ရွေးကောက်ပွဲဝင်မည့် ကိုအေးလွင်တို့၏ ဆိုင်းဘုတ် ပေါင်းတည်တွင် ပြန်ဖြုတ်သိမ်းရ
မိုးမခအထောက်တော် ၀၀၃
စက်တင်ဘာ ၁၉၊ ၂၀၀၉
မိုးမခအထောက်တော် ၀၀၃
စက်တင်ဘာ ၁၉၊ ၂၀၀၉
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် သဖန်းကုန်းရွာတွင် တင်ထားသည့် စစ်အစိုးရနှင့် နီးစပ်သူတို့၏ နိုင်ငံရေးအဖွဲ့ ဆိုင်းဘုတ်ကို ယခုရက်ပိုင်းအတွင်း ဖြုတ်ချလိုက်ရသည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသူများကြားတွင် ထင်ရှားသည့် ကိုအေးလွင် ဆိုသူ ဦးဆောင်သည့် အဖွဲ့၏ ဆိုင်းဘုတ်ဖြစ်သည်။
သဖန်းကုန်းတွင် ကိုအေးလွင်အား လက်ခံခဲ့သူများမှာ သူ၏ နိုင်ငံရေး အယူအဆကို နှစ်သက်ခြင်းကြောင့်မဟုတ်ဘဲ ငွေကြေး သုံးဖြုန်းနိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။
ဒေသခံ တချို့၏ ငွေရေး ကြေးရေး အခက်အခဲများကို ကိုအေးလွင်က ရှင်းပေးပြီး ကူညီခဲ့သည်ဟု သိရသည်။
"တောဘက်တွေမှာပဲ သူတို့လှုပ်ရှားရတယ်၊ ပေါင်းတည်မြို့ပေါ်မှာ ဆိုင်းဘုတ်တင်ဖို့ အိမ်ငှားလို့ မရဘူး" ဟု ဒေသခံ တဦးက မိုးမခကို ပြောသည်။
ရုံးခန်းဖွင့်၊ ဆိုင်းဘုတ်တင်ရန်အတွက် ရန်ကုန်ပြည်လမ်းမပေါ်ရှိ အိမ်တအိမ်ကို တလလျှင် ကျပ်ငွေ ခြောက်သောင်း ပေးမည်ဟု ကမ်းလှမ်းသော်လည်း အိမ်ရှင်က လက်ခံခြင်းမရှိဟု သိရသည်။
ပေါင်းတည်မြို့ပေါ်တွင် အိမ်ငှားခမှာ တလလျှင် ကျပ် တသောင်းမှ နှစ်သောင်းအထိသာ ပေးရသည်ဟု ဆိုသည်။
ကိုအေးလွင်သည် ပေါင်းတည်နှင့် ကပ်လျက် တည်ရှိသည့် အင်းမ ဇာတိ ဖြစ်သည်။ သူ၏ ဒေသတွင်ပင် ဆိုင်းဘုတ်တင်နိုင်မည့် အခြေအနေ မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။ ထိုဒေသတွင် စစ်တပ် တပ်စွဲထားသဖြင့် ဆိုင်းဘုတ်တင်၍မရခြင်း ဖြစ်မည်ဟု သုံးသပ်သူများလည်း ရှိသည်။
ကိုအေးလွင်သည် ဒေသခံ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်။ လာမည့်နှစ် ရွေးကောက်ပွဲအတွက် နယ်လှည့် စည်းရုံးဟောပြောရာတွင် ပူးတွဲ လုပ်ကိုင်လေ့ရှိသည်ဟု သိရသည်။

Comments