Cheery FM for 30 towns in Shan state

ရှမ်းပြည်နယ် မြို့ ၃ဝ အတွက် ချယ်ရီFM လာမည်
မိုးမခအထောက်တော် ဝဝ၆
သြဂုတ် ၁၅၊ ၂ဝဝ၉

ချယ်ရီFM အမည်ရှိ အသံလွှင့်ဌာနသည် ယနေ့မှစ၍ ထုတ်လွှင့်မည်ဖြစ်ရာ တောင်ကြီးမြို့ နှင့် ပတ်ဝန်းကျင် ၂၉ မြို့တွင် ဖမ်းယူ နားဆင်နိုင်မည် ဖြစ်ကြောင်း သြဂုတ်လ ၁ဝ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြထားသည်။

နံနက် ၆ နာရီမှ ည ၈ နာရီအထိ ထုတ်လွှင့်မည်ဖြစ်ပြီး ဂီတ လောကမှ ထင်ရှားသူများ၏ ပုံမှန် အစီအစဉ်များစွာဖြင့် ဝေဝေဆာဆာ ပြင်ဆင်ထားသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် ဖျော်ဖြေရေး ဦးစားပေးနေသော ချယ်ရီFM၏ အစီအစဉ် တချို့

ရန်ကုန်တွင် အသံသွင်းပြီး မြို့တော်သစ် နေပြည်တော်ရှိ အသံလွှင့်ရုံက ထုတ်လွှင့်မည်ဟု ဆိုသည်။

်လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသူမှာ ဇေကမ္ဘာကုမ္ပဏီဖြစ်သည်ဟု ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Myanmar News Week ဂျာနယ်တွင် ဖော်ပြထားသည်။

ယခုအခါ ရန်ကုန် စီးတီး FM၊ မန္တလေး စီးတီး FM စစ်တွေ စီးတီး FM တို့ ထုတ်လွှင့်လျက်ရှိသည်။

ရန်ကုန် စီးတီး FM သည် ၂၀၀၂ တွင် အစပြုခဲ့ပြီး ရန်ကုန်ရှိ ၃၃ မြို့နယ်အတွက် ထုတ်လွှင့်နေသည်။

မန္တလေး စီးတီး FM သည် ယမန်နှစ်က စတင် လည်ပတ်ခဲ့ပြီး၊ စစ်တွေ စီးတီး FM (ပဉ္စ၀တီ FM) သည် ယခုနှစ်တွင် စတင်ခဲ့သည်။

ပြည်ပအသံလွှင့်ဌာန ထုတ်လွှင့်ချက်များကို ရင်ဆိုင်ရန် တည်ထောင်ထားသည်ဟု အကဲခတ်မားက ယူဆကြသည့် ပိတောက်မြေ အသံလွှင့်ဌာနသည်လည်း FM များကဲ့သို့ပင် သီချင်းများကို ထုတ်လွှင့်လျက်ရှိသည်။ ပိတောက်မြေကို ပြန်ကြားရေး ၀န်ကြီးဌာနက တရားဝင် ကြေညာခြင်း မရှိဘဲ ထုတ်လွှင့်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် မိုင် ၅၀ ၀န်းကျင်မှ ဖမ်းယူ နားဆင်နိုင်မည့် FM လိုင်းသစ်များ ထပ်မံ ပေါ်ပေါက်လာဦးမည် ဖြစ်သည်။

လွိုင်ကော်၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ပဲခူး၊ ထားဝယ်၊ ပုသိမ်၊ ကျောင်းကုန်း၊ အမ်း၊ မကွေး၊ ဟားခါး၊ မော်လမြိုင်၊ ဘားအံ စသော FM လိုင်းသစ်များ ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း ၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ထို FM လိုင်းသစ်များကို ရွှေတောင်၊ ရွှေသံလွင်၊ Myanmar Album နှင့် Forever Group ကုမ္ပဏီ တို့က ထုတ်လွှင့်ခွင့် ရထားကြသည်ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီးများက ၎င်းတို့နှင့် နီးစပ်ကြသည့် ထို ကုမ္ပဏီများကို လုပ်ပိုင်ခွင့်များပေးထားပြီး ဝါဒဖြန့်ချိရေး အတွက် အသုံးချဖွယ် ရှိကြောင်း နိုင်ငံရေးသမားများက သံသယ ရှိနေကြသည်။

Comments