးရှားရှိ အရှေ့တီမော သံရုံးတွင် သံမှူးကြီး အဖြစ် တာဝန် ထမ်းခဲ့သည်။
၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် အရှေ့တီမော ကိုယ်စားလှယ် အဖွဲ့တွင်လည်း ၎င်းကို တွေ့ရသည်။
၂ဝဝ၆ မှ စပြီး မလေးရှားတွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ယခုအခါ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ရုံးစိုက် နေထိုင်ပြီး မြန်မာပြည် ဆိုင်ရာ သံအမတ်ကြီး အဖြစ် ပူးတွဲ တာဝန်ယူနေသည်။
အရှေ့တီမောသည် လွတ်လပ်ရေး ရပြီး ၄ နှစ်အကြာ ၂၀၀၆ ခုနှစ်တွင် မြန်မာပြည်နှင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ပြုလုပ်ရန် သဘောတူခဲ့သည်။
ကမ္ဘာ့နောက်ဆုံးပေါ် ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အရှေ့တီမော ၏ အမည် အပြည့်အစုံမှာ တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ဖြစ်သည်။
Comments