Daw Suu and Literature

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၃)
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးစာပေ
ထိန်လင်း
သြဂုတ် ၁၆၊ ၂၀၀၉
မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန် စာပေရေးသားခြင်းပါ တွဲဖက်လုပ်ဆောင်သူ ခေါင်းဆောင်အများအပြား ရှိပါတယ်။ ဒါပေမယ့် အများစုက စာပေရေးသားတဲ့အခါ ရိုးရိုးစကားပြေမျိုးကိုသာ ရေးသားလေ့ရှိပေမယ့် တချို့ကတော့ ရသဆန်တဲ့ အရေးအသားတွေလည်း ရေးဖွဲ့တတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ နိုင်ငံရေးစာပေများက ရသပါဝင်တဲ့ အရေးအသားဖြစ်ပါတယ်။ ဒါကြောင့် သူ့စာတွေက စာဖတ်သူတွေရဲ့ နှလုံးအိမ်ကို ပိုပြီး ဆွဲယူနိုင်ပါတယ်။

ဒီလို ရသဆန်တဲ့အရေးအသားမျိုးတွေက စာများများ ဖတ်ရှုထားခြင်းနဲ့ ဘာသာစကား ကျွမ်းကျင်မှုတွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းလို့ ပြောနိုင်တဲ့ အလေ့အထတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ဘာသာစကား ပိုင်နိုင်မှုဖြစ်ပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာ အင်္ဂလိပ်စကား ကျွမ်းကျင်တဲ့ မြန်မာတွေက စကားပြောတဲ့အခါ မြန်မာလိုပြောပေမယ့် အင်္ဂလိပ်စကားတွေ ညှပ်ပြီး သုံးနှုန်းလေ့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီလို မရှိပါဘူး။ ဘယ်လောက်ပဲ အင်္ဂလိပ်လို ပြောနေပါစေ မြန်မာလို ပြောတဲ့အခါတိုင်း လုံးဝ အင်္ဂလိပ်စကားကို ရောနှောမသုံးပါဘူး။ တခါတရံ သူ့နံဘေးမှာ ရှိနေသူက မြန်မာလိုဘယ်လိုပြောရမယ်ဆိုတာ ချက်ချင်းမသိလို့ သူ့ကို မေးမြန်းတာမျိုးတွေတောင် ရှိပါတယ်။

တဆက်တည်း ပြောရမယ့်အရည်အချင်းကတော့ ရိုးသားခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမသိတဲ့ အကြောင်းအရာဆို ဘယ်တော့မှ သိသလိုမလုပ်ပါဘူး။ မသိဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိပါတယ်။ မှတ်တမ်းမှတ်ရာကို ပြန်ကြည့်ပြီးမှ ဖြေရမယ့် မေးခွန်းမျိုးဆိုရင်လည်း သူပြန်ပြီး အဖြေပေးမယ့်အကြောင်း ပြောခဲ့သလို ပြောတဲ့အတိုင်းလည်း အချက်အလက် ရှာဖွေပြီး ပြန်လည်ဖြေဆိုခဲ့တာတွေ ရှိပါတယ်။ သူဟာ ပြောတဲ့အတိုင်း လုပ်ပြီး လုပ်တဲ့အတိုင်းလည်း ပြောသူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစာပေများကို ဖတ်ရှုတဲ့အခါ သူ့ရဲ့ယုံကြည်ချက်၊ မြန်မာပြည်သူတွေရဲ့ လိုလားချက်နဲ့ ခေတ်စနစ်ရဲ့ ပုံရိပ်တွေ ထင်ဟပ်နေမှာဖြစ်ပြီး နိုင်ငံရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အတွေးအခေါ် အယူအဆတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် သူ့ရဲ့ လေ့လာအားထုတ်မှု ဘယ်လောက်ရှိတယ်ဆိုတာတွေကို တွေ့ရှိနိုင်ပါတယ်။

‘မြန်မာပြည်က လာတဲ့စာ’၊ ‘မြန်မာပြည်မှ ပေးစာများ’ လို့ ဘာသာပြန်ထားကြတဲ့ Letters from Burma စာအုပ်မှာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလကနေ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလအထိ ဂျပန်နိုင်ငံမှာထုတ်ဝေတဲ့ မအိနိချိ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ၅၂ ပုဒ် ဖော်ပြထားပါတယ်။ ဒီပေးစာ ဆောင်းပါးတွေဟာ ဂျပန်နိုင်ငံမှာ သြဇာရှိတဲ့ ဂျပန်သတင်းစာအသင်းကြီးက ပေးအပ်တဲ့ ဆုကို ၁၉၉၆ ခုနှစ်မှာ ရရှိခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ ဒီဆောင်းပါးတွေထဲမှာ မြန်မာပြည်ရဲ့ လူမှုဘဝတွေ၊ ပွဲလမ်းသဘင်နဲ့ ဆက်စပ်နေတဲ့ ဓလေ့ထုံးစံတွေ၊ အဲန်အယ်လ်ဒီ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ၊ နိုင်ငံရေးအကျဉ်းသားများ အကြောင်း စသဖြင့် အကြောင်းအရာမျိုးစုံ ပါဝင်ပြီး သူစဉ်းစားမိတဲ့အတွေးတွေ၊ သူ့အတွေ့အကြုံတွေနဲ့ ဖတ်ရှုမှတ်သားဖူးတဲ့ အကြောင်းအရာတွေကိုပါ ရောနှော ရေးသားထားပါတယ်။ ဒီဆောင်းပါးများမှာ အဲဒီအချိန်က လတ်တလော ဖြစ်ပျက်နေတဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်ပေမယ့် အပြစ်ဖို့ရေးသားတာမျိုးမဟုတ်ဘဲ အကောင်းမြင်တဲ့ ရှုထောင့်ကနေ ဆင်ခြင် ရေးသားထားတာတွေ့ရပါတယ်။

ဥပမာအားဖြင့် အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအကြောင်း ရေးသားတဲ့အခါမှာတောင် ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဆိုတာမျိုး စွပ်စွဲရေးသားတာမျိုးမဟုတ်ဘဲ “အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့သူတွေရဲ့ အရေအတွက် အတိအကျကို ရဖို့ရာ မလွယ်ပါဘူး။ ဒါပေမယ့် ဒီအရေအတွက်က မနည်းသလို အချိန်နဲ့အမျှ တိုးနေပါတယ်။ လွတ်လပ်မှုအတွက် ပေးဆပ်ရတဲ့ အဖိုးအခဟာ နည်းပါးတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ မြန်မာပြည်မှာတော့ အထူးပဲ မြင့်မားလှပါတယ်”လို့ ရေးသားခဲ့ပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ Let's Visit Burma စာအုပ်နဲ့ Aung San စာအုပ်ကို ရှာဖွေမတွေ့နိုင်သူတွေအတွက် Freedom From Fear စာအုပ်ရှိရင် အဆင်ပြေပါတယ်။ အဲဒီစာအုပ်ထဲမှာ မူရင်း Aung San လို့ရေးထားတဲ့စာမူကို My Father လို့ ဖော်ပြထားပြီး Let's Visit Burma ကိုတော့ My Country and People ဆိုတဲ့ခေါင်းစဉ်နဲ့ အပြည့်အစုံ ပြန်လည်ဖော်ပြထားပါတယ်။ ဒါ့အပြင် ကိုလိုနီစနစ်အောက်က မြန်မာနဲ့ အိန္ဒိယ ပညာတတ်တွေအကြောင်း၊ မြန်မာပြည်ရဲ့ စာပေနဲ့ အမျိုးသားရေး အကြောင်းတွေ ရေးသားထားတဲ့ ဆောင်းပါးများကို ဖတ်ရှုနိုင်သလို ပြည်တွင်းကနေ ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းများကိုလည်း ဖော်ပြထားပါတယ်။

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး မြန်မာပြန်စာအုပ်မှာတော့ မူရင်းအင်္ဂလိပ်စာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာအားလုံးကို ဖော်ပြမထားဘဲ တချို့ကို ချန်လှပ်ထားပါတယ်။ ဒါပေမယ့် မူရင်းစာအုပ်မှာမပါတဲ့ ၁၉၈၈ ခုနှစ် သြဂုတ်လကနေ ၁၉၈၉ ခုနှစ် ဇူလိုင်လအထိ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေ၊ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းတွေကို ဖော်ပြထားပါတယ်။

မြန်မာပြန်စာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အမှာစာ ရေးထားပြီး စာရေးတာ၊ မိန့်ခွန်းပြောတာတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ယူဆချက်ကို အခုလို ရေးသားထားပါတယ်။

“စာရေးခြင်း၊ မိန့်ခွန်းပြောခြင်း၊ စကားပြောခြင်း စသော လုပ်ရပ်များ၏ အဓိက ရည်ရွယ်ချက်တစ်ခုကား လူအချင်းချင်း နားလည်မှုတိုးပွားစေရန်ဖြစ်သည်ဟု ကျမ ယူဆပါသည်။ မြန်မာ့ လူမှုရေး၊ နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကမ္ဘာက ပိုမို၍ သိရှိနားလည်စေရန် ရည်ရွယ်၍ ဤစာအုပ်ပါ ဆောင်းပါးများကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံတနိုင်ငံကို အမှန်တကယ် အကျိုးပြုနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်နိုင်ရန် ပြည်သူပြည်သားအပေါင်းတွင် ပွင့်လင်းပြတ်သားစွာ သုံးသပ်ဝေဖန်ပိုင်ခွင့်နှင့် အသိအမြင်၊ အတွေးအခေါ်များကို လွတ်လပ်စွာ ဆွေးနွေးဖလှယ်ပိုင်ခွင့်များ ရှိရမည်ဟုလည်း ကျမ ယုံကြည်ပါသည်။”

အမှာစာမှာ ပြောထားသလိုပါပဲ။ အဲဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး၊ ‘ဗိုလ်’၏ အဓိပ္ပာယ်အစစ်အမှန် စတဲ့ ဆောင်းပါးတွေဟာ သူ့အယူအဆများကို ဆွေးနွေးတင်ပြထားတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး ဆောင်းပါးမှာ စိုးရိမ်ကြောက်လန့်မှုများအကြောင်း၊ အကြောက်တရားတွေ ရှိနေတဲ့ မြန်မာပြည်အကြောင်း ရှင်းလင်းရေးသားထားပြီး ရက်စက်တဲ့ အာဏာစက်ကို တွန်းလှန်ဖို့ သစ္စာတရား၊ ကရုဏာတရားနဲ့ တရားမျှတမှုတို့ကို ကိုင်စွဲသင့်တဲ့အကြောင်း ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခြားစာအုပ်ကတော့ The Voice of Hope စာအုပ်ဖြစ်ပြီး အမေရိကန်စာရေးဆရာ Alan Clements နဲ့ တွေ့ဆုံပြောကြားချက်များကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ အခန်း ၁၃ ခန်း ပါဝင်ပြီး အမေးအဖြေများအဖြစ် ဖော်ပြထားပါတယ်။ ဒီစာအုပ်ကိုတော့ မြန်မာပြန်ဆိုထားခြင်း မရှိသေးပါဘူး။

ဒီလို လုံးချင်းမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တခြားစာမူတွေလည်း ပြည်ပမှာထုတ်ဝေတဲ့ စာနယ်ဇင်းတွေမှာ ဖော်ပြဖူးပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Parade သတင်းစာမဂ္ဂဇင်းမှာလည်း ၂ဝဝ၃ ခုနှစ် မတ်လ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ All We Want Is Our Freedom ဆိုတဲ့ ဆောင်းပါး ဖော်ပြခဲ့ပြီး အဲဒီဆောင်းပါးထဲမှာ မြန်မာပြည်သူတွေ ဘယ်လောက်ထိ လွတ်လပ်မှုလိုလားကြတယ်ဆိုတာ ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးစာပေတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်တည်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်မှာမဟုတ်ပါဘူး။ နောင်အလျဉ်းသင့်တဲ့အခါ သူ့ရဲ့စာပေတွေအကြောင်း ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ။

ထိန်လင်း (၂၃ ၊ ၆၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် ဇွန်လ ၂၆ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

Comments