new film on Burmese Armed Forces and Aung San

မြန်မာ့တပ်မတော် နှင့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပန်းချီစိုးမိုး ရိုက်ကူးမည်
မိုးမခအထောက်တော် ဝဝ၅
သြဂုတ် ၉၊ ၂ဝဝ၉

ဒေါ်အောင်ဆန်းစုကြည်၏ ဧည့်ခန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ပုံတူမှာ ပန်းချီစိုးမိုး၏ လက်ရာ ဖြစ်သည် (ဓာတ်ပုံ - katie lau)

ဒါရိုက်တာ ပန်းချီစိုးမိုးက သူရိုက်ကူးရန် စီစဉ်နေသည့် မြန်မာ့တပ်မတော် အကြောင်း ရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြောင်း ငါးပုံသုံးပုံ ပါဝင်မည်ဟု ရန်ကုန်မြို့ထုတ် နံနက်ခင်းဂျာနယ်သို့ ပြောကြားလိုက်သည်။



“တပ်မတော် စတင် ဖွဲ့စည်းတာက စပြီး ဒီနေ့ တပ်မတော်အထိ သမိုင်းဝင် အဖြစ်အပျက် အတော်များများ ပါဝင်ပါမယ်” ဟု ပန်းချီစိုးမိုးက ပြောကြားကြောင်း ဗုဒ္ဓဟူးနေ့ထုတ် နံနက်ခင်းဂျာနယ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်၏ အထင်ရှားဆုံး နိုင်ငံရေးသမားကြီး ဖြစ်ပြီး၊ မြန်မာ့ တပ်မတော်သည်လည်း နိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသည်မှာ နှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဦးစိုးမိုးက “ဒီကားမှာ မူဝါဒ၊ နိုင်ငံရေး မပါပါဘူး” ဟု ဆိုသည်။

“ကျွန်တော်က လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်မှာ မဟုတ်ဘူး။ ပြောရရင် လူကို ရိုက်မှာ မဟုတ်ဘူး။ သမိုင်းကြောင်းကိုပဲ ရိုက်မှာ ဖြစ်ပါတယ်” ဟု ဦးစိုးမိုးက ဆက်လက် ပြောပြသည်။

ကြယ်စင်မော်ကွန်း ဟု အမည်ပေးထားသည့် ဤရုပ်ရှင်ကားကြီးကို ယခုလတွင် စတင်ရိုက်ကူးရန် စီစဉ်ထားပြီး အချိန် ၁ နှစ် ကျော် ကြာမည်ဟု ခန့်မှန်းထားသည်။

“သမိုင်းကြောင်းမှာ ဖြစ်ပွားခဲ့တဲ့ မြို့ရွာ အနှံ့မှာ သွားရိုက်ပါမယ်။ အားလုံး စီစဉ်ပြီးပြီ၊ တိုက်ပွဲဖြစ်တဲ့ နေရာတွေအထိပေါ့” ဟု ပြောသည်။

ဘီအိုင်အေ၊ ဘီဒီအေ စစ်တပ်ခေတ်တွင် သုံးသည့် လက်နက်များကို အာဏာပိုင်တို့ထံမှ ရရှိမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း စစ်သမိုင်းပြတိုက်က အကူအညီပေးသည်ဟု ဆိုသည်။

တပ်မတော်သား စာရေးဆရာ တင်အောင်စိုး(ပန်းမြို့တော်) ရေးသားသည့် ဇာတ်လမ်းကို အကယ်ဒမီ ငြိမ်းမင်းက ဇာတ်ညွှန်းခွဲမည်ဟု ဆိုသည်။

လူမင်း၊ နေတိုး၊ ဝေဠုကျော်၊ ထွန်းထွန်း၊ သူထူးစံ၊ ပန်းဖြူ၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် နှင့် သရုပ်ဆောင်သစ် များစွာ ပါဝင်မည် ဖြစ်သည်။

ပန်းချီစိုးမိုးသည် အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပြီး ဇနီးသည် သရုပ်ဆောင်ဟောင်း အကယ်ဒမီ တင်တင်ညို၊ သမီး ရတနာစိုးမိုး မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်ဟု သိရသည်။

ပန်းချီစိုးမိုး (ဓာတ်ပုံ - ABC News )

Comments