SPDC arrests 15 dissidents on bomb charges

ဗုံးခွဲမည့် နိုင်ငံရေးသမား ၁၅ ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား
Reuters သတင်းဌာန
သြဂုတ် ၇၊ ၂၀၀၉

နိုင်ငံရေးသမားတို့က အင်းစိန်ထောင်ဝန်းကျင်တွင် ဗုံးခွဲရန် စီစဉ်ခဲ့သည်ဟု ပြောသော
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ရီ


ပြီးခဲ့သည့် အပတ်က ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ခရီးစဉ်အတွင်း ဗုံးခွဲမှုများ ပြုလုပ်ရန် စီစဉ်မှုနှင့် ပတ်သက်ပြီး အတိုက်အခံ ၁၅ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာအစိုးရက ယနေ့ ပြောသည်။


ဘန်ကီမွန်း၏ ခရီးစဉ် မတိုင်မီ ၁ ရက်အလိုတွင် အတိုက်အခံ နိုင်ငံရေးသမား ကိုဌေးအောင် ဆိုသူကို ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ရီက ပြောသည်။

“ကျနော်တို့ နိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို မလိုလားတဲ့သူတွေ ရှိနေပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတခုတွင် သူက ပြောလိုက်သည်။

ဖောက်ခွဲရေးသမားဟု သံသယဖြစ်ဖွယ် ပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်ကို ထားရှိသည့် အင်းစိန်ထောင်ဝန်းကျင် နေရာ ၃ ခုတွင် ဗုံးထောင်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။

ဘန်ကီမွန်းသည် ဇူလိုင် ၃ ရက်နေ့ နှင့် ၄ ရက်နေ့တို့တွင် မြန်မာပြည်သို့ သွားရောက် ခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခွင့် တောင်းသော်လည်း အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့ခွင့် မပေးခဲ့ပေ။

ဗုံးထောင်မှု နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးချက်များအရ အတိုက်အခံအဖွဲ့ ပေါင်းစုံမှ အဖွဲ့ဝင် ၁၄ ဦးကို ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရဲချုပ်ခင်ရီက ပြောသည်။ ဖမ်းဆီးမှုအကြောင်းကို ကြေညာရန် ရဲတပ်ဖွဲ့က အဘယ့်ကြောင့် ကြန့်ကြာခဲ့ကြောင်းကို သူက မပြောပြခဲ့ပါ။

ဗုံးပေါက်ကွဲမှုများမှာ မြန်မာပြည်တွင် တခါတရံ ဖြစ်ပွားလေ့ရှိသည်။ ရာစုနှစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် အတိုက်အခံအဖွဲ့များ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဗုံးကွဲမှု တရားခံအဖြစ် အပြစ်ပုံချလေ့ရှိသည်။

ရဲချုပ်ခင်ရီက ဆက်လက် ပြောပြသည်မှာ မစ္စတာ ယက်ထော၏ လျှို့ဝှက်ဝင်ရောက်မှု ၂ ခု ဖြစ်ပွားစဉ် တာဝန်ကျသော ရဲအရာရှိများကို ရာထူးချခြင်း၊ ထောင်ဒဏ်ပေးခြင်းများ ဖြင့် အပြစ်ပေးခဲ့သည် ဟူသော အချက် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချရန် သတ်မှတ်ထားသည့် နေ့မှာ လာမည့် အင်္ဂါနေ့ ဖြစ်သည်။

Comments