EU beefs up Burma sanctions, adding judges

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချသည့် တရားသူကြီးများကို ဥရောပသမဂ္ဂ ဒဏ်ခတ်
မိုးမခအထောက်တော် ဝဝ၆
သြဂုတ် ၁၄၊ ၂ဝဝ၉

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက် ချခဲ့ကြသည့် တရားသူကြီး ၂ ဦး နှင့် တရားလို ရှေ့နေတို့သည် ဥရောပ သမဂ္ဂက အရေးယူ ဒဏ်ခတ်လိုက်သော စစ်အစိုးရဘက်တော်သားများ စာရင်းတွင် ပါဝင်သွားသည်။

ယမန်နေ့က ထုတ်ပြန်သော စာရင်းအရ ၎င်းတို့မှာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၏ ရုံးထိုင်တရားသူကြီးများ ဖြစ်သော ဦးသောင်းညွန့်၊ ဦးညီညီစိုး၊ ခရိုင်ဥပဒေအရာရှိ ဦးမြင့်ကြိုင် တို့ ဖြစ်သည်။

တရားသူကြီး ၂ ဦးသည် ဒေါ်အောင်ဆန်းစုကြည်အပြင် မစုစုနွေးကိုလည်းကောင်း၊ ၈၈ ကျောင်းသား ခေါင်းဆောင်များကိုလည်းကောင်း ထောင်ဒဏ် အများအပြား ချမှတ်ခဲ့သူများ ဖြစ်သည်။

ခရိုင်ဥပဒေအရာရှိ (အစိုးရရှေ့နေ သို့မဟုတ် ဆွဲချ) ဦးမြင့်ကြိုင်သည် နိုင်ငံရေးသမားများကို အင်းစိန်ထောင် တရားရုံးအတွင်း တရားစီရင်ရာတွင် အစိုးရဘက်မှ လိုက်ပါ ဆောင်ရွက်ခဲ့သည်။

တရားရေး ဝန်ထမ်း ၃ ဦးအပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စစ်အစိုးရ ထိပ်ပိုင်း နှင့် ဌာနဆိုင်ရာအဆင့် ခေါင်းဆောင်များ၊ ၎င်းတို့၏ အိမ်ထောင်ဘက်များ၊ သားသမီးများ၊ ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်များသည် ဥရောပသမဂ္ဂက စစ်အစိုးရ အပေါ် ချမှတ်ထားသည့် တားဆီးမှုများ အရ ဥရောပ ၂၇ နိုင်ငံသို့ ဝင်ရောက်ခွင့် ရမည် မဟုတ်ပေ။

ထိုစာရင်းတွင် တရားရေးဌာနမှ ၁၅ ဦး ပါဝင်ရာ ထိပ်ဆုံးမှ ပုဂ္ဂိုလ်မှာ တရားသူကြီးချုပ် ဦးအောင်တိုး ဖြစ်သည်။

ဒဏ်ခတ် ပိတ်ဆို့ ခံရသူ ၅ဝဝ ကျော် စာရင်း၏ ထိပ်ဆုံးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဇနီး၊ သားသမီး မြေးတို့၏ အမည်များကို တွေ့ရသည်။

ယင်းသို့ တားဆီးထားသော်လည်း ဥရောပတွင် လုပ်သည့် နိုင်ငံတကာ ဆွေးနွေးပွဲများတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို တက်ရောက်ခွင့်ပြုနေသည်။

ယခုနှစ် ပိတ်ဆို့မှုတွင် စစ်အစိုးရ၏ မီဒီယာလုပ်ငန်းကြီး တချို့လည်း ပါဝင်သည်။ စစ်အစိုးရ၏ ရုပ်မြင်သံကြား၊ သတင်းစာတို့ကို စီစဉ် ထုတ်လုပ်သည့် ဌာနကြီးများ ဖြစ်သည်။

Forever Group နှင့် Myanmar Infotech မီဒီယာ လုပ်ငန်းကြီး ၂ ခုမှာ ယခင်ကပင် ပိတ်ဆို့သည့် စာရင်းတွင် ပါဝင်ပြီး ဖြစ်သည်။

Forever Group ၏ လုပ်ငန်း တခုသည် အင်တာနက်မှ တဆင့် စာအုပ် စာစောင်များကို PDF ဖိုင်ဖြင့် ရောင်းချခြင်း ဖြစ်သည်။

Myanmar Infotech ကုမ္ပဏီသည် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန ၃ ခုကို သတင်းနှင့် ဆက်သွယ်ရေး နည်းပညာ ဝန်ဆောင်မှု ပေးလျက်ရှိသည်။

၂၇ နိုင်ငံဖြင့် ဖွဲ့ထားသော ဥရောပသမဂ္ဂသည် မြန်မာစစ်အစိုးရ၏ လုပ်ရပ်များကို ဝေဖန်လေ့ ရှိသည်။

လူ တသိန်းကျော် အသေအပျောက် ရှိခဲ့သည့် နာဂစ်မုန်တိုင်းအပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှောင့်နှေးခြင်း၊ ပျက်ကွက်ခြင်း တို့ကြောင့် စစ်အစိုးရသည် ရာဇဝတ်မှု ကျူးလွန်ရာ ရောက်ကြောင်း ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန်ဖူးသည်။



Comments