When DASSK was sentenced 18 months to house arrest ...

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈လ အမိန့်ချချိန် မြင်ကွင်း

မိုးမခအထောက်တော်၊ ရန်ကုန်

သြဂုတ် ၁၁၊ ၂၀၀၉

နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်ဖို့ ပထမအကြိမ်ချိန်းဆိုထားရာက ရွှေ့ဆိုင်းခဲ့ပြီး ဒုတိယမြောက် ချိန်းဆိုတဲ့ယနေ့မှာတော့ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ အင်းစိန်ထောင်မှာ ပြုလုပ်တဲ့ တရားရုံးမှာ ယနေ့ပြုလုပ်တဲ့ တရားရုံးမှ ယခုလို စီရင်ချက်ချမှတ်ခဲ့တာ ဖြစ်ပြီး ပြင်ပမှာ စောင့်ဆိုင်းနေတဲ့ အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများမှာ ၁၂နာရီခွဲဝန်းကျင်မှ ထိုသတင်းကို ကြားသိရပြီး ၁နာရီမထိုးမီမှာ အင်းစိန်ထောင်ရှေ့မှ ပြန်လည် ထွက်ခွါလာကြတာကိုတွေ့ရပါတယ်။
ယနေ့နံနက် စောစောပိုင်းကတည်းက အင်းစိန် ပန်းခြံတ၀ိုက်နဲ့ ထောင်ရှေ့လမ်းမ တလျှောက် ယူနီဖောင်းဝတ်ရဲများ၊ အရပ်ဝတ် ရဲနှင့် ထောက်လှမ်းရေးများ၊ စွမ်းအားရှင်များ အင်အားရာဂဏန်းနှင့်ချီပြီး လှုပ်ရှားနေရာယူ ထားသည်ကို တွေ့မြင်ခဲ့ရပါတယ်။ အင်းစိန် ပန်းခြံဘေးမှာ ဒိုင်းများ၊ လက်နက်များ အပြည့်အစုံတပ်ဆင်ထားတဲ့ လုံထိန်းကား ၅စီး ၆စီး အဆင်သင့်အနေအထား ဖြင့်ရပ်ထားကာ အင်းစိန်ခုံးတံတား အတက်၊ လမ်းဆုံတ၀ိုက်မှ လက်ဘက်ရည်ဆိုင်များ၊ လမ်းဘေးအများသုံးဖုန်း နေရာများတွင်ပါ ယူနီဖောင်းဝတ်၊ အရပ်ဝတ် ရဲအများအပြား နေရာယူထားလျက် ရှိသည်ကို တွေ့ရပါတယ်။

ယခင် ဇူလိုင် ၃၁ရက်နေ့က အန်အယ်လ်ဒီပါတီဝင်များ စုရုံးခဲ့သည့် ပန်းခြံရှေ့ နေရာတွင် လမ်းနှစ်ဘက်နှစ်ချက် ဆူးကြိုးအတားအဆီးများ ချထားကာ မည်သူမျှ ရပ်နားခွင့်မရှိတာကိုလည်း တွေ့ရပါတယ်။ နံနက် ၁၁နာရီ ၀န်းကျင်အထိ အင်းစိန် ခုံးတံတားကို လမ်းလျှောက် ကျော်ဖြတ်ကာ ဖြတ်သန်းခွင့်ရှိခဲ့ပေမယ့်လည်း ၁၁နာရီနောက်ပိုင်းမှာ ၀င်ခွင့်ပိတ်ထားခဲ့တာကို တွေ့ရပါတယ်။

အင်းစိန်ဈေး ရှေ့ ရွှေထိပ်တန်း အပေါင်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ရှေ့မှာ အန်အယ်လ်ဒီ ပါတီဝင်များ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများ အင်အား ၂၀၀ ကျော် ရှိပြီး လမ်းဘေး မှာစုရုံးလျက်လည်းကောင်း လက်ဘက်ရည်ဆိုင် များထဲမှာ လည်းကောင်း အမိန့်ချမှတ်မယ့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြတာကို တွေ့မြင်ရပါတယ်။

အဆိုပါ လူအုပ်နဲ့ မျက်နှာချင်းဆိုင် အင်းစိန်ဈေး အောက်ထပ်၊ အပေါ်ထပ်မှာတော့ အရပ်ဝတ်ရဲနဲ့ ထောက်လှမ်းရေး အင်အား ၆၀၊ ၇၀ ခန့်က ကင်မရာများ၊ ဗီဒီယို ကင်မရာများနဲ့ လူအုပ်ကိုမှတ်တမ်းတင် ဓါတ်ပုံရိုက်ယူနေခဲ့ကြပါတယ်။ ၁၂နာရီခွဲ ကျော်ကျော်မှာ အင်တာနက် သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃နှစ် ချမှတ်ကြောင်း ကြားသိရပြီး ထိုနောက်မှာတော့ ရင်ဘတ်တွင် အ၀ါရောင် ဖဲကြိုး တပ်ဆင်ထားသည့် အန်အယ်လ်ဒီ အဖွဲ့ဝင်များ အင်းစိန်ခုံးကျော်တံတား အတိုင်း ပြန်သွားခဲ့ကြပါတယ်။

ရန်ကုန်မြို့မှ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်သူ အမျိုးသမီးတဦးက အခုလို အမိန့်ချတာနဲ့ ပတ်သက်ပြီး “ သူတို့က ရွေးကောက်ပွဲ ပြီးတဲ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မထွက်လာအောင် လုပ်ထားလိုက်တာပဲ၊ တရားလားမတရားလား ဆိုတာကတော့ အားလုံးသိနေကြတယ်၊ ဒါပေမယ့် မနိုင်လို့ ကြောက်လို့သာ မထုတ်ပြောတာရှိရင်ရှိမယ်” လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ တက္ကသိုလ်ရိပ်သာလမ်းကိုတော့ ပြန်လည် ပိတ်ဆို့ထားလိုက်ပြီး ဘယ်ကားမှ ၀င်ခွင့်မပြုတော့ဘူးလို့ အဆိုပါလမ်းဘက်က ပြန်လာသူတဦးကပြောပါတယ်။

ရန်ကုန်မြို့ခံ အများစုကတော့ ယနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို အမိန့်ချမှတ်မလဲ ဆိုတာ နားစွင့်ရင်း သွားလာလှုပ်ရှားနေခဲ့တာကို တွေ့မြင်ရပါတယ်။ မွန်းလွဲ ၁နာရီ ၀န်းကျင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃နှစ်ချမှတ်ပြီး ဆိုင်းငံ့ထောင်ဒဏ် အဖြစ်ပြောင်းလဲကာ နေအိမ်အကျယ်ချုပ် ၁နှစ်ခွဲ ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ ဆက်သွယ်ရေး ဂြိုဟ်တုမှ လွင့်ထုတ်တဲ့ နိုင်ငံခြားသတင်းများကို ဖွင့်ကြည့် နေခဲ့ကြပါတယ်။

ဒီနောက်မှာ အမ်အာရ် တီဗီဖိုး (MRTV 4) ကနေ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမှတ်တာနဲ့ ပတ်သက်လို့ ကြေငြာချက် ထုတ်လွှင့်နေတယ် ဆိုတဲ့ သတင်များထွက်ပေါ်လာ ခဲ့ပြီး အမ်အာရ် တီဗီဖိုး ကိုဖွင့်ကြည့် ကြတယ်လို့ ရန်ကုန်မြို့ခံများက ဆိုပါတယ်။

အမ်အာရ်တီဗီဖိုး ကထုတ်လွှင့်တဲ့ မြန်မာ့အသံ သတင်းကြေငြသူရဲ့ အထူးသတင်း (Breaking News) ကြေငြာချက်မှာ “တရားခံ ဒေါ်အောင်ဆန်းစုကြည် (ဘ) ဦးအောင်ဆန်း ကို အပြစ် ရှိကြောင်း တွေ့ရှိရသည့်အတွက် ၁၉၇၅ခုနှစ် နိုင်ငံတော် လုံခြုံရေးကို ကာကွယ်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒဏ် ၃ နှစ်ကျခံစေရမည်” လို့ပါရှိပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖေါ်နေထိုင်သည့် ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမ တို့ကိုလည်း အဆိုပါ ပုဒ်မ (၂၂) /၁၀၉ အရ ထောင်ဒဏ် ၃နှစ်စီ ချမှတ်တယ်လို့ ပါရှိပါတယ်။

သို့သော်လည်း အဆိုပါ စီရင်ချက် နောက်မှာ နအဖ ဥက္ကဌက ပြည်ထဲရေး ၀န်ကြီးဌါနကို ပေးပို့တဲ့ ကြေငြာချက်ကို ထပ်မံကြေငြာပါတယ်။ အဆိုပါ ကြေငြာချက်မှာ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက အပြစ်ဒဏ် ချမှတ်ခဲ့ပါက မည်သို့ပင် ပြစ်ဒဏ်ချမှတ်ထားစေကာမူ ပြစ်ဒဏ်၏ ထက်ဝက်ကို သာချခံစေရန် လျော့ပေါ့လိုက်သည်။ ထိုလျော့ပေါ့ ပြောင်းလဲလိုက်သော ပြစ်ဒဏ်ကာလ အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ကောင်းမွန်စွာနေထိုင်ပါက ကျန်ပြစ်ဒဏ် ထက်ဝက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်ဆိုသည့် အသုံးအနှုန်းပါသည့် ကြေငြာချက်ကို ထုတ်ပြန်ကြေငြာနေပါတယ်။

ထိုလျော့ပေါ့သက်သာခွင့် အမိန့်စာကို သြဂုတ်လ ၁၀ ရက်နေ့ နေ့စွဲဖြင့် ပြည်ထဲရေး ၀န်ကြီးဌါနသို့ ပေးပို့ခဲ့ခြင်း ဖြစ်တယ်လို့လဲ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖခင်သည် လွပ်လပ်ရေး ကိုအရယူပေးခဲ့သည့် မြန်မာနိုင်ငံ ခေါင်းဆောင်ဖြစ်ခြင်းကြောင့်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ အနှောင့်အယှက်မဖြစ်စေချင်တဲ့ အကြောင်းကြောင့် လို့လည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။

အဆိုပါ နအဖ ဥက္ကဌရဲ့ လျော့ပေါ့ လွတ်ငြိမ်းခွင့်ထဲမှာ နေအိမ်အကျယ်ချုပ်နဲ့ ပြန်ထားခွင့်ပြုခြင်းနဲ့ ဒေါ်ခင်ခင်ဝင်း သားအမိနှစ်ဦးကိုပါ ပြစ်ဒဏ် ထက်ဝက်လျော့ပေါ့တာ၊ နေအိမ်မှာ အတူပြန်နေခွင့်ပြုတာ လည်းပါရှိပါတယ်။

ယနေ့ ရန်ကုန်မြို့ရဲ့ ရာသီဥတုကတော့ မိုးဖွဲဖွဲရွာလိုက် မိုးအုံ့လိုက်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အမိန့်ချမှတ်လိုက်ခြင်း ကြောင့် ဆူပူမှု၊ ဆန္ဒပြမှုတွေ ဖြစ်ပွားတာမျိုးတော့ မကြားသိရပါဘူး။

Comments