Ko Mic Ke Sing - New Burmese History Q & A - Part 2

သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ - ၂

ကိုမိုက်ခဲစိန်

သြဂုတ် ၂၈၊ ၂၀၀၉

စာဖတ်သူတွေဆီက ထပ်ဖြည့်ပေးတဲ့အချက်တွေကို ကျေးဇူးတင်တဲ့ အကြောင်းပြောပါစေခင်ဗျား။

ဥပမာ အာဏာသိမ်းပြီးခါစမှာ အထွေထွေသပိတ်ကြီးကို စစ်အုပ်စုက ဖြိုခွဲလိုက်တဲ့ဆီမှာ သပိတ်စခန်းတွေ ဘယ်လို နှိမ်နင်းသိမ်းပိုက်ခံရသလဲ ဆိုတဲ့ မေးခွန်း။ ၀န်ထမ်းတွေကို မဆလပါတီက ထုတ်ပစ်လိုက်ပြီး ပါတီနိုင်ငံရေး မလုပ်ရဆိုပြီး ကန့်သတ်လိုက်တာ။ စစ်အုပ်စုက ၀န်ထမ်းတွေကို မေးခွန်း ၃၃ ခုနဲ့ စစ်တမ်းကောက်ပြီး ဦးနှိမ်ခဲ့တာ၊ အမှန်အတိုင်းဖြေမိလို့ ၀န်ထမ်းတွေ အလုပ်ဖြုတ်ခံရတာ။ ကျောင်းတက်ရေး မတက်ရေး ကျောင်းသားတွေ အငြင်းပွားခဲ့တာ။ စစ်အုပ်စုရဲ့ စစ်ခုံရုံးများ၊ ၅ (ည)၊ ၁၀(က)၊ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် ချမှတ်ခဲ့ပုံတွေ။ အဲဒီအကြောင်းတွေကို မေးခွန်းတွေ၊ ခေါင်းစဉ်တွေမှာ တို့ထားဖို့ကို ပြောတဲ့အကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။

ခုဆက်လက်ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲကျင်းပပြီးခါစ အပိုင်းအတွက် မေးခွန်းနဲ့ ဉာဏ်စမ်းများ စဉ်းစားမိသလောက်ကို တို့ထိထားပါရစေဦး။

၁၉၉၀ ပါတီစုံရွေးကောက်ပွဲလွန်ကာလ ၁၉၉၀ - ၁၉၉၅

(၁) ရွေးကောက်ပွဲတွင် မည်သည့်ပါတီ အနိုင်ရပါသနည်း။ အမတ် ဘယ်နှဦးဖြင့် နိုင်ပါသနည်း။ အခြားအနိုင်ရသော ပါတီများ၊ တိုင်းရင်းသားပါတီများကို ပြောပါ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးကြည်မောင်တို့အကြောင်းကို ပြောပြပါ။

(၂) ဂန္ဒီညီလာခံအကြောင်းကို ပြောပါ။ ထိုအချိန်က ပြည်သူ့လွှတ်တော် ခေါ်ယူရန် ကြိုးစားခဲ့ကြပါသလား။ ထိုညီလာခံအပြီး စစ်အုပ်စုက မည်သို့ ဖမ်းဆီးအရေးယူခဲ့ပါသနည်း။

(၃) အင်စီဂျီယူဘီ ဟူသော အဝေးရောက်စင်ပြိုင်အစိုးရ ပေါ်ပေါက်လာပုံကို သင် သိပါသလား။

(၄) ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့် ရက်စွဲတွင် နိုဘယ်ဆု ချီးမြှင့်ခဲ့ပါသနည်း။ ဒေါ်စုလွတ်မြောက်ရေး ကျောင်းသားလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပါသလား။

(၅) စစ်အုပ်စုနှင့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စဲခဲ့ကြပါသနည်း။ မြို့ပေါ်သို့ မည်သည့်အဖွဲ့များ ရောက်ရှိလာသနည်း။ ၎င်းတို့ ဖွင့်လှစ်လုပ်ကိုင်သော လုပ်ငန်းများ၊ စီးပွားရေးများကို သင်ကြားဖူးပါသလား။ ထိုစဉ်က စစ်အုပ်စု၏ ကုန်သွယ်ဖက် နိုင်ငံများကို ပြောပါ။ မည်သည့် သဘာဝတွင်းထွက်များနှင့် စစ်အုပ်စုက ကုန်သွယ်ရေးကို စတင်ခဲ့ပါသနည်း။

(၆) မြန်မာဗုဒ္ဓဘာသာ သံဃာတော်များ၏ ပထမအကြိမ် သပိတ်မှောက်ကံဆောင်ခြင်းအကြောင်းကို အနည်းငယ် ရေးပြပါ။

(၇) စစ်အုပ်စုက ဗိုလ်စောမောင်ကို ဘာကြောင့် ဖြုတ်ချခဲ့ပါသနည်း။ မည်သူနှင့် အစားထိုးပါသနည်း။ အမျိုးသားညီလာခံကို မည်သူက စတင်မိတ်ဆက်ခဲ့ပါသနည်း။ ထိုညီလာခံသို့ အင်န်အယ်ဒီပါတီက တက်ရောက်ခဲ့ပါသလား။ ထိုစဉ်က ပါတီခေါင်းဆောင်များကို စာရင်းပြုစုပြပါ။

(၈) အမေရိကန်၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ထိုစဉ်ကတည်းက စတင်ခဲ့သည်ဟု သင် ထင်မြင်ပါသလား။ ထိုအကြောင်းကို အနည်းငယ် ရှင်းပြပါ။

(၉) ကြံ့ဖွံအဖွဲ့ စတင်ဖွဲ့စည်းသည့်အကြောင်း ကို အနည်းငယ် ပြောပြပါ။

(၁၀) ထိုခုနှစ်များအတွင်း သေဆုံးသူ၊ ကျဆုံးသူ ထင်ရှားသော နိုင်ငံရေးသမားများ၊ စစ်ခေါင်းဆောင်များကို စာရင်းပြုစုပါ။

(၁၁) ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပထမဆုံးအကြိမ် လွတ်မြောက်ခဲ့ပါသလား။ ထိုနောက် အင်န်အယ်ဒီနှင့် အမျိုးသားညီလာခံတို့ မည်သို့ လမ်းခွဲခဲ့ပါသနည်း။

(၁၂) ထိုအချိန်က နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကေအင်ယူ၊ အေဘီအက်စ်ဒီအက်ဖ်တို့ အခြေအနေကို သင် သိပါသလား။ ထိုအချိန်က နယ်စပ်ဒေသတွင် တပ်ပေါင်းစုတခု ပေါ်ပေါက်လာသေးသလား။

(၁၃) မြန်မာ့ပြည်ပမီဒီယာ ၂ ခုဖြစ်သည့် ဒီဗွီဘီနှင့် ခေတ်ပြိုင်တို့ ထိုအချိန်ကတည်း စတင်ခဲ့သည်မှာ ဟုတ်ပါသလား။

အာဆီယံအဖွဲ့ဝင်ပူပူနွေးနွေးနှင့် စီးပွားရေးပိတ်ဆို့ခံ မြန်မာပြည် - ၁၉၉၆ - ၂၀၀၀

(၁) မြန်မာစစ်အုပ်စု၏ မြန်မာခရီးသွားနှစ် အကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ခေတ်စားလာပုံတို့ကို အနည်းငယ်ရေးပါ။ ထိုအချိန်က တိုင်းမှူးများဘ၀မှ စစ်ကောင်စီသို့ရောက်ရှိလာပြီး ၀န်ကြီးများအဖြစ် မည်သူတို့က မည်သည့်လုပ်ငန်းများ ဦးဆောင်ကြပါသနည်း။

(၂) ဘိန်းဘုရင် ခွန်ဆာနှင့် စစ်အုပ်စုတို့ ဆက်ဆံရေးကို ပြောပါ။ ထိုစဉ်က အပစ်ရပ်များနှင့် နအဖ မည်သို့ ဆက်ဆံခဲ့ကြပါသနည်း။ ကေအင်န်ယူ အဖွဲ့အား စစ်အုပ်စု မည်သို့ နှိမ်နင်းရန်၊ ခွဲထုတ်ရန် ကြိုးပမ်းခဲ့ပါသနည်း။

(၃) ထိုအချိန်က အင်န်အယ်ဒီ၊ ဒေါ်စု နိုင်ငံရေးလှုပ်ရှားမှုများကို ပြောပါ။ ပြည်သူ့လွှတ်တော်ခေါ်ယူရန် တောင်းဆိုမှု၊ ဒေါ်စုခြံရှေ့ လူထုဟောပြောပွဲများ၊ ကြံ့ဖွံ့ နှောက်ယှက်မှုများ၊ လူထုဆန္ဒထုတ်ဖော်ပွဲများ၊ ၁၉၉၈ အင်န်အယ်ဒီအမတ်များအား ထိန်းသိမ်းခြင်း၊ စီအာရ်ပီပီ ခေါ် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီထူထောင်ခြင်း နှင့် ဒေါ်စု ဒုတိယအကြိမ် အကျယ်ချုပ် ဖမ်းဆီးခံရခြင်း အကြောင်းတို့ကို အနည်းငယ်စီ ရေးပါ။

(၄) ၁၉၉၆ ကျောင်းသားအရေးအခင်းများ၊ ဘာသာရေးအဓိကရုဏ်းများ၊ ၁၉၉၈ ကျောင်းသားအရေးအခင်း၊ ၂၀၀၀ ခုနှစ် စက်မှုကောလိပ် ကျောင်းသားဆန္ဒပြပွဲများ၊ စစ်အုပ်စု အကြမ်းဖက်နှိမ်နှင်းမှုများကို အနည်းငယ်စီ ရေးပါ။

(၅) အမေရိကန်၏ မြန်မာပြည်ဥပဒေအကြောင်းကို အနည်းငယ် ရေးပြပါ။

(၆) အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ၊ စစ်အုပ်စုခေါင်းဆောင်များကို ပိတ်ဆို့မှုများနှင့် ပြည်ပနိုင်ငံများ၏ စီးပွားရေး ရင်းနှီးမြုပ်နှံမှုများအကြောင်း ထိုအချိန်က အထူးအာရုံစိုက်ခံရသည်ဟု သင် ထင်ပါသလား။

(၇) ထိုခုနှစ်များအတွင်း သေဆုံးသူ၊ ကျဆုံးသူ ထင်ရှားသော နိုင်ငံရေးသမားများ၊ စစ်ခေါင်းဆောင်များကို စာရင်းပြုစုပါ။

(၈) အင်တာနက် ခေတ်စားလာချိန်တွင် မြန်မာပြည်နှင့် ပြည်ပတွင် မြန်မာအရေးကို မည်သူတို့ စတင် ထုတ်လွှင့်ခဲ့ကြပါသနည်း။ ထိုစဉ်က အီးမေးအုပ်စုများ၊ အင်တာနက်စာမျက်နှာများအကြောင်းကို ပြောပါ။ ထိုအချိန်ကတည်းက မြန်မာဒေါ့ကွန်၊ ဧရာဝတီနှင့် မဇ္ဈိမသတင်းစာမျက်နှာတို့ကို ကြားဖူးပါသလား။ စစ်အုပ်စုအတွက် ၀ါဒဖြန့်မီဒီယာ အမည်နှင့် လူများ ထွက်ပေါ်လာခဲ့ပါသလား။

(၉) စစ်ဖက်ထောက်လှမ်းရေးက နောက် ၃ နှစ် ၄ နှစ်အတွင်း နောက်ထပ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဖူးပါသလား။ ထိုအချိန်က န၀တမှ နအဖသို့ အမည်ပြောင်းဖွဲ့စည်းခြင်းနှင့် စစ်ကောင်စီများ ပြောင်းလဲခန့်အပ်ခြင်း၊ ၎င်းတို့အချင်းချင်း ရာထူးမှ ဖယ်ရှားခြင်းတို့ကို ပြောပြနိုင်ပါသလား။

(၁၀) ထိုင်းနိုင်ငံ နယ်စပ်ဒေသ ဒုက္ခသည်စခန်းများ၊ မြန်မာဒုက္ခသည်များနှင့် ကျောင်းသားများကို အနောက်နိုင်ငံများက ရွှေ့ပြောင်းခိုလှုံရန် အစီအစဉ်များအကြောင်းကို သင် ပြောပြနိုင်ပါသလား။ ထိုအချိန်က အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော်အကြောင်းကို အနည်းငယ် ပြောပြပါ။

၂၁ ရာစု အ၀င် မြန်မာပြည် ကောက်နုတ်ချက်တို့ ကို ဆက်လက် ဖတ်ရှုပါဦး

၉၀ ရွေးကောက်ပွဲလွန် ၁၀ နှစ်တာ ကာလအတွက် ၀ိုင်းပြီး ကောက်နုတ်လာတဲ့ မေးခွန်းတွေ၊ ဉာဏ်စမ်းတွေကတော့ အထက်ပါအတိုင်း ဖြစ်ပါတယ်။ တခြား အထူးပြုစရာအချက်တွေလည်း ရှိပါဦးမယ်။

ထင်ရှားတာကတော့ ၉၀ အလွန် ပထမ ၅ နှစ်မှာ စစ်အုပ်စု လှုပ်ရှားမှုနဲ့ အတိုက်အခံ အနေအထား၊ ပြီးတော့ ဒုတိယ ၅ နှစ်က သူတို့ရဲ့ အနေအထားတို့ကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာ ပထမ ၅ နှစ်မှာ ပြည်ပကို တခါးပိတ်၊ ပြည်တွင်းမှာ ပိတ်ဆို့ပြီး အုပ်ချုပ်ခဲ့ရာကနေ ဒုတိယ ၅ နှစ်မှာ ပြည်ပနဲ့ လမ်းဖွင့်၊ ပြည်တွင်းမှာ အတိုက်အခံတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ကန့်သတ်တဲ့အပြင်ကို ကြားခံ အကြမ်းဖက်အရပ်ဝတ်တွေကို သုံးစွဲလာတာကို စတင်တွေ့နိုင်ပါတယ်။

အဲသည် ၁၀ နှစ်လုံးလုံးမှာ အပစ်ရပ်၊ အပစ်မရပ် လက်နက်ကိုင်အဖွဲ့အားလုံးကိုလည်း နည်းမျိုးစုံနဲ့ ခွဲခြားပြီး ကန့်ထားနိုင်တာကို တွေ့ရပါတယ်။

ပထမ ၅ နှစ်မှာ စစ်အုပ်စုရဲ့ မိတ်ဆွေတွေက ပြည်တွင်းမှာ အလင်းဝင်တွေ၊ အပစ်ရပ်လက်နက်ကိုင်တွေ ဖြစ်လာရာကနေ၊ ဒုတိယ ၅ နှစ်မှာ စစ်အုပ်စုရဲ့ မဟာမိတ်တွေက ပြည်တွင်း ပြည်ပ ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ပထမ ၅ နှစ်မှာ အမျိုးသားညီလာခံကို ဦးစားပေးခဲ့ပေမယ့် ဒုတိယ ၅ နှစ်မှာ ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုများနဲ့ နိုင်ငံတကာဆက်ဆံရေးကို ဦးစားပေးခဲ့ပါတယ်။ အာရှစီးပွားပျက်ကပ်နဲ့လည်း ကြုံခဲ့တာကို တွေ့ရပါတယ်။

ရလာသမျှ မေးခွန်းတွေနဲ့ ဆက်ပါဦးမယ်။

Comments