Mar Mar Aye 283


ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် အမှတ် (၂၈၃)

တောင်သမန်အင်း နားက ခြေရာများ
မာမာအေး
သြဂုတ် ၂၉၊ ၂၀၀၉
[ photo: tiesto ]
သောတရှင်များ ကျန်းမာတော် မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့ အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ပြီးခဲ့တဲ့ တပတ်က သာယာဝတီ ရွှေဘိုမင်း အနောက်နန်းမှာ ထားပြီး မြှောက်စားတော်မူခဲ့တဲ့ မမြကလေးဟာ သူမ ချစ်မောင်တော် ဘုရင်မင်းမြတ် ဖြစ်လာသည် အထိ၊ ဟင်္သာတမြို့ အပိုင်စားရတဲ့ မိဖုရားတပါးသာ ဖြစ်နေပါသေးတယ်။ မောင်တော် သခင်ကလဲ တိုင်းရေး ပြည်ရာ အရှုပ်တော်ပုံ မဟာကို ရှင်းလင်း ဘေးကင်းလေအောင် နေရလို့ အချိန်တွေ ကွာဟစရာ ဖြစ်နိုင်တယ်။ နောင်တော် ဘုရင်မင်းမြတ်ကို ချစ်ခင်လေးစား အချစ်ပွားတဲ့ ညီတော်မို့ နောင်တော်ဘုရင် အလိုအလျောက် နန်းက ဆင်းမှ မင်းဘဝကို ယူခဲ့သူဖြစ်တဲ့ အကြောင်း ပြောခဲ့ပါတယ် ရှင်။

အိမ်ရှေ့စံဘဝ ကိုယ့် တအုပ်တမကို စောင့်ရှောက်ရတာထက် ပိုပြီးတော့ တတိုင်းပြည်လုံး တာဝန်ရှိတဲ့ ဘုရင်ဘဝ အချိန်တွေ ပေးရတော့မှာ မဟုတ်လား။ မာအေးတို့ သခင်မ ဆွေးရဦးမှာပေါ့။ ‘ရှိစုံရွက်’ ခေါ်တဲ့ ပတ်ပျိုးလေး ရေးဖွဲ့ခဲ့တော့ မှ ဘုရင်ကြီးက – သတိတော် ရလို့ ‘အနောက်နန်း သခင်မမြကလေး’ ဖြစ်လာစေမယ့် ဘွဲ့ ထူးတော် ချီးမြှင့်ပေးခဲ့တယ်လို့  ဆိုပါတယ်။

သက္ကရာဇ် (၁၂ဝ၂) ခုနှစ်၊ ဝါဆိုလဆန်း (၁ဝ)ရက်နေ့က ကျင်းပတဲ့ ‘ရဇ္ဇာဘိသေက ဗုဒ္ဓါ ဘိသိဘ်ခံ ထီးဆောင်း မင်္ဂလာ မဟာဥကင်တော် ဖွင့်ပွဲ အခမ်အနားမှာမှ “အနောက်နန်းမိဖုရား သီရိမဟာ သုရတနာ စန္ဒာဒေဝီ” ဆိုတဲ့ ဘွဲ့တော်ကို ချီးမြှင့်ခဲ့တာပါ ရှင်။ အရှင်မ စာဆိုထားခဲ့တာကိုလဲ နားဆင် ကြည့်ဦးလေ။ ပေးချင်စရာလေးမို့ ကောက်နှုတ်ပြလိုက်မယ်နော်။

xxx အခန်းခန်းငယ်နှင့် ဆောင်နန်းမရိပ်လည်း၊ ရိုးဘွယ်တည့် ဝတိန်နွယ် xxx

သူရောက်နေတဲ့ ရွှေနန်းတော်ကြီးကို ဖွဲ့ဆိုတာလေ။ အခန်းခန်း အဆောင်ဆောင်တွေနဲ့ တင့်တယ်တဲ့ နေရာမို့ တာဝတိန်သာ နတ်ပြည် အလားသဏ္ဍာန်ဘဲလို့ ချီးမြှောက်လိုက်ရှာပါတယ်။

xxx နောက်တပိုဒ်ကတော့ – နောက်အိမ်တော် ဆောင်ရိပ်မှာ၊ လွမ်းစိတ်နှင့် ဆွေး xxx

ဒါကတော့ ---- သူဘယ်မှာပါ၊ သူဘယ်လို ဖြစ်နေပါတယ် လို့ ပြောလိုက်တာမျိုးပေါ့နော်။

ပြီးတော့ xxx (ဗျာပါရေးငယ်နှင့် မကြံပါနိုင်၊ နွမ်းခွေလို့ ယိုင်) ၂ x နွဲ့ ပင်တိုင် ကြဉ်ရှောင်တိမ်းတယ်၊ စိမ်းသင့်မှ စိမ်း xxx

ကဲ - အဲဒီ အပိုဒ်မှာတော့ မမြကလေးရဲ့ အဖွဲ့အနွဲ့ဟာ တည့်တည့်ကြီး နှလုံးသားကို ခိုက်စေ တိုက်စေနိုင်မှာပါ ရှင်။

တေးချစ်သူ ပရိတ်သတ်တို့ရေ၊ ဒီအရင် မာအေးလေးငယ်စဉ်က အသံတိတ် ရုပ်ရှင်တွေက တီးဝိုင်းတွေ နဲ့  အခု ညည်းပြတဲ့ သီချင်းပိုဒ်ကလေးကို ပိတ်ကားပေါ်က အရုပ်နဲ့ ကိုက်အောင် လိုက်ဆိုခဲ့ဖူးတာ အခါ ရာထောင်ရှိခဲ့ပေါ့ ရှင်။ ဒီအပိုဒ်ကလေးဟာ အပြစ်မရှိပါဘဲနဲ့ ရာဇဝတ်ဘေး သင့်ကြသူတွေ ပြေးလွှားဒုက္ခ ကသီလင်တ ဖြစ်နေကြချိန်မျိုး အတွက် နောက်ခံ ဇာတ်ပို့ပေးတဲ့ သီချင်းပိုဒ်ကလေး ဖြစ်ခဲ့ပါတယ်။ ဒုက္ခရောက်ရ ပြေးရ လွှားရတာ တူပေမယ့်လို့ ဒုက္ခဖြစ်ရတဲ့ အကြောင်းရင်းခံကတော့ တခုနဲ့ တခု ဘယ်တူပါ့မလဲ ရှင်။ ရေးစပ်ခဲ့တဲ့ တေးသွား အလိုက်ကိုက အကြောင်းအရာ မသိဘဲလဲ ကြားရတဲ့သူဖက်မှာ ဒုက္ခဆိုတဲ့ တသက်သက် စိတ်ကလေး ရင်ထဲကို ငြိမ့်ငြိမ့် နွေးနွေး ဝင်ပြေးသွားစေနိုင်တဲ့ သတ္တိရှိနေတာကို ခံစား သိရှိနိုင်တယ် လို့ပြောချင်တာပါ။ ဟို့အရင်က ဗမာ့အမြင်နဲ့  ဗမာ့ဂီတ ပံ့ပိုးချက်ကို ဗမာရုပ်ရှင်ကြည့် ပရိသတ်က တီးလုံးဂီတ ကြားရတာနဲ့ အရုပ်ကိုပါ မြင်နေအောင် နားလည်ခဲ့တာ အမှန်ပါဘဲ။ အပြစ်မဲ့ လူကောင်းတွေ လှုပ်ရှား ပြေးလွှား ပုန်းအောင်းရတဲ့ နေရာမျိုးဆိုရင် တီးဝိုင်းက အသံ တိုးညုင်း၊ ဝါးတီးချက်ကလေး တောက်တောက် တောက်တောက် ခေါက်ပေးထာတာက - ရင်ထဲမှာ တထိတ်ထိတ် စိုးရိမ်စိတ် ပေါ်လာစေပါတယ်။ မသမာတဲ့ မတရားတဲ့ ဘက်ကများ - နောက်ကပါ လိုက်လာပြီဆိုရင် တီးဝိုင်းထဲက ဒိုးချက် ပြင်းထန် ဟိန်းမောင်းသံ တိုက်တာကိုး ပရိတ်သတ်က တိုးတိုး ကြိတ်ဆဲကြ၊ မေတ္တာ အတုံးလိုက် ပို့ ကြတော့တာပေါ့။

အနောက် နန်းမတော်ဘုရားဟာ ဝါသနာ ကဗျာဂီတ မပျက်ခဲ့သလို၊ ဘာသာ သာသနာ ကုသိုလ်တွေလဲ ဆက်ခဲ့ပါတယ် ရှင်။ အနောက်နန်းမိဘုရားအရာ မရခင်မှာကိုဘဲ ရွှေမြို့တော်ရဲ့ မျက်နှာစာမှာရှိတဲ့ မင်းကိုကျောင်းတိုက် ရှေ့မှာ အုတ်ကျောင်းတကျောင်း ဆောက်ပြီးတော့ မိကျောင်းရဲ ဆရာတော်ကို လှူခဲ့ပါတယ်။ သက္ကရာဇ် (၁၂ဝ၃) ခုနှစ်မှာ မောင်တော် မင်းတရား ဥက္ကလာပမြို့ ကြွသွားတဲ့အခါ၊ သမီးတော် ‘လှိုင်ထိပ်ခေါင်တင်’ နဲ့အတူ လိုက်ပါခွင့်ရတဲ့ အပြင်၊ ရွှေတိဂုံစေတီတော် အနောက်ဖက်ခေါင်းတိုင် ဆောက်လုပ် လှူဒါန်းခွင့်ပြုလို့ ပြာသိုလဆန်း (၁၅)ရက်နေ့မှာ ဘုရင်မင်းမြတ်နဲ့အတူ လှူတယ်။ (၁၂ဝ၄)ခုနှစ် တပို့တွဲလမှာ မြို့တော်ရဲ့ မြောက်ဖက်မျက်နှာစာမှာ တည်ထားတဲ့ ‘စန္ဒာမုနိ ဘုရား’ အတွက် ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေးဆည်းလည်းတွေနဲ့ ငွေသပိတ်တော်တွေ လှူပြန်ပါတယ်။

(၁၂ဝ၅)ခုနှစ် တပို့တွဲလဆန်း (၁ဝ)ရက်နေ့မှာတော့ မောင်တော်ဘုရင်ရဲ့ ကုသိုလ် ‘လောက မဏိစူဠာ စေတီ’ ရဲ့ မဟာရံအတွင်း စေတီဆောက်ခွင့် ပေးတာက ‘ရတနာလောက’ ကဗ္ဗည်းသထားပါတယ်၊ ဟင်္သာတမြို့မှာ မယ်တော်ဘုရားကြီး မိဘမွေးရပ် ရေကင်မြို့မှာ ‘လောကဇေယျ၊ လောကမှန်ကူ၊ လောကဥသျှောင်’ ဘုရားတွေ တည်လှူထားတာ ဘယ်နှစ်ကလဲ- မှတ်တမ်း မရှိပါဘူးရှင်။ နောက် ဘုရားတဆူကတော့ ‘ဆင်ဝန် ဦးမြတ်ဖြူ’ တည်ခဲ့တဲ့ ဘုရားကို အသစ်တည်ဆောက် ရုပ်ထုတွေနဲ့ လက်ရာမြောက်အောင် လှူထားတဲ့ ‘ကုသိန္ဓာရုံ’ဘုရား ဖြစ်ပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းသွား ကားလမ်းပေါ်က နေပြီး ဖူးမြင်နိုင်တဲ့ တက်သေးအင်း အလယ်ကျွန်းက ဘုရားကို ပြောတာပါ။ သြော် - ဟိုအရင်က အိမ်ဦးနဲ့ ကြမ်းပြင်လို ရောက်ခဲ့တဲ့ မာအေးဟာ ဒီဘုရားကို မြင်တိုင်း စိတ်ထဲမှာ မှိုင်းသွားသလိုလို သွားဖူးချင်သလိုလို ဖြစ်ခဲ့ပါတယ်။သခင်မလေးရဲ့ ဘုရားဖြစ်မှန်း ခုမှ နောက်ကြောင်းပြန် စာတွေ ဖတ်မှသိရတော့ လွမ်းလိုက်တာ ရှင်။ မာအေး ပြန်ရောက်ရင်တော့ တောင်သမန်ကို သွားမှာပါ။ ဆရာတော် ဦးပညာကိုမေး တောင်လေးလုံး တောင်သမန်အင်း အနီးအပါးမှာ သခင်မမြကလေး ခြေရာလေးတွေ လိုက်ကောက်ကြည့်ဖို့ တေးထားလိုက်ပါပြီ။ စာထဲက အမရပူရနဲ့ အခု ဘာများ ခြားနားနေပြီလဲပေါ့။ ။

[ မူရင်း - ဘီဘီစီ၊ မြန်မာဌာန ]

Comments