Burmese Regime selling off Public Proterties to themseleves


ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနပိုင် မြေကွက်နှင့် အဆောက်အဦများ ချရောင်း

စစ်အုပ်စုတို့ အချင်းချင်း ခွဲဝေရယူလျက်ရှိ

မိုးမခ အထောက်တော်၊ ရန်ကုန်

သြဂုတ် ၇၊ ၂၀၀၉

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနပိုင် မြေကွက်၊ တိုက်ခန်းနှင့် အဆောက်အအုံများကို ချိတ်ပိတ်တင်ဒါ၊ အဆိုပြုလွှာစနစ်တို့ဖြင့် ရောင်းချလျက်ရှိပြီး အချက်အချာကျသည့် နေရာအချို့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားသမီးများက လွှဲပြောင်းရယူခြင်း၊ မြန်မာနိုင်ငံတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့က လက်ဦးမှုရယူကာ ၀ယ်ယူလျက်ရှိသည်ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တချို့ ကပြောဆိုသည်။

ယခုနှစ်ဆန်း ဖေဖေါ်ဝါရီလမှ စတင်ကာ နိုင်ငံပိုင် စက်ရုံ၊ အဆောက်အအုံနှင့် မြေနေရာများကို ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် ရောင်းချရန် အစိုးရပိုင် သတင်းစာများမှ ကြေငြာခဲ့ပြီး ပြီးခဲ့သည့်လ ၂၄ရက်နေ့တွင်လည်း သမ၀ါယမနှင့် စီးပွားကူးသန်း ၀န်ကြီးဌါနပိုင် တိုက်ခန်း၊ မြေနှင့်အဆောက်အအုံ စုစုပေါင်း ၁၄၇ ခုကို ချိတ်ပိတ်တင်ဒါ ခေါ်ယူကြောင်း ကြေငြာခဲ့သည်။ ယနေ့ ထုတ်သတင်းစာများတွင်လည်း ၀န်ကြီးဌါန ၇ခုပိုင် တိုက်ခန်း၊ စက်ရုံ လုပ်ငန်း စုစုပေါင်း ၅၇ ခုကိုပုဂ္ဂလိကပိုင် ပြုလုပ်ရန် အဆိုပြုလွှာခေါ်ယူ ကြောင်း ထပ်မံ ကြေငြာသည်ကို တွေ့ရှိရသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးဖြစ်သူက ရန်ကုန်မြို့လယ် စီးပွားရေးအရ အချက်အချာကျသည့် သမ၀ါယမ ၀န်ကြီးဌါနပိုင် အခန်းအချို့ကို ချိတ်ပိတ် တင်ဒါ မကြေငြာမီကပင် ရွေးချယ်ယူထားပြီ ဖြစ်သည်ဟုလည်း ရန်ကုန်မြို့လုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ ကြားသိရသည်။ မြို့လယ်အချက်အချာ ကျပြီး စီးပွားရေးအရ လူကြိုက်အများဆုံး ဖြစ်သည့် အနော်ရထာလမ်းရှိ အချို့သော အခန်းများမှာ သမ၀ါယမ ၀န်ကြီးဌါနပိုင် အခန်းများပင် ဖြစ်သော်လည်း ဇူလိုင်လ ၂၄ရက်နေ့ နေ့စွဲပါ ကြေငြာချက်တွင် မပါရှိဟု သိရှိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလနှင့် မေလတို့တွင် ပြုလုပ်ခဲ့သည့် ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် စက်ရုံ၊ မြေနှင့် အဆောက်အအုံများ ရောင်းချရာတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တန်ဖိုးကြီး စက်ရုံနှင့် မြေကွက်တို့ကို ၀ယ်ယူသွားခဲ့ပြီး ယခုလက်ရှိသိရှိရသမျှတွင် ရန်ကုန် လင်းစဒေါင်းရှိ ရေနံဓါတု ၀န်ကြီးဌါနပိုင် အောက်စီဂျင်နှင့် အခြားဓါတ်ငွေ့စက်ရုံ၊ အရှေ့မရမ်းကုန်း ရှိအထည် စက်ရုံ အမှတ် (၂) နှင့် သင်္ဃန်းကျွန်း စောင်စက်ရုံအမှတ် (၂) တို့မှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချပေးခဲ့ပြီး ဖြစ်သည်ကို မကြာမီ သီတင်းပတ်အတွင်း ထွက်ရှိခဲ့သည့် နိုင်ငံတော် ပြန်တမ်းအရ သိရှိရသည်။

အရှေ့မရမ်းကုန်း အထည်စက်ရုံ အမှတ် (၂) ဆိုလျင် ကျပ်သိန်းပေါင်း ၂ သိန်းကျော်ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၀ယ်ယူခဲ့ပြီး ငွေကို အရစ်ကျ ပေးချေလျက်ရှိသည်ကိုလည်း ထိုပြန်တမ်းတွင် ဖေါ်ပြပါရှိသည်။ သို့သော် ထိုစက်ရုံနှင့် မြေကွက်များကို မည်သည့်အဖွဲ့အစည်း၊ လုပ်ငန်းရှင်တို့က ငွေပမာဏ ဘယ်၍ဘယ်မျှထိ ချိတ်ပိတ်တင်ဒါ ပေးသွင်းခဲ့သည်ကို အသိပေးထုတ်ပြန်ခြင်း မရှိသဖြင့် လုပ်ငန်းရှင်များက ပွင့်လင်း မြင်သာသည့် ရောင်းချမှုမျိုးမဟုတ်ဟု ယူဆနားလည်နေကြသည်။ ပြီးခဲ့သည့် ၂ လ၀န်းကျင်ခန့် ကလည်း မြန်မာ့ ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းပိုင် ကျိုင်းတုံ အပါအ၀င် ပင်လယ်ကူး ကုန်တင် သင်္ဘောနှစ်စီး ကို မြန်မာ့စီးပွားရေး ဦးပိုင်သို့ပင် လက်လွှဲ ရောင်းချပေးခဲ့သည်။

ဇန်န၀ါရီလတွင် ပြုလုပ်ခဲ့သည့် ချိတ်ပိတ်တင်ဒါ အနက်မှ ပုဂ္ဂလိက အမည်ဖြင့် ၀ယ်ယူရရှိသည့် နိုင်ငံပိုင် အဆောက်အအုံ တခုမှာ စမ်းချောင်းမြို့နယ်ရှိ ရတနာပုံ ရုပ်ရှင်ရုံတခုသာ လက်ရှိအချိန်ထိ ကြားသိရသေးပြီး အဆိုပါ ရုပ်ရှုင်ရုံကို ကျပ်သိန်း ၉၂၀၀ ကျော်ဖြင့် ဒေါ်ခင်နန်းဝေဆိုသူက ၀ယ်ယူခွင့်ရရှိခဲ့သည်ဟု သိရသည်။ ယခုလို နိုင်ငံတော်ပိုင် အဆောက်အအုံနှင့် စက်ရုံများကို ချိတ်ပိတ်တင်ဒါ စနစ်ဖြင့်ရောင်းချရာတွင် ပြည်သူပိုင် သိမ်းဆည်းထားခဲ့သည့် မြေနှင့်အဆောက်အအုံများဖြစ်ပါက ဈေးအမြင့်ဆုံး ပေးသူထဲတွင် မူလပိုင်ရှင်အား ပထမ ဦးစားပေး အဖြစ်လည်းကောင်း၊ လက်ရှိနေထိုင်နေသူအား ဒုတိယဦးစားပေး အဖြစ်လည်းကောင်း ရောင်းချပေးမည်ဟုလည်း အိမ်ခြံမြေ လုပ်ကိုင်သူများက ပြောဆိုသည်။

ယခုကဲ့သို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ မြေကွက်နှင့် အဆောက်အအုံများကို အလောတကြီး ထုခွဲရောင်းချလျက်ရှိခြင်းအား ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည်ဟု ကြေငြာထားသည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရခေါင်းဆောင်များက ရရှိနိုင်သမျှ အကျိုးခံစားခွင့်များကို ခွဲဝေယူလိုသည့် လက္ခဏာ တရပ်အဖြစ် ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ရှုမြင်လျက်ရှိကြသည်။

(ဓာတ်ပုံ - မိုးမခ၊ မကြာသေးမီက မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) က လွှဲပြောင်းယူလိုက်သည့် ဗိုလ်တထောင် မြို့နယ် လင်းစဒေါင်းရှိ ဓါတ်ငွေ့စက်ရုံ )

Comments