တရုတ်ပြည်သို့ ထွက်ပြေးရသူ သုံးသောင်းကျော်ပြီဟု ကုလသမဂ္ဂ ထုတ်ပြော
မိုးမခအထောက်တော် ၀၀၅
သြဂုတ် ၂၀၀၉
မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ဟု အမည်ရသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်များ
မိုးမခအထောက်တော် ၀၀၅
သြဂုတ် ၂၀၀၉
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_-eplC2hn9NEfO8dPnl3K30kANG0FGu9UcbhkO-rhAJXDbG1wAru3eRnOdeKBR1eF5c0gld2AIBpFrDUjjqueqNKygp65gGFOjIh09EeLXzLTzBOE-GOHwWP1HIZHCvNhpVaF874uvi9t/s400/nimrod.jpg)
မြန်မာ့တပ်မတော် နှင့် ကိုးကန့်သူပုန်အဖွဲ့တို့ အပစ်အခတ် ပြန်လည် စတင်သည့်အတွက် ရှမ်းပြည်နယ်မှ ဒေသခံ ၃ သောင်း အထိ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားကြကြောင်း ကုလသမဂ္ဂက ခန့်မှန်းလိုက်ကြောင်း AFP သတင်းဌာနက ရေးသားလိုက်သည်။
ရှမ်းပြည်နယ်ဘက်မှ ထွက်ပြေးလာသူများသည် ယူနန်ပြည်နယ် နန်စန်မြို့အတွင်းသို့ ၀င်ရောက် လာကြခြင်းဖြစ်ကြောင်း တရုတ် အာဏာပိုင်တို့နှင့် လက်တွဲ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက ပြောလိုက်ခြင်း ဖြစ်သည်။
“ယူနန်ပြည်နယ် ဒေသခံ အာဏာပိုင်တွေက အရေးပေါ် အကူအညီ၊ ရိက္ခာ၊ ဆေးဝါးတွေ ထောက်ပံ့ထားတယ်လို့ ကျနော်တို့ကို ပြောတယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ ပြောခွင့်ရ အရာရှိ Andrej Mahecic က ဆိုသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် တစောင် ထုတ်ပြန်ထားရာ “တရုတ် မြန်မာနယ်စပ် တည်ငြိမ်ရေးအတွက် မြန်မာတို့က ပြည်တွင်းရေး ပြဿနာကို သင့်လျော်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ဖော်ပြထားသည်။
“မြန်မာပြည်အတွင်းရှိ တရုတ်နိုင်ငံသားတို့၏ လုံခြုံမှု နှင့် ဥပဒေအရ ရပိုင်ခွင့်များ ရရှိရေးအတွက် မြန်မာအစိုးရက အကာအကွယ်ပေးရန် ကျွနုပ်တို့ တိုက်တွန်းလိုက်သည်” ဟု ပြောခွင့်ရ အမျိုးသမီး Jiang Yu က ကြေညာချက်တွင် ပြောကြားထားသည်။
တရုတ်အစိုးရ သတင်းဌာန၏ ယနေ့ ထုတ်ပြန်သည့် သတင်းတပုဒ်တွင် နယ်စပ်ဒေသရှိ လက်နက်ကိုင် တရုတ် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးချဲ့လိုက်သည်ဟု ဆိုသည်။
ဤအတောအတွင်း ကိုးကန့်တပ်ဖွဲ့များ အနှစ် ၂၀ ကြာ ကြီးစိုးခဲ့ရာ လောက်ကိုင်မြို့ ဒေသတွင် ယမန်နေ့ကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသော ချင်းရွှေဟော်မြို့ နှင့် ကိုးကန့်တပ်ဖွဲ့များ အခြေစိုက်ခဲ့ရာ လောက်ကိုင်မြို့တို့သည် ထင်ရှားသည့် မူဆယ် နှင့် နမ့်ခမ်းမြို့များအနီး တည်ရှိသည်။
ကိုးကန့်အဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ စစ်ရေးအဖွဲ့ ဖြစ်ခဲ့ဖူးသည်။ ၁၉၈၉ တွင် ဗကပ ခွဲထွက်ပြီး မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ဟု အမည်ပြောင်းလိုက်သည်။၁၉၈၉ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။
စစ်အစိုးရက ၎င်းတို့ကို ရှမ်းပြည်နယ် အထူးဒေသ (၁) အဖြစ် နယ်မြေ သတ်မှတ်ပေးပြီး အခြေချခွင့် ပြုခဲ့သည်။
ကိုးကန့်များက ထိုသို့ ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင် ဗကပ လက်အောက်ရှိ ၀ တိုင်းရင်းသား တပ်များက အလုံးအရင်းဖြင့် ခွဲထွက်ခဲ့ပြီး UWSA လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ယနေ့တိုင် ရပ်တည်နေသည်။
အပစ်ရပ်မှုအနှစ် ၂၀ ပြည့်မြောက်သည့် ကာလတွင် နှစ်ဘက် အပြန်အလှန် တိုက်ခိုက်ခြင်းဖြင့် ငြိမ်းချမ်းရေး သဘောတူညီမှု စတင် ထိခိုက်သွားသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ကိုးကန့်အဖွဲ့က လက်မခံသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

Comments