A cameraman receives "Amnesty" when his prison period is about to be finished

ထောင် ၂၁ နှစ်ကျသည့် ဗီဒီယိုရိုက်သူ
လွတ်ရက်စေ့ချိန်တွင် “လွတ်ငြိမ်းသက်သာခွင့်” ရ

မိုးမခအထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၈၊ ၂၀၀၉
ထောင်သက် ၂၁ နှစ် ရှိပြီး လွတ်ရက်စေ့ချိန်တွင် အစိုးရ၏ "လွတ်ငြိမ်းသက်သာခွင့်" ဖြင့် ထောင်အပြင်သို့ ရောက်လာသူ ဦးဝင်းမြင့်။ သူ၏ ဗီဒီယို ရိုက်ချက်များကို အစိုးရက ၀ါဒဖြန့်ချိရေးအဖြစ် အသုံးပြုခဲ့ဖူးသည်။ (ဓာတ်ပုံ-မိုးမခ)

မြန်မာအစိုးရက ထောင် ၂၁ နှစ် ကျနေသည့် ဗီဒီယိုမှတ်တမ်းသမား တစ်ဦးကို ထောင်သက် ၂၁ နှစ်ပြည့်ရန် တလအလိုတွင် “လွတ်ငြိမ်းသက်သာခွင့်” ပေးလိုက်သည်။

ယနေ့ လွတ်မြောက်လာသူ ဦးဝင်းမြင့်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှု ကာလအတွင်း ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်တ၀ိုက်မှ အဖြစ်အပျက်များကို ဗီဒီယို မှတ်တမ်း ရိုက်ကူးခဲ့သူ ဖြစ်သည်။

အကျဉ်းထောင်ထဲတွင် ၂၁နှစ် နီးပါးနေထိုင်ခဲ့ရသည်ဟု ဦးဝင်းမြင့်က မိုးမခကို ပြောပြသည်။ နိုင်ငံရေး အကျဉ်းသားများမှာ လူသတ်မှု၊ ခိုးမှုများ ကျူးလွန်သူများကဲ့သို့ မဟုတ်ဘဲ လျှော့ရက်များ မရဘဲ နှစ်ပြည့်သည်အထိ နေကြရသည်။

အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ၁၉၉၅ ခုနှစ် နောက်ပိုင်းမှစပြီး လျှော့ရက်များပေးခြင်း မရှိခဲ့ဟု ဆိုသည်။

“၀မ်းသာတာတို့ ဘာတို့ သိပ်ပြီး မခံစားရဘူးပေါ့ဗျာ၊ လွတ်ရက်စေ့ဖို့ တလပဲလို တော့တာ၊ ၁၉-၁၀-၈၉ ကနေ အနှစ် ၂၀ ဆိုတော့ ၁၉-၁၀-၂၀၀၉ မှာ စေ့မှာပေါ့။ ထောက်လှမ်းရေးမှာ အချုပ်နဲ့ တနှစ်ကျော် ထပ်ပေါင်းလိုက်ရင် ၂၁နှစ် နီးပါး နေခဲ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

သူရိုက်ကူးခဲ့သည့် အဖြစ်အပျက် သတင်း မှတ်တမ်းများကို စစ်အစိုးရက ၀ါဒ ဖြန့်ချိရေး ဆောင်ရွက်ရာတွင် အသုံးချခဲ့သည်။ ထို့နောက် သူ၏ ရိုက်ချက်များကို လှိုင်းကြီးလေထန် ဖြစ်ရပ်မှန် ဆိုသည့် အမည်ဖြင့် စစ်အစိုးရ ရုပ်မြင်သံကြားက အကြိမ်ကြိမ်ထုတ်လွှင့်ခဲ့သည်။ “၁၉၈၈ လူထု လှုပ်ရှားမှု” ဟူသည်မှာ စည်းကမ်းမရှိသော၊ မင်းမဲ့စရိုက်ဆန်သော၊ ရိုင်းစိုင်းသော လှုပ်ရှားမှုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်က မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ယူလိုက်ရကြောင်း လှိုင်းကြီးလေထန်တွင် ဖော်ပြထားသည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ရာ ဦးဝင်းမြင့်သည်လည်း ထောင်သောင်းချီသော ဆန္ဒပြသူများကဲ့သို့ပင် နယ်စပ်ဒေသသို့ တိမ်းရှောင်သွားခဲ့သည်ဟု သိရသည်။

၎လခန့်အကြာ မြန်မာပြည်တွင်းသို့ ပြန်ဝင်လာစဉ် ဖမ်းဆီး ထိန်းသိမ်းခံရသည်။ စစ်ထောက်လှမ်းရေး၏ ငရဲခန်းစစ်ကြောရေးတွင် တစ်နှစ်ကျော်ကြာ ချုပ်နှောင်ခံရပြီးနောက် ဦးဝင်းမြင့်သည် စစ်ခုံရုံးသို့ ရောက်ရှိသွားသည်။

စစ်ခုံရုံးမှ ဗိုလ်မှူးကြီးများက ဗီဒီယိုမှတ်တမ်းသမား ဦးဝင်းမြင့်ကို သေဒဏ် ချခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် သူ ချမှတ်ခံထားရသည့် သေဒဏ် အမိန့်မှာ ထောင်ဒဏ် တသက်တကျွန်းသို့ ပြောင်းလဲသွားသည်။

ထောင်ဒဏ် တသက်တကျွန်းဟူသည်မှာ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်သည်။

Comments

အနှစ် နှစ်ဆယ်ကျော်နေခဲ့တဲ့ သူ့အတွက် တခုခု အားပေးသဖြင့် စီစဉ်ပေးသင့်တယ်လို့ တွေးမိပါတယ်။