Mar Mar Aye 281

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် (၂၈၁)
အနောက် နန်းမတော် မြကလေး
မာမာအေး
သြဂုတ် ၉၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ။

သောတရှင်တို့၊ ရှေ့မှာ မဟာဂီတထဲမှာပါတဲ့ မောင်ဘွဲ့ ပတ်ပျိုးလေးတပုဒ်က အသံကို မောင်ကြေးမုံက ယူပြီး မြန်မာ စကားပြေ ကာလပေါ် သီချင်းမှာ ထည့်သုံးခဲ့တယ်လို့ ပြောတုန်းမှာ မူရင်းပတ်ပျိုးလေး နည်းနည်းလောက်ပဲ ဟဲပြလိုက်ရတာက ကျေနပ်တော်မူကြပါလို့ တောင်းပန်ပါရစေ နော်။ မဟာဂီတသီချင်း ဆိုတာတွေက ရှည်မှရှည်တွေချည်းပဲ ရှင့်။ ပြောပြ ရှင်းပြဖို့ အချိန်ကလေးကလဲ လိုသေးတယ် မို့လား။ ပြောခွင့်ရတဲ့ အချိန်အတွင်း တပုဒ်ကို ဆုံးမှာ မဟုတ်လို့ ကြိုပြီး တောင်းပန်နှင့်တာပါ ရှင်။ ပြောပြမိတဲ့ သီချင်းက အထင်ကရ သခင်မ အနောက် နန်းမတော် မြကလေး ရေးသွားခဲ့တဲ့ ‘ပြန့်ပွားစိမ်း’ အစချီ သီချင်း ဖြစ်နေလေတော့ အရှင်မိဖုရား မြကလေး အကြောင်းလဲ ပြောဦးမှပေါ့နော်။

အရှင်မဖုရား နာမည်ရင်းက ‘မမြကြုတ်’ တဲ့၊ သိပ် ရှားပါးတဲ့ နာမည်လေးပါပဲ။ မာအေးတို့ ခေတ်ထဲမှာ မကြားဖူးသလောက် ဖြစ်နေလို့ပါ ရှင်။ မိဘတွေက ရေကင်မြို့ ဇာတိ ‘မောင်ဦးနဲ့ မယ်အိ’တို့ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ‘မောင်ဦး’ ဟာ သမိတ်ထောရာဇာခေါ် ပုသိမ်မြို့ဝန်ရဲ့ ယောက်ဖတော်မို့ သာရဝေါ လှေတော် ပဲ့နင်း ဘိုးတော်ဘုရား လက်ထက်မှာ ခန့်အပ်တော်မူတဲ့ အပြင်၊ ရာဇာသတ်၊ ဓမ္မသတ်မှာလဲ ကျွမ်းကျင် အစီအရင် ကောင်းတဲ့ သူမို့ ဟင်္သာနယ် တဝိုက်က နှစ်ခြိုက် ယုံကြည်တော်မူလို့ ‘ခုံသမာဓိ’ တင်ထားကြောင်း သိတဲ့ အခါမှာ ‘မင်းပျံချီ’ ဘွဲ့ နှင်းအပ်တော်မူကာ ဟင်္သာတမြို့ကိုပါ ပြောင်းရွှေ့ စီရင်စေခဲ့ပါတယ်။ သမီးချစ် မမြကြုတ်ကလေးဟာ ဒါကြောင့် ဟင်္သာတသူ ဖြစ်လာတာပါပဲ။ ရုပ်ဆင်းရူပကာ လှဂုဏ်ဖြာတဲ့ ကလျာဖူးစ ဟင်္သာတက ‘မမြကြုတ်’ ခေါ်တဲ့ သတင်း၊ တနယ်လုံးမှာ သင်းခဲ့တာမို့၊ သက္ကရာဇ် (၁၁၈၇-ခုနှစ်၊ တပေါင်းလပြည်ကျော် (၄) ရက်နေ့) မှာ ဗြိတိသျှတို့တွေနဲ့ ‘ရန္တပိုစာချုပ်’ ချုပ်ဆိုပြီး ပြန်လာတဲ့ အိမ်ရှေ့စံ သာယာဝတီ မင်းသားကလဲ ဒီသတင်း ကြားတာကိုး။ ဟင်္သာတသူကြီး ဦးရွှေလူက တဆင့် ခေါ်ယူ မြှောက်စား အိမ်ရှေ့မင်း ဖိဖုရား အရာထားတော်မူတဲ့ အခါ၊ သာယာဝတီမြို့ အပါအဝင် ရွှေလောင်းတိုက်ကို သနားတော်မြတ် ခံရတဲ့ အတွက် ‘ရွှေလောင်းတိုက်သခင် မမြကလေး’ လို့ စတင် ခေါ်တွင် ထင်ရှားလာခဲ့ပါတယ်ရှင်။ အချော အယဉ် ယှဉ်တိုင်းလှ လင်္ကာဂီတ သီတတ်ပတဲ့ မြမြသခင်ကို ဘုရင်က ဖိဖုရားခေါင်ကြီးက လွဲရင် အခွင့်အရေး အပေးဆုံး တဲ့။ ‘မြကလေး’ ဆိုတာ ဟာလဲ ဘုရင်မင်းမြတ်က ချစ်စနိုး ခေါ်တော်မူတာပါတဲ့ ရှင်၊ အမရပူရမှာ နေခဲ့ဖူးတဲ့ စာဆိုကြီး နန်းတော်ရှေ့ ဆရာ ဒီအကြောင်း ရေးဖူးပါတယ်ရှင်။ ရွှေအင်းတောင်သမန် ဆိုတဲ့ သီချင်းထဲမှာပါ။

xx xx (မြလေးဆိုတဲ့ အနောက်မိဖုရား၊ ကျောက်စီဓါးရယ်နဲ့ အပါးတော်မှာရံ၊ သူရေးခဲ့တာ သူတေးဖွဲ့ကာ သူရေးခဲ့တဲ့ ပတ်ပျိုး သီချင်းတော်ခံ)၂ ငွေစွန်တောင် ထမီနားနဲ့ ရွှေသားတွေ အရောင်လျှံ ကျနော်မျိုးတို့ ယက်လုပ် ပေးဝေခဲ့ပြီးပေါ့ အမှန်၊ ကိုယ်တော်တိုင် ဆင်သလို မလ္လိကာ တန်ဆာ အမှန်၊ ယက္ကန်းသံလေး ဝေးခဲ့ပြီးပေါ့ အမှန်၊ နန်းတွင်းသူ အလှကလေး မြလေးကိုတဲ့ ဘုရင် ချစ်ပြန်၊ စာရေးဆရာ ချန်ပီယံ၊ အမရပူရ ပထမရွှေနိုင်ငံ xxx [ ရွှေအင်းတောင်သမန်မှ ]

ဟင်္သာတသူ အလှပဂေး ရွှေလောင်းတိုက် သခင် မမြကလေးဟာ သျှောင်နောက် ဆံထုံးပါ၊ အိမ်ရှေ့စံဘုရားနဲ့ အမရပူရ နေပြည်တော်ကြီးကို လိုက်ခဲ့ရပေမပေါ့ ရှင်။ မင်းညီမင်းသားတို့ ထုံးစံအတိုင်း ဒေဝီမိဖုရားတွေ ထဲက တပါးလေ နောက်အိမ်တော်မှာ ထားပြီး မြှောက်စားပေမယ့် – အရင်တုန်းကလို ကိုယ်တဦးတည်းပိုင် မဖြစ်နိုင်တော့ဘူး။ သာယာဝတီ အိမ်ရှေ့စံကလဲ၊ နောင်တော်မင်းတရား အတွက်ပါ ဆောင်ရွက်ရတော့ အချိန် မရရှာဘူး ထင်ပါရဲ့၊ မိဖုရားဘဝက မြလက်ရာ ကဗျာလေးတွေဟာ မောင်တော်ကို မျှော်နေတဲ့ အကြောင်းချည်းပဲ တွေ့ရပါတယ် ရှင်။ ‘ဂီတဝိသောဓနီ’ ကျမ်း ခွန်းထောက်သဖြန် အခန်းကဏ္ဍမှာ တွေ့ထားတဲ့ အမျှော်ခိုက် ဒွေးချိုးလေး နားထောင်ကြည့်ပါ နော်။

xx xx နေမှိန်မှိန်၊ ရွှေဗောင်းတော် ရွှေပုသိန်နှင့်၊ လာချိန်တန်ပေါ့၊ ထပ်ထပ်ကယ် မျှော်၊ ပြဿဒ်ကယ် ဆောင်ဘုံပေါ်က၊ အကြိုတော် သည်မယ် ထောက်ရတယ်၊ (ကိုယ်တော်ရေ) ကိုးခေါက်ပြန် ပေါ့ xx xx [ မမြလေး ဒွေးချိုး ]

ဒွေးချိုးကဗျာ ဖွဲ့ထားတာ ရှင်းရှင်းလေး မာအေးဖြင့် မမြင်ဖူးပေမယ့် ရင်ထဲက သိတယ်။ ကြည့်ပါဦး ရှင်၊ ရိုးသားလိုက်တဲ့ မြကလေး အိမ်ရှေ့မိဖုရား စတိုင်ကို မဝင်ရှာသေးဘူး။ ရာဇအိနြေ္ဒ ဆိုတာ ဝေးဝေး ထားလိုက်တော့ ဆိုတာမျိုး ဖြစ်နေရှာတဲ့ သဘော၊ မောင်တော် လာမှာကို ထွက်ထွက်ပြီး ကြိုမိတာ ကိုးခေါက်တောင်ရှိနေပြီ တဲ့။

သြော် အိမ်ရှေ့မင်း ခမျာမှာလဲ အလုပ်က ပိ၊ မဟေသီ ဒေဝီတွေကလဲ အပြည့် ဖြစ်မှာ ဆိုတော့ ‘ဆယ်ခေါက်မှ မရှိသေးတာ ကလေးရယ်’ လို့ ချော့ဖို့ များတယ်။ ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီး မှာ သားတော်က ၂ဝ ၊ သမီးတော်က ၁၇ ပါး ရှိတဲ့ အကြောင်း မှတ်တမ်း တင်ထားတာ ဖတ်ရလို့ ပါ ရှင်။ ဒီတော့ မိဖုရား မြကလေးဟာ လင်္ကာစာပေ ကြေခဲ့သူပဲလေ သီချင်းတွေ ရေးသီ ဖွင့်ဟ တော့မှာပေါ့။ မျှော်တော်ယောင်နဲ့ အလွမ်း ပတ်ပျိုးလေးတွေချည်း ရေးသားခဲ့တာတွေ ရှိပါတယ်။ ‘ရှိစုံရွက်ကြာ’ ပတ်ပျိုး၊ ‘မြယဉ်ရေညို’၊ ‘နဝရတ်ကယ် ရောင်စုံ’၊ ‘ပြာပြာညိုရောင် မှိုင်းတလဲ့လဲ့’၊ ‘ရွှေဖီဇင်ဂေါ်’ နဲ့ ချစ်သမျှကို သစ္စာတိုင် ပတ်ပျိုးတွေ ဖြစ်ပါတယ်ရှင်။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

Comments