unseen victory

မမြင်ရတဲ့ အောင်မြင်မှု
အောင်သာငယ်
သြဂုတ် ၁၂၊ ၂၀၀၉

ကျနော် ပြောချင်တာကတော့ အချက် ၂ ခုထဲပါ။

၁။ နအဖစစ်အုပ်စုဟာ အသိဉာဏ် နုံနဲ့နေတဲ့ လူတစုသာ ဖြစ်တယ်။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ကိုတောင် ရန်ရှာခဲ့ပြီးပါပြီ။ ဒီပဲယင်း အရေးအခင်းက သည်အချက်ကို သက်သေပြခဲ့ပြီးပါပြီ။ ရဲရင့်တဲ့ ပြည်သူလူထုကြောင့် ကံကောင်းထောက်မစွာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးက လွတ်မြောက်ခဲ့တာပါ။ သည်အချက်ကို ကြည့်ရင် နအဖဆိုတာ စဉ်းစား ချင့်ချိန်မှုအသိ ဘယ်လောက်အထိ နုံနဲ့နေတဲ့ လူတစုလည်း ဆိုတာ ကောင်းကောင်း သဘောပေါက်နိုင်ကြမှာပါ။ အဲသည်တော့ လူတယောက်ကို သတ်ဖို့ အထိ ကြိုးစားနေတဲ့ လူတစုဟာ အဲသည် လူတယောက်ကို ထောင်ချဖို့ ဆိုတာကတော့ ဘယ်လိုမှ ၀န်လေးမှာ မဟုတ်တာ အသေအချာပါပဲ။ သည်တော့ အခု ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုထင်ရှားတယ် ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ချတယ် ဆိုတာ ဘာမှ မဟုတ်ပါဘူး။ သည်အတွက် ကမ္ဘာမြေရဲ့ နောက်ဆုံးနေ့လို ၀မ်းနည်း ကြေကွဲနေစရာ မလိုပါ။

၂။ အများ ထင်နေကြသလို နအဖဟာ သူတို့ လုပ်ချင်ရာကို သူတို့ မလုပ်နိုင်ပါ။

န၀တကနေ နအဖ အမည်ပြောင်းခဲ့တဲ့ စစ်အုပ်စုဟာ တလျှောက်လုံး သူတို့လုပ်ချင်ရာ လုပ်လာခဲ့တာပါပဲ။ သူတို့ စိတ်ထဲမှာလည်း အဲသည်လို ယုံကြည်နေခဲ့လို့ကို လုပ်ချင်ရာ လုပ်နေခဲ့တာပါပဲ။ သည်အချက်ကလည်း သာမန်အားဖြင့်တော့ မှန်တယ်လို့ ထင်ရပါတယ်။ သို့သော်လည်း တကယ့် လက်တွေ့မှာ သူတို့မှာလည်း သူတို့ လွန်ဆန်လို့ကို မရတဲ့ အကန့်အသတ်တွေ ရှိပါတယ်။

အာဏာဆိုတာ သေနတ်ပြောင်းဝမှာ ရှိတယ်- ဆိုတဲ့ စကားလို ပြည်သူလူထုကို တလျှောက်လုံး သူတို့ စိတ်တိုင်းကျ သေနတ်နဲ့ ချိန်ပြီး ဖိနှိပ်လာခဲ့သလို၊ သူတို့ စိတ်ထဲမှာလည်း ဗမာတပြည်လုံးဟာ သူတို့ သေနတ်ပြောင်းဝတွေအောက်မှာ ပြားပြား ၀ပ်သွားလိမ့်မယ်လို့ သူတို့ ယုံကြည်နေခဲ့ကြတာပါ။ အဲသည်လို ယုံကြည်တဲ့ အတိုင်းလည်း သေနတ်ဆွဲပြီး သူတို့ လုပ်ချင်ရာကို လုပ်ခဲ့တာပါပဲ။ တကယ်တော့ လက်တွေ့မှာ သူတို့ ယုံကြည်နေသလို မဟုတ်ပါဘူး။

သည်အချက်ကို ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်၊ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးတော်ပုံတွေက ကောင်းကောင်းကြီး သက်သေ ပြခဲ့ပြီးပါပြီ။ အဖိနှိပ်ခံပြည်သူလူထုဟာ သေနတ်ပြောင်းတွေကို မကြောက်ကြောင်း အခွင့်အခါကောင်း ရတဲ့ အခါတိုင်းမှာ သွေးနဲ့ရင်းပြီး သည်အချက်ကို သက်သေ ပြခဲ့ပြီးပါပြီ။

ဒါကြောင့်လည်း နအဖစစ်အုပ်စုရဲ့ တကယ့်စိတ်ထဲမှာ ဘယ်အချိန်မှာ ပြည်သူလူထုက အုံကြွ တော်လှန်မှာလဲ ဆိုတာကို တထိတ်ထိတ် တလန့်လန့်နဲ့ ခြောက်ခြား နေရရှာတာပါ။ သံဆူးကြိုးတွေ၊ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ၊ လုံထိန်းတွေ၊ စစ်သားတွေနဲ့ပဲ နေရာတကာ စစ်အင်္ဂါလေးပါး ပြပြပြီး ပြည်သူလူထုကို ကြောက်သွားမလား အထင်နဲ့ ဖြဲခြောက်ပြနေရရှာတာပါ။ သူတို့ရဲ့ တကယ့် သွေးကြောတွေထဲမှာတော့ ကြောက်သွေးတွေပဲ လှည့်ပတ် စီးဆင်းနေတာပါ။ ဒါကြောင့်လည်း အားအားရှိ သေနတ်တကိုင်ကိုင် ဖြစ်နေရတာပါပဲ။

သည်အချက်က နအဖ စစ်အုပ်စုဟာ သူတို့ လုပ်ချင်ရာ လုပ်လို့ကို မရဘူး၊ သူတို့မှာလည်း အကန့်အသတ်တွေ ရှိနေတယ် ဆိုတာကို သက်သေ ပြနေတာပါပဲ၊

အခုတော့ နအဖက သူတို့ လုပ်ချင်ရာ လုပ်နေပြီ၊ တို့မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး..... အဲသည်လို ၀မ်းနည်းအားငယ်နေကြတဲ့ ညီအကို မောင်နှမတွေကို ကျနော် တခု ပြောချင်ပါတယ်။ သေချာ စဉ်းစားကြည့်ကြပါ။

၁။ သူတို့ဘာသာ စိတ်ကြိုက် ပြဌာန်းထားတဲ့ ဥပဒေအရကိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၅ နှစ် အထိ ချနိုင်တယ် ဆိုပေမယ့် ၃ နှစ်ပဲ ချရဲခဲ့တာ၊

၂။ ၃ နှစ်ပဲ ချသည့်တိုင်အောင် ပြစ်ဒဏ်ကို တ၀က် လျှော့ပေါ့တယ်ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ၊

၃။ အဲသည် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ် ဆိုပြီး အင်းစိန်မှာ မထားဘဲ (တကယ့် ထောင်ထဲမှာ မထားဘဲ) (ပြစ်ဒဏ် ဆိုင်းငံ့ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် (၅၄/၅၆) နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုပြီး အကျယ်ချုပ်ကို ပြောင်းလိုက်တာ၊

၎။ ဒါတောင် ကောင်းမွန်စွာ နေထိုင်ပါက ဆိုင်းငံ့ထားသော ပြစ်ဒဏ်အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည် ဆိုပြီး စကားခံထားတာ၊

၅။ ပြီးတော့ ဒေါ်ခင်ခင်ဝင်း နဲ့ ဒေါ်ဝင်းမမတို့ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေထိုင်ခွင့် ပြုလိုက်သည် ဆိုတာ၊

သည်အချက် ၅ ချက်ဟာ -
နအဖက အသံကောင်း ဟစ်နေတဲ့ (ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်ခြင်းကြောင့် လည်းကောင်း) ဆိုတဲ့ စကားနဲ့ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အနေဖြင့် မိမိ၏ လုပ်ပိုင်ခွင့် အာဏာအတွင်းမှ သူမကို စာနာထောက်ထား ညှာတာမှု ပြု) လိုက်ခြင်း မဟုတ်တာကတော့ အသေအချာပါပဲ။

အဲသည်အချက် ၅ ချက်ဟာ တကယ်တော့ -
ငါတို့ လုပ်ချင်သလို လုပ်လို့ ရတယ်လို့ ယုံကြည်နေတဲ့ နအဖစစ်အုပ်စုက အသိဉာဏ်နုံနဲ့စွာနဲ့ တိုက်ခဲ့တဲ့ စစ်ပွဲတခုမှာ လက်တွေ့ သူတို့ ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲတခုကို ကိုယ်စားပြုနေတဲ့ အချက်တွေပါ။

ဘာကြောင့်လဲ?

၁။ ဒေါ်အောင်ဆန်းစုကြည်ကို အသက်တောင် ရန်ရှာရဲခဲ့တဲ့ စစ်အုပ်စုက ခုတော့ ထောင်ဒဏ် ၅ နှစ်တောင် မချရဲဘူး မဟုတ်လား။

၂။ သူတို့လုပ်ချင်သလို လုပ်နေတဲ့ သူတို့ရဲ့ တရားရုံးတွေမှာ ထောင်ဒဏ် ၃ နှစ် ဆိုပြီး စာရွက်ထဲမှာ အမိန့် ချခဲ့သည့်တိုင် လက်တွေ့မှာ လျှော့ပေါ့ပြစ်ဒဏ် ဆိုပြီး တနှစ်ခွဲပဲ သတ်မှတ်တာ သူတို့ ၃ နှစ် မချရဲလို့ မဟုတ်လား။

၃။ အမိန့်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လို့ ပါပေမယ့် တနှစ်ခွဲကိုတောင် ဆိုင်းငံ့ပြစ်ဒဏ် ဆိုပြီး နေအိမ် အကျယ်ချုပ်ပဲ ထားရဲတာ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲမှာ မထည့်ရဲလို့ မဟုတ်လား။

၎။ ဒါတောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်လို့ စကားခံထားတာကိုက အကျယ်ချုပ်ကိုတောင် ပြောင်းလွယ် ပြင်လွယ်ဖြစ်အောင် မရဲတရဲ လုပ်ထားတာ မဟုတ်လား။

၅။ နောက်တချက်ဖြစ်တဲ့ (ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမအား ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သော ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄/၅၆ နေအိမ်၌ ပူးတွဲပါ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်ခွင့် ပြုလိုက်သည်။) ဆိုတာကလည်း သည် အမျိုးသမီး ၂ ယောက်ကို ထောင်ထဲ မပို့ရဲလို့ မဟုတ်လား။

သည် အချက် ၅ ချက်ကို စဉ်းစားကြည့်ပါ။

ဒါဟာ တကယ်တော့ ကျနော်တို့ မမြင်ရတဲ့ အောင်ပွဲ ၅ ခုကို ကျနော်တို့ ရလိုက်တာပါ။

နအဖအတွက်တော့ သူတို့ကိုယ်တိုင် သိနေပေမယ့် ကျန်တဲ့ လူတွေ အများစုက မမြင်ရတဲ့ နအဖစစ်အုပ်စုရဲ့ ရှုံးနိမ့်မှု ၅ခုပါ။

-------------------------------------------------

စိတ်ဓာတ် မကျကြနဲ့။
ကျနော်တို့ ကိုယ်တိုင်က အရှုံးမပေးသေးသရွေ့ ကျနော်တို့ ဘယ်တော့မှ မရှုံးဘူး။ နအဖ စစ်အုပ်စုဟာ အနိုင်ရနေတာ မဟုတ်ဘူး။ အရှုံးနဲ့ ရင်ဆိုင်နေရတာ။ တကယ်တော့ ကျနော်တို့ဟာ တိုက်ပွဲကို ဆက်တိုက်နေကြဆဲပါပဲ။ အောင်ပွဲရောက်သည်အထိ ဆက်တိုက်ကြ။

[မူရင်း - http://aungthange.blogspot.com/2009/08/blog-post_11.html ]

Comments