Zaw One passes away


မင်းသားကြီး ဇော်ဝမ်း ကွယ်လွန်
ဓာတ်ပုံသတင်း
သြဂုတ် ၁၃၊ ၂ဝဝ၉


သင်္ကြန်မင်းသား၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ဇော်ဝမ်း (အသက် ၆၄ နှစ်)သည် ယမန်နေ့ ည ၉ နာရီခန့်က အင်းစိန်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးခန်းတခုတွင် ကွယ်လွန်သွားသည်။
ဇော်ဝမ်းသည် ပြီးခဲ့သည့်လ ၂ဝ ရက်နေ့က အသက် ၆၄ နှစ် ပြည့်ခဲ့သူ ဖြစ်သည်။ အမည်ရင်းမှာ မောင်တာ ဖြစ်သောကြောင့် ရင်းနှီးသူများက ကိုတာ၊ ကိုတာကြီး ဟု ခေါ်ကြသည်။ မန္တလေးဇာတိ အနုပညာရှင် ဇော်ဝမ်း၏ မိဘများမှာ တိုင်းချစ် သခင်သိန်းဖေ၊ ဒေါ်မြမြတို့ ဖြစ်သည်။

မန္တလေးမြို့ တိုင်းချစ်ကျောင်းတွင် ၁ဝ တန်းအထိ ပညာသင်ယူခဲ့သည်။ ကျောင်းကပွဲများ၊ ဂီတ ဖျော်ဖြေပွဲများတွင် ပါဝင်ခဲ့သည်။ မိုးကေသီ အပျော်တမ်းတူရိယာအဖွဲ့  တည်ထောင်သူ ဦးဘိုခင် ထံတွင် အဆို၊ အတီး ပညာများ လေ့လာလိုက်စားခဲ့သည်။ ထိုတီးဝိုင်း၏ ပင်တိုင်အဆိုတော်အဖြစ် နာမည် ရခဲ့သည်။

အိမ်ထောင်ကျပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ရှုမဝဦးကျော်ထံတွင် သရုပ်ဆောင်ပညာ သင်ယူလေ့လာခဲ့သည်။ “စေလိုရာစေ” ဇာတ်ကားမှာ ဇော်ဝမ်း ပထမဆုံး ပါဝင်ခဲ့သည့် ရုပ်ရှင်ဖြစ်သည်။
၁၉၈၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ ဒါရိုက်တာ မောင်တင်ဦး စီစဉ်သည့် နာမည်ကျော် သင်္ကြန်မိုး ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်စိန်စိန်ဖြစ်ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့သည်။

[ ကိုးကားချက် - နေထွတ် ပြုစုသည့် မန္တလေးအဘိဓာန်၊ စာ ၁ဝ၅ ]

(photo: people magazine)

Comments