ယက်တော ဘန်ကောက်ရောက်ပြီ၊
ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထိန်းသိမ်းခံနေရ
CNN သတင်းဌာန
သြဂုတ် ၁၆၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထိန်းသိမ်းခံနေရ
CNN သတင်းဌာန
သြဂုတ် ၁၆၊ ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrtEyXehhLgfbCaVqv-lFRUz0xXsyAeMwM6ovbx6kpxedBH6PJh-rJvdazrE7xDMiBqwyTAAJy07veA_pKJLflxiFMT063RCCLuxbnEdxZYgYiLFPwlwuaj0ChyphenhyphenP6NsuZAJUA3rH6pvmA4/s400/moemaka.jpg)
ဘန်ကောက်ရှိ စစ်အခြေစိုက်စခန်းသို့ လေယာဉ်ဖြင့် ရောက်လာသော မစ္စတာ ယက်တော (ဓာတ်ပုံ-Reuters)
ထောင်ဒဏ် ၇ နှစ် ကျခံနေရသည့် မစ္စတာ ဂျွန်ဝီလျံယက်တောသည် အမေရိကန် အထက် လွှတ်တော် အမတ် နှင့်အတူ ယနေ့ ဘန်ကောက်သို့ ရောက်လာသည်။စစ်လေယာဉ်ဖြင့် ဘန်ကောက်သို့ ရောက်လာသော မစ္စတာ ယက်တောကို ဆေးရုံသို့ ပို့ဆောင်လိုက်သည်။
“သူက မလုပ်သင့်တာတွေ လုပ်ခဲ့တယ်လို့ ကျနော် ယူဆပါတယ်။ သူ့ယုံကြည်ချက်အတိုင်း ကူညီဖို့ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်အတွက်လည်း ထိခိုက်စေတယ် လို့ ကျနော် ယူဆပါတယ်” ဟု အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်က ဘန်ကောက်ရှိ သတင်းထောက်များကို ပြောသည်။
“ဒါပေမဲ့ တချိန်တည်းမှာပဲ လူသားချင်း စာနာတဲ့ အနေနဲ့ ကျနော် တောင်းဆိုတဲ့အတိုင်း အစိုးရက သူ့ကို ကျနော်နဲ့ အတူ ပြန်ခွင့်ပေးတဲ့အတွက် ကျနော် ၀မ်းသာပါတယ်”
“ကျနော် ယုံပါတယ်၊ ဒါဟာ ကျနော်တို့ ဖြစ်ချင်တဲ့၊ တည်ဆောက်လို့ ရမယ်လို့ မျှော်လင့်ထားတဲ့ အရာအတွက် မြန်မာ အစိုးရက အချက်ပြလိုက်တာပါပဲ” ဟု ဆိုသည်။
ဆီးချို ရောဂါသည် မစ္စတာ ယက်တောသည် ဆေးရုံတွင် ဆေးစစ် ကုသမှု ခံယူနေသည်။
“သူ ကျန်းမာရေး မကောင်းဘူး။ ဒီမနက် သူ့ကို ပြည်နှင်ဒဏ်ပေးတဲ့ အမိန့် ဖတ်ပြတုန်းကလည်း အရေးပေါ် ဆေးကုပေးရသေးတယ်” ဟု မစ္စတာ ၀က်ဘ်က ပြောသည်။
မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
မစ္စတာ ယက်တော ဒေါ်စု၏ အိမ်သို့ ကျူးကျော် ၀င်ရောက် ခြင်းကြောင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်ခြင်း ဖြစ်ပေါ်စေသည်ဟု မြန်မာအစိုးရက ဆိုသည်။
တရားရုံးတွင် မစ္စတာ ယက်တောက ထွက်ဆိုရာ ဒေါ်စုကို အကာအကွယ် ပေးရန်အတွက် ထိုသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အကြမ်းဖက်သမား အဖွဲ့တခုက ဒေါ်စုကို လုပ်ကြံသတ်ဖြတ်မည်ဟု သူ အိပ်မက်ရသည်ဟု ဆိုသည်။
သူသည် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ စည်ပင်သာယာ အက်ဥပဒေ၊ ဒေါ်စု၏ နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ဥပဒေတို့ဖြင့် တရား စီရင်ခံရသည်။
တရားရုံးတွင် ဒေါ်စုကလည်း မစ္စတာ ယက်တောကို မသိကြောင်း၊ သူ၏ အစီအစဉ်ကိုလည်း မသိကြောင်း၊ မည်သည့် ပြစ်မှုမျှ ကျူးလွန်ခြင်း မရှိကြောင်း ထွက်ဆိုသည်။
ကျူးကျော် ၀င်ရောက်မှုကို သတင်းမပို့ခဲ့ခြင်းမှာ မစ္စတာ ယက်တောကိုသာမက မည်သည့်ကိုမျှ ဒုက္ခ မရောက်စေချင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။
တရားရုံးက ဒေါ်စုကို ထောင် ၃ နှစ် ချခဲ့သည်။ နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲသို့ ပြောင်းလဲ သွားသည်။ သူ နှင့် အတူနေ အမျိုးသမီး ၂ ဦးလည်း သူ့နည်းတူ စီရင်ချက် ချမှတ်ခံရသည်။
ယမန်နေ့က အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ၊ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျင်ဝက်သည် ဒေါ်စု နှင့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ကို သီးခြားစီ တွေ့ဆုံမှု ပြုခဲ့သည်။
“ဒီ မတရားတဲ့ ဖြစ်ရပ်မှာ ဓားစာခံတွေ ဖြစ်ခဲ့ရတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ လုပ်ဖော်ကိုင်ဘက် အမျိုးသမီး ၂ ယောက် ဆက်ပြီး ထိန်းသိမ်းခံနေရချိန်မှာ မစ္စတာ ဂျွန်ယက်တော လွတ်လာတာကိုတော့ အထက်လွှတ်တော် အမတ် မစ္စတာ ၀က် ဂုဏ်ယူနေနိုင်လိမ့်မယ်လို့ ကျနော် မထင်ဘူး” ဟု ၀ါရှင်တန် အခြေစိုက် U.S. Campaign for Burma အဖွဲ့ ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ပြောသည်။
“ဒါဟာ မြန်မာပြည်သူတွေ ကြားထဲမှာလည်း အမြင်ကောင်းမှာ မဟုတ်ဘူး။ အမေရိကန်တွေက သူတို့ နိုင်ငံသား ပြန်လွတ်သွားတော့ အာဏာရှင်တွေကို လွယ်လွယ်လေးနဲ့ ကျေနပ် လက်ခံကြတာပဲ လို့ မြင်လာကြလိမ့်မယ်” ဟု ကိုအောင်ဒင်က ပြောသည်။
၁၉၆၂ မှ စပြီး မြန်မာပြည်ကို အုပ်ချုပ်ခဲ့သော စစ်အုပ်စုသည် ၁၉၈၉ တွင် မြန်မာပြည်၏ အမည်ဟောင်း Burma ကို Myanmar ဟု ပြောင်းလဲလိုက်သည်။ သို့သော်လည်း ဒေါ်စုအား ထောက်ခံသူများ နှင့် အစိုးရ အများအပြားက အမည်ဟောင်းကိုသာ အသုံးပြုနေကြသည်။
Comments